Akyab Post/The Red Flag/ MFCN
20 Jun 2026
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် ရသေ့တောင်မှနေ ကျောက်တော်ကို လာတဲ့ စက်လှေတိမ်းမှောက်မှုမှာ အေအေတပ်သား ၉ ဦး သေဆုံးဆိုပြီးတော့ ရေးသားဖြန့်ဝေထaားတဲ့ အကြောင်းအရာဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ဇွန်လ ၁၅ ရက်နေ့မှာ “ရသေ့တောင်ကနေ ကျောက်တော်ကိုလာတဲ့ ရခီး AA အဖွဲ့ စက်လှေမှောက်ပြီး ၉ ဦး ဂိန် ၂ ကောင်ပျောက်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှား –https://archive.ph/78UO1
ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးတဲ့ ဇွန်လ ၁၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၈၄၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၅၆၁ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စက်လှေတိမ်းမှောက်မှုမှာ သေဆုံးခဲ့သူတွေဟာ အေအေ တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ အရပ်သားပြည်သူတွေဖြစ် တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာ ကို စိစစ်နိုင်ဖို့အတွက်Akyab Post ဖက်မှနေ reversed image search tools နဲ့ google advanced search တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ရခိုက်စက်လှေတိမ်းမှောက်မှုဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေ ဇူလှိုင်လ ၁၅ ရက်နေ့မှာ “ပုဏ္ဏားကျွန်းတွင်ခရီးသည်တင်စက်လှေမှောက်ပြီး ၁၁ ဦး သေဆုံး” လို့ ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။
Myanmar Now သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇွန်လ ၁၅ ရက်)၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ရသေ့တောင်မြို့နယ် ကူတောင်ရွာမှ ကျောက်တော်မြို့သို့ လူ ၃၅ ဦးတင်ဆောင်ကာ ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီးတော့ သေဆုံးတဲ့ အထဲမှာ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
Myanmar Now သတင်းအပြည့်အစုံ – https://myanmar-now.org/mm/news/79028/
ဒါ့အပြင် ဒီသတင်းကို RFA သတင်းဌာနမှနေလည်း ဇူလှိုင်လ ၁၅ ရက်နေ့မှာ “ပုဏ္ဏားကျွန်း စက်လှေတိမ်းမှောက်မှု ၁၁ ဦး သေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။
RFAရဲ့ ရေးသားဖော်ပြချက်မှာလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့က ကင်းချောင်းကို ဖြတ်ပြီးစျေးလာဝယ်တဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာမှာ သေဆုံးသူ ၁၁ ဦးထိရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
RFA – https://www.rfa.org/burmese/news/2026/06/16/boat-accident-eleven-people-dead-ponnagyun-rakhine/
ဒါ့အပြင် ဒီသတင်းကိုပဲ သတင်းဌာနတွေ ဖြစ်တဲ့ DVB၊ The Irrawaddy နဲ့ BBC သတင်းဌာနတွေမှနေ ရသေ့တောင်မြို့နယ်၊ ကူတောင်ရွာကနေ ကျောက်တော်မြို့ဘက်ကို ထွက်ခွာလာရာကနေ ပုဏ္ဏားကျွန်းမြို့နယ် ကင်းချောင်းအတွင်း စက်လှေတိမ်းမှောက်မှုမှာ ပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
The Irrawaddy – https://www.youtube.com/watch?v=xmhGXEXXvKw
DVB – https://burmese.dvb.no/post/345402
BBC – https://www.facebook.com/share/p/1UCvXeqEkA/
သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ ရသေ့တောင်မြို့နယ် ကူတောင်ရွာမှ ကျောက်တော်မြို့သို့ လူ ၃၅ ဦးတင်ဆောင်ကာ ထွက်ခွာလာသည့် ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့တာကို တွေ့ရပြီးတော့ သေဆုံးတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ အသက်ကြီးပိုင်းတွေ ပါဝင်နေပြီးတော့ သေဆုံးတဲ့သူတွေဟာလည်း အေအေတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာမျိုး ရေးသားဖော်ပြထားတာကို မတွေ့ရှိရပါဘူး။
သက်သေပြချက်
ရရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူတွေဟာ ရသေ့တောင်မြို့နယ်မှနေ ကျောက်တော်မြို့ကို လာကြတဲ့ ပြည်သူတွေသာ ဖြစ်ပြီးတော့ အေအေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ထားတဲ့ စက်လှေတိမ်းမှောက်မှုမှာ သေဆုံးသူတွေဟာ အေအေတပ်သားတွေမဟုတ်ကြဘဲ အရပ်သားပြည်သူတွေသာ ဖြစ်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ရခိုင်ဒေသမှာ စစ်ရေးနိုင်ငံရေးအရ လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် ပဋိပက္ခနဲ့ အငြင်းပွားမှုတွေဖြစ်လာအောင် သတင်းတုသတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်လျက်ရှိပါတယ်။
ဒါ့အပြင် လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







