Akyab Post/ MFCN
Fact check
21 Apr 2026
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့မှာရှိတဲ့ အာရက္ခတပ်တော် အေအေရဲ့ စစ်စခန်းတွေကို စစ်ကောင်စီဖက်မှနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အေအတပ်သား ၁၅၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သည့် DGF21News ဆိုတဲ့ ချန်နယ်ကနေ ဧပြီလ ၂၀ ရက်နေ့မှာ “ AA အကြမ်းဖက်တွေကို ရွံရှာမုန်းတီးနေတဲ့ ဒေသခံရခိုင်လူမျိုးတွေရဲ့ သတင်းအတိအကျပေးချက်အရ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်ဒေသက AA အကြမ်းဖက်တွေ ခိုအောင်းနေတဲ့ နေရာအတိအကျတွေကို တစ်ပြိုင်တည်း ဗုံးကြဲချေမှုန်းရှင်းလင်းခဲ့ရာ AA အကြမ်းဖက် ၁၅၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်…AA အကြမ်းဖက်တွေ ထိခိုက်သေဆုံးမှုများပြီး အထိနာသွားပြန်ပြီဆိုတော့ AA အကြမ်းဖက်အားပေးမီဒီညာတွေနဲ့ ခိုင်သုခတို့က ခေါင်းစဉ်မျိုးစုံတပ်ပြီး မျက်ရည်ချူ အူကြဟောင်ကြတော့မှာ မြင်ယောင်နေပြီ…” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားပို့စ်အပြည့်အစုံ – https://archive.ph/g87Gi
ဒီပို့စ်ကို ဝင်ရောက်ဖတ်ရှုသူ ၁၇၀၀ ကျော်နဲ့ reaction ၃၆ ဦးထိ ရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
သတင်းမှားပို့စ်အပြည့်အစုံ – https://archive.ph/21imO
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အရပ်သားပြည်သူတွေနဲ့ သံဃာတွေတွေဖြစ်နေတာကို တွေ့ရပြီးတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ပျက်စီးသွားတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို Akyab Post ဖက်မှနေ google advanced serach tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “မြောက်ဦး၊ ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ keywords တွေနဲ့ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DMG ကနေ ၂၀၂၆ ခု ဧပြီလ ၁၉ ရက်နေ့မှာ “မြောက်ဦး၊ ကျောက်ဆည်ပြင်ရွာ ဗုံးကြဲခံရမှု သင်္ဃာအပါဝင် ဒေသခံ ၁၄ ဦးထက်မနည်း ဒဏ်ရာရ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
DMG သတင်းဌာနမှာ “ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာကို စစ်ကောင်စီမှ ဧပြီ ၁၉ ရက်နေ့မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရဟန်းသင်္ဃာ အပါအဝင် ဒေသခံ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ပြီးတော့ ဒဏ်ရာရရှိသူများမှာ ရဟန်းသင်္ဃာ ၃ ပါး၊ အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၉ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်သည်” လို့ ရေးသား ဖော်ပြထားပါတယ်။
DMG သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1E1VATMzDK/
ဒါ့အပြင် ဒီသတင်းကို မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ ဧပြီလ ၁၉ ရက်နေ့မှာ “ကျောက်ဆည်ပြင်ရွာကို စစ်တပ် ဗုံးကြဲ၊ ဘုန်းကြီး ၃ ပါးအပါအဝင် ၁၄ ဦး ဒဏ်ရာရ” လို့ရေးသားဖော်ပြထားပါတယ်။
DVB ရဲ့ သတင်းမှာလည်း“ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေးရွာကို ဧပြီ ၁၉ ရက် တနေ့တည်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဘုန်းကြီး ၃ ပါးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/890804
ဒါ့အပြင် Myanmar Now သတင်းဌာနမှနေလည်း ဧပြီလ ၁၉ ရက်နေ့မှာ “ပုဏ္ဏားကျွန်းနှင့် မြောက်ဦးတွင်စစ်တပ်ဗုံးကြဲ ၁ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ” လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now သတင်းအပြည့်အစုံ – https://myanmar-now.org/mm/news/74093/
Mizzima မှ သတင်းဌာနမှနေလည်း “ရခိုင်တွင် ၁ ရက်တည်း မြို့နယ် ၃ ခုကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ မြောက်ဦးရှိ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး” လို့ ရေးသား ဖော်ပြထားပါတယ်။
Mizzima သတင်းအပြည့်အစုံ – https://bur.mizzima.com/2026/04/19/88099
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာ တွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ မြောက်ဦးမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပြည်သူတဦးသေဆုံးပြီး သံဃာတော် အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကိုသာ တွေ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ သာ့သနာကပိုင် အဆောက်အဦးဖြစ်တဲ့ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီးတော့ အခြားပြည်သူပိုင်နေအိမ်တွေလည်း ပျက်စီးခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ဝေထားတဲ့ အေအေတပ်သား ၁၅၀ ကျော်သေဆုံးဆိုတဲ့အကြောင်းအရာဟာ လိုရာဆွဲချိတ်ဆက်ပုံဖော်ထားတဲ့သတင်းအမှားဖြစ်ပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2
(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/







