မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ စခန်းတစ်ခုကို မေလ ၂၇ ရက် ညအချိန်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှု များခဲ့ပါတယ်။
အဲဒီဖြစ်စဥ်မှာ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် သေဆုံးတယ်လို့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေကြပါတယ်။
အဲဒီလို ဖြန့်ချိမှုနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch သတင်းဌာနနဲ့ လဂွန်းအိမ် စာစဥ်တို့က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။
ရေးဘီလူးခေါင်းဆောင် သေဆုံးတယ်ဆိုပြီး Truth Wave အမည်နဲ့ တယ်လီဂရမ်ချန်နယ်ရဲ့ ဖြန့်ချိမှုကို မြင်တွေ့ထားသူ နှစ်ထောင်ကျော်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/wBhfN
အလားတူ သတင်းအမှားဖော်ပြခဲ့တဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်တွေကိုလည်း အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Snow Queen ချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/n0M15
Truth Media ချန်နယ်က ဖြန့်ချိတဲ့ လင့်ခ် – https://archive.ph/QZw8A
ရေးဘီလူးတပ်စခန်း ဗုံးကြဲရပြီး ထိခိုက်မှုများ
ရေးဘီလူးတပ်ဖွဲ့စခန်းကို မေလ ၂၇ရက် နံနက် ၁နာရီလောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ လေးကြိမ် တိတိတိုက်ခိုက်ခဲ့တယ်လို့ မွန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေကို ကိုးကာပြီး Dawei Watch က သတင်းဖော်ပြခဲ့ ပါတယ်။
ညအိပ်ချိန် တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိတယ်လို့ မွန်ဒေသတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီအကြောင်းအရာတွေ ပါဝင်တဲ့ Dawei Watch ရဲ့ သတင်းလင့်ခ် – https://shorturl.at/ePO7r
ဗုံးကြဲခံရတဲ့နေရာဟာ ရေးဘီလူးတပ်ဖွဲ့ရဲ့ နောက်တန်းစခန်းဖြစ်ပြီး ထိခိုက်သေဆုံးသူတွေထဲမှာ ရဲမေတွေ ပိုများတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး လဂွန်းအိမ်စာစဥ်က သတင်းဖော်ပြပါတယ် ။
လဂွန်းအိမ်စာစဥ်ရဲ့ သတင်းလင့်ခ် – https://shorturl.at/hIDEq
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေရတဲ့ ရဲဘော် ၂၀ ဦးလောက်ရှိတယ်လို့ နယ်မြေအခြေအနေနဲ့ နီးစပ်သူတစ်ဦးကို ကိုးကားပြီး BBC မြန်မာပိုင်းသတင်းဌာနကလည်း သတင်းဖော်ပြပါတယ် ။
BBC မြန်မာပိုင်းရဲ့ သတင်းလင့်ခ် – https://shorturl.at/QYxgm
အထက်ဖော်ပြပါ သတင်းတွေအားလုံးမှာ ရေးဘီလူးတပ်ဖွဲ့ စခန်းဗုံးကြဲခံရစဥ် တပ်ဖွဲ့ခေါင်းဆောင် ရေးဘီလူးဟာ တာဝန်နဲ့ တခြားတစ်နေရာကိုရောက်နေတာကြောင့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဖော်ပြကြပါတယ်။
ရေးဘီလူး မသေဆုံးကြောင်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်
ဗုံးကြဲမှုကြောင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီလို့ သတင်းထွက်ပေါ်နေချိန်မှာပဲ ရေးဘီလူးအဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ပြီး ခေါင်းဆောင်ဖြစ်သူ သက်ရှိထင်ရှားရှိသေးကြောင်း သက်သေပြလာပါတယ်။
ဗုံးကြဲခံရမှုကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးတဲ့ စခန်းကို ရေးဘီလူးအဖွဲ့ခေါင်းဆောင် ကိုယ်တိုင် လာရောက်ကြည့်ရှုနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို လူမှုကွန်ရက်ကနေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးဘီလူးအဖွဲ့ ရဲ့ ဖော်ပြချက်လင့်ခ် – https://shorturl.at/2plOS
အသေးစိတ် ထပ်အတည်ပြုနိုင်ဖို့ Myanmar Factchecking Network အဖွဲ့ဝင်တွေက ရေးဘီလူးအဖွဲ့ဆီကို ဆက်သွယ်ထားပေမယ့် အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။
ရေးဘီလူးတပ်ဖွဲ့ နဲ့ စစ်ရေးလှုပ်ရှားမှုတွေ အတူဆောင်ရွက်လေ့ရှိတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တစ်ခု တာဝန်ရှိသူကတော့ ရေးဘီလူး မသေဆုံးကြောင်းနဲ့ ထိခိုက်ဒဏ်ရာသူများရဲ့ နောက်ဆုံးအခြေအနေကို အခုလိုပြောပါတယ် ။
“ထိခိုက်သေဆုံးတာ နောက်ဆုံး update က မိန်းကလေး ၁၂ ယောက် ၊ ယောင်္ကျားလေး ၂ ယောက်လို့ ပြောတယ်။ ဒဏ်ရာရသူတွေ အတိအကျအတည်ပြုနေတုန်းပါ။ လောလောဆယ် အဲဒီစခန်းမှာက ဘယ်သူမှ မရှိတော့ဘူး” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေလည်း ရေးဘီလူး မသေဆုံးကြောင်း ပြန်လည်ဖြန့်ချိနေကြတာမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ သေဆုံးကြောင်း ဖော်ပြချက်တွေကိုလည်း ဆက်လက်ဖြန့်ချိထားဆဲဖြစ်ပါတယ်။
သုံးသပ်ချက်
စစ်အာဏာရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်ပြီးချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ သတင်းလက်ဦးမှု ရယူလိုပြီး အချိန်ကိုက် သတင်းအမှားဖြန့်ချိခဲ့တာလို့ သုံးသပ်ရပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလကလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းအမှားကို စစ်အုပ်စုဝါဒဖြန့်သူတွေ ဖြန့်ချိ ခဲ့ဖူးပါတယ်။ အဲဒီဖြန့်ချိမှုနဲ့ ပတ်သက်လို့ Dawei Watch အချက်အလက်စိစစ်ဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/29/04/2024/79396/
အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Dawei Watch နဲ့ လဂွန်းအိမ်စာစဥ်တို့ ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







