ဂွမြို့နယ် အေအေတပ်စခန်းကို လေကြောင်းတိုက်ခိုက်ဆိုသည့် သတင်းမှား
Share:FacebookX

ဂွမြို့နယ် အေအေတပ်စခန်းကို လေကြောင်းတိုက်ခိုက်ဆိုသည့် သတင်းမှား

18 Jun 2026

Akyab Post/MFCN 

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်၊ ဂွမြို့နယ်မှာရှိတဲ့ အေအေရဲ့စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာတွေ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ People Media ကနေ ဇွန်လ ၁၆ ရက်နေ့မှာ “ဂွမြို့နယ် ကျောက်ချွန်ကျေးရွာရှိ အကြမ်းဖက် AA စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာရှိ အကြမ်းဖက် AA စခန်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။” (မူရင်းအရေးအသား) ဆိုပြီး ရေးသား ဖြန့်ဝေထားပါတယ်။

သတင်းမှားလင့်ခ် – https://archive.ph/Vur5p 

 အဲ့ဒီအကြောင်းအရာကို ဖြန့်ချိထားတဲ့ ဇွန်လ ၁၆ ရက်နေ့ကနေ Akyab Post ကနေ  စစ်ဆေးထားတဲ့ ဇွန်လ ၁၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၀၁၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၂၇၆ ဦးထိရှိပြီး ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိိပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဗုံးကြဲခံရတဲ့နေရာဟာ အေအေစခန်းမဟုတ်ဘဲ အရပ်သားတွေရဲ့နေရာသာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အပြစ်မဲ့အရပ်သားပြည်သူ၂ ဦး သေဆုံးကာ ကလေးငယ်အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ ပြည်သူတွေရဲ့ နေအိမ် အများအပြားပါ ပျက်စီးခဲ့တာကို စိစစ်တွေ့ရပါတယ်။ 

စိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်မှနေ google advanced search tools နဲ့ reversed image search tools တို့ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

Google မှာ ဂွလေကြောင်းတိုက်ခိုက်မှုဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ကနေ ဇွန်လ ၁၇ ရက်နေ့မှာ “ဂွမြို့နယ်ကို စစ်အုပ်စုက ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ ဒေသခံ ၂ ဦး သေဆုံး ကလေးငယ်အပါဝင် ၈ ဦး ဒဏ်ရာရ” လို့ ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။ 

Mizzima သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်အုပ်စုတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား နှစ်ဦးသေဆုံးပြီးတော့ ကလေးငယ်အပါအဝင် ဒေသခံ ရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

Mizzima – https://bur.mizzima.com/2026/06/17/93325 

ဒါ့အပြင် ဒီသတင်းကို ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ကနေလည်း ဇွန်လ ၁၆ ရက်နေ့မှာ “ဂွကို စစ်တပ် ဗုံးကြဲ၍ အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ” လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG ရဲ့ သတင်းမှာ “ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းရွာကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသွားကြောင်း “ လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG – https://www.facebook.com/share/p/1CphzNPV7q/ 

ဒါ့အပြင် ဒီသတင်းကိုပဲ Narinjara သတင်းဌာနကနေလည်း လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီးတော့ ၈ ဦးဒဏ်ရာရရှိခဲ့ ပြည်သူပိုင်နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

Narinjara – https://burmese.narinjara.com/news/detail/6a31a7220a317820156ad08d 

သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး စစ်တပ်ဖက်မှနေ အေအေစခန်းကို ဗုံးကြဲခဲ့တယ်ဆိုပြီး ရေ ရေးသားထားတာကို မတွေ့ရှိရပါဘူး။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦးသေဆုံးပြီး  အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ၈ဦး ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။​

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ ဂွမြို့နယ်မှာ အေအေခစခန်းကို ဗုံးကြဲခဲ့တယ်ဆိုတာဟာ လုပ်ကြံရေးသားပြီးတော့  သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .