Akyab Post/MFCN
10 May 2026
Fact-check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ စစ်ကောင်စီတပ်က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ အေအေတပ်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေတပ်သား ၇၀၀ ကျော်ထိ သေဆုံးတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ကနေ မေလ ၉ ရက်နေ့မှာ “ကျောက်တော်အေအေ မင်းပြားအေအေ အေအေနဲ့ရခီးတွေ သေဆုံးမှု(၅၀၀)မှ(၇၀၀)အ ထိရှိကြောင်း မြေပြင်သတင်းတွေ ရရှိထားပါသည်။ သွသူ၁၀ဦးဘဲအသေပြပါစေ ညှဗုံးတွေကြဲတာမှာ ဗုံးခိုကျင်းတွေ ပြိုကျသေတာတွေက ပိုများတယ်လို့ ဆိုပါတယ်။ တောင်ကျောမှာ ဖေါက်ထားတဲ့AA ဂူတွေလည်း အားလုံးနိီးပါ ပြိုကြသွားတယ်လို့ သိရပါသည်။ အဲ့အထဲမှာ AAထွန်းမြတ်နိုင်တောင်ပါသွားနိုင်သေးတယ်” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှား – https://archive.md/SXM0p
ဒီပို့စ်ကို ရေးသားဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မေလ ၉ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၄၄၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၆၆ ဦးနဲ့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေတပ်သား ၇၀၀ ကျော် သေဆုံးဆိုတဲ့အကြောင်းအရာကို မတွေ့ရှိရပါဘူး။
စိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ Akyab Post အနေနဲ့ ဖက်မှနေ google advanced search tools ကို သုံးပြီး စစ်ဆေးခဲ့ပါတယ်။
ကျောက်တော်လေကြောင်းတိုက်ခိုက်မှုဆိုတဲ့ Keywords နဲ့ ရိုက်ပြီးရှာကြည့်တဲ့အခါမှာ DVB သတင်းဌာနမှနေ မေလ ၉ ရက်နေ့မှာ “ကျောက်တော်နှင့် မင်းပြားကို လေယာဉ် ၈ စင်းဖြင့် ဗုံးကြဲ၊ ကလေးအပါအဝင် ၃ ဦးသေ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
DVB သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မင်းပြားမြို့နယ်ကို မေ ၇ ရက်မှာ စစ်အာဏာရှင်က လေယာဉ် ၈ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး၊ ကလေးငယ် ၁ ယောက်၊ အရပ်သား ၁ ယောက်နဲ့ AA ရဲ့ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ယောက် ထိခိုက်သေဆုံးခဲ့ပြီး နောက်ထပ် ပြည်သူ ၁၀ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ရေးသား ဖော်ပြထားပါတယ်။
DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/365308
ဒါ့အပြင် ဒီသတင်းကိုပဲ Mizzima သတင်းဌာနမှနေ မေလ ၉ ရက်နေ့မှာ “မင်းပြားနှင့် ကျောက်တော်ကို စစ်အုပ်စုတပ် ဗုံးကြဲမှု ကလေးအပါ ၃ ဦး သေဆုံး” လို့ ရေးသား ဖော်ပြထားပါတယ်။
Mizzima သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း ရခိုင်ပြည်နယ်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့အား စစ်အုပ်စုတပ်က မေလ ၇ ရက်နေ့တွင် ဂျက်ဖိုက်တာနှင့် Y 12 လေယာဉ်များဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တဦးအပါအဝင် သုံးဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းအပြည့်အစုံ – https://bur.mizzima.com/2026/05/09/89898
ဒါ့အပြင် The Irrawaddy သတင်းဌာနမှနေလည်း မေလ ၉ ရက်နေ့မှာ “မင်းပြား၊ ကျောက်တော်ရှိ အကျဉ်းထောင်နှင့် ရွာအချို့ကို ဗုံးကြဲ ၃ ဦး သေဆုံး” လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
The Irrawaddy သတင်းအပြည့်အစုံ – https://www.facebook.com/share/p/18rbU8FLBL/
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အေအေတပ်သား ၇၀၀ ကျော် သေဆုံးဆိုတဲ့ အကြောင်းအရာကို ရေးသားဖော်ပြထားတာမျိုးမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်တိုက်ဆိုင်ချက်အရ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားချက်တွေနဲ့ စစ်ကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေတပ်သား ၇၀၀ ကျော် သေဆုံးဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်ပြီး အေအေ တပ်ဖွဲ့ဝင် ၇၀၀ ကျော် သေဆုံးတယ်ဆိုတာက လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိချက်အရ တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး ဖြန့်ချိလေ့ရှိပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







