ဂွမြို့နယ် ကျိုန္တလီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ခဲ့တဲ့အရပ်သားတွေကို အေအေတပ်သား တွေဖြစ်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
Share:FacebookX

ဂွမြို့နယ် ကျိုန္တလီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ခဲ့တဲ့အရပ်သားတွေကို အေအေတပ်သား တွေဖြစ်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

 Akyab Post/ MFCN

Fact-check

25 May 2026

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဂွမြို့နယ်၊ ကျိုန္တလီမြို့မှာရှိတဲ့ အာရက္ခတပ်တော် အေအေရဲ့ စခန်းကို စစ်တပ်ဖက်က လေကြောင်းတိုက်ခိုက်တာကြောင့် အေအေတပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားတဲ့ ပို့စ်တွေ ပျံံ့နှံ့လျက်ရှိိပါတယ်။ 

တယ်လီဂရန်မှာ “တိုက်ပွဲသတင်းစုံ” ဆိုတဲ့ ချန်နယ်ကနေ မေလ ၂၃ ရက်နေ့မှာ “ဂွမြို့နယ် ကျိန်တလီရှိ အေအေစခန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ၊ အေအေ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်၊ ကျိန်တလီဒေသမှာရှိတဲ့ အာရက္ခတပ်တော်ရဲ့ စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ အေအေ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအချက်အလက်များအရ သိရပြီး၊ လက်ရှိ ဂွမြို့နယ်အတွင်းမှာ နှစ်ဖက်စစ်ရေး အခြေအနေတွေ ဆက်လက် တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှား – https://archive.ph/2bjUs  

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မေလ ၂၃ ရက် ညနေပိုင်းထိ ဝင်ရောက်ကြည့်ရှုသူ ၈၆၀၀ ကျော်နဲ့ reaction ပေးသူ ၃၈၉ ဦးတို့ ရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​

သတင်းမှား – https://archive.ph/d2FZn 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အရပ်သား အမျိုးသမီးအများစု ထိခိုက်ဒဏ်ရာရပြီးတော့၊ ပြည်သူပိုင်နေအိမ်တွေပါ ထိခိုက်ပျက်စီးသွားတာကို တွေ့ရပါတယ်။ 

စိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

Google မှာ ဂွမြို့နယ်၊ ကျိုန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရ ဆိုတဲ့ keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့ အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group ကနေ မေလ ၂၂ ရက်နေ့မှာ “ကျိန္တလီ ဗုံးကြဲခံရမှု အရပ်သား ၉ ဦး ဒဏ်ရာရ” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ 

DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် ဦးညီငယ်(၃၉)နှစ်၊ ဒေါ်ပုမ(၆၅)နှစ်၊ ဒေါ်ခင်သက်(၃၂)နှစ်၊ ဦးဌေးလွင်(၄၅)နှစ်၊ ဒေါ်ခင်မိုး(၅၈)နှစ်၊ ဒေါ်ကြည်ကြည်(၄၀)နှစ်၊ ဦးမြင့်ဝင်းတင်(၆၂)နှစ်၊ ကိုပြည့်ဖြိုးအောင်(၃၃)နှစ်နှင့် မမေငယ်(၂၈)နှစ်တို့ ဖြစ်သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် အမှတ် ၂ ရပ်ကွက်အတွင်းမှ လူနေအိမ် ၂ ဆောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG သတင်းအပြည့်အစုံ – https://www.facebook.com/share/p/18rjwwFcjG/ 

ဒါ့အပြင် ဒီသတင်းကို DVB သတင်းဌာနမှနေလည်း မေလ ၂၂ ရက်နေ့မှာ  “ဂွမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ” လို့ ရေးသားဖော်ပြထားပါတယ်။ 

DVBရဲ့ သတင်းမှာလည်း “ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ ခဲ့တဲ့အတွက် အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ  ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွား တယ်” လို့ ရေးသားးဖော်ပြထားပါတယ်။

DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/298821  

သတင်းဌာနတွေရဲ့ရေးသားဖော်ပြချက်မှာ ဂွမြို့နယ်လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေ အများစုဟာ အမျိုးသမီးတွေသာ ဖြစ်ပြီးတော့  အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကို တွေ့ရပါတယ်။ 

သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ထိခိုက်သေဆုံးတဲ့သူတွေဟာ အေအေတပ်သားတွေဖြစ်တယ်ဆိုတဲ့ ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ ဂွမြို့နယ် ကျိုန္တလီလေကြောင်း တိုက်ခိုက်မှုအတွင်းမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာကို အေအတပ်သား၉ ဦးသေဆုံး ဆိုပြီး သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .