NUG ရဲ့ ချောက်ချမှုကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသား ၂၆ဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား 
Share:FacebookX

NUG ရဲ့ ချောက်ချမှုကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသား ၂၆ဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား 

၂၀၂၆၊ ဇွန် ၂၅ ရက်

(Fact Check ၊ LGE/The Akyab Post/The Red Flag/MFCN)

မလေးရှားနိုင်ငံမှာ တော်လှန်ရေးအတွက် အလှူငွေ မထည့်လို့ဆိုပြီး NUG က ချောက်ချခဲ့တာကြောင့် မြန်မာနိုင်ငံသား ၂၆ဦး အဖမ်းခံလိုက်ရတယ်ဆိုတဲ့ အကြောင်းအရာကို စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ “မှိုင်းဝေ”ကနေ ဖြန့်ဝေထားပါတယ်။ 

ဖြန့်ဝေထားတဲ့အကြောင်းအရာထဲမှာ “မလေးရှားနိုင်ငံမှာ တော်လှန်ရေး အလှူငွေ မထည့်သည့် မြန်မာနိုင်ငံသား ၂၆ ဦးကို တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရစေရန် အကြမ်းဖက် NUG အဖွဲ့က ချောက်ချသည့်အတွက် ဖမ်းဆီးခံလိုက်ရ// မရှိလို့ လုပ်စားပါတယ်ဆိုမှ သူတောင်းစားက ပိုက်ဆံမထည့်လို့ဆိုပြီး တိုင်တာခံလိုက်ရပြီ..” (မူရင်းအရေးအသား) လို့ ရေးသားဖော်ပြထားပါတယ်။ 

ဖြန့်ဝေထားတဲ့ အကြောင်းအရာ – http://archive.today/FeIEb

ဖြန့်ချီထားတဲ့ အကြောင်းအရာကို ​ဝင်ရောက်ဖတ်ရှုသူ ၁၈၁၀၀ ကျော်ထိရှိပြီး reaction ပေးသူ ၄၃၃ ဦး ထိရှိပြီးကာ ဆက်လက်ပြီးတော့လည်း ပျံ့နှံံ့လျက်ရှိပါတယ်။ 

အဲဒီအကြောင်းအရာကို ဇွန်လ ၂၂ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေမှုကို Reaction ပေးသူ ၄၃၂ ဦးရှိကာ မှိုင်းဝေချန်နယ်ကို Subscribe လုပ်ထားသူမှာ ၁၅၉,၄၂၇ ဦးရှိတာကို တွေ့ရပါတယ်။ 

 

စိစစ်ချက် 

အဲဒီအကြောင်းအရာကို လဂွန်းအိမ်နဲ့ The Akyab Post တို့ကနေ ပူးပေါင်း စစ်ဆေးကြည့်ရာမှာ အဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးဟာ တရားဝင်ပတ်စ်ပို့နဲ့ သက်သေခံအထောက်အထား တစ်စုံတစ်ရာ မရှိကြဘဲ ဗီဇာသက်တမ်းကျော်လွန် နေထိုင်တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ကြောင်း စိစစ်တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့၊ ညသန်းခေါင်အချိန်မှာ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူရှိ ပူဒူးစျေး (Pasar Pudu) ဝန်းကျင်က အဆောက်အအုံတွေကို မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ စည်ပင်နဲ့မှတ်ပုံတင် အရာရှိတွေပါတဲ့ ၁၃၇ ဦး အဖွဲ့ကနေ ဝင်ရောက်စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲဒီလို ဝင်ရောက်စစ်ဆေးစဉ်မှာ မြန်မာအလုပ်သမား ၂၆ ဦးအပါအဝင် နိုင်ငံခြားအလုပ်သမား ၁၈၆ ဦးကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်းကို လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ Migrant Times ကနေ သတင်းတင်ဆက်ထားပါတယ်။ 

Migrant Times ရဲ့ သတင်း Link – https://www.facebook.com/share/p/1F7VkCb3cP/

ဒါ့အပြင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲ့ Facebook Page ဖြစ်တဲ့ “Jabatan Imigresen Malaysia WP Kuala Lumpur” ကနေလည်း  အဆိုပါ ဖြစ်စဉ်မှာ ဖမ်းဆီးရသူတွေဟာ ဘင်္ဂလားဒေ့ရှ်မှ ၁၁၈ ဦး၊ အင်ဒိုနီးရှားမှ ၂၈ ဦး၊ မြန်မာမှ ၂၆ ဦး၊ ဗီယက်နမ်မှ ၅ ဦး၊ နီပေါမှ ၄ ဦး၊ အိန္ဒိယမှ ၂ ဦး၊ ပါကစ္စတန်မှ ၁ ဦးနဲ့ တရုတ်မှ ၂ ဦးဖြစ်ကာ စုစုပေါင်း ၁၈၆ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်ဖို့ တရားဝင်ပက်စပို့ ဒါမှမဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားစာရွက်စာတမ်းမရှိခြင်းနဲ့ ခွင့်ပြုရက် သက်တမ်းကုန်ဆုံးသည်အထိ ရက်လွန်နေထိုင်ခြင်းတို့ဖြင့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိတာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

Jabatan Imigresen Malaysia WP Kuala Lumpur ရဲ့ သတင်း Link – https://www.facebook.com/share/p/18duugXh6U/

သုံးသပ်ချက် 

အထက်ပါ အကြောင်းအရာတွေနဲ့ စိစစ်လိုက်မယ်ဆိုရင်  “မှိုင်းဝေ” ချန်နယ်ကနေ ဖြန့်ဝေနေတဲ့ တော်လှန်ရေးအတွက် အလှူငွေ မထည့်လို့ဆိုပြီး NUG က ခြောက်ချခဲ့တာကြောင့် မြန်မာနိုင်ငံသား ၂၆ဦး အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းဟာ လုပ်ကြံဖန်တီးဖြန့်ဝေထားတယ်ဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။ 

ဖမ်းဆီးမှုဟာ မလေးရှားအာဏာပိုင် အဖွဲ့အစည်းပေါင်းစုံကနေ တရားမဝင်လုပ်သား နှိမ်နင်းရေးအတွက်  ပူးပေါင်းစစ်ဆင်ရေး တစ်ခုသာ ဖြစ်ဖြစ်ပါတယ်။ 

ဒါကြောင့် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်ရဲ့ ရေးသား ဖြန့်ဝေမှုဟာ လုပ်ကြံဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာကို သုံးသပ်ရပါတယ်။ 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Website link – https://myanmarfactcheckingnetwork.org 

Facebook link – https://www.facebook.com/share/1Cy232FQNo/ 

#MFCN #LGE #The_Akyab_Post #FactCheck #Myanmar_Military #Fakenew #Migrant #Malaysia 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .