Akyab Post/ MFCN
Fact-check
14 Apr 2026
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ သင်္ကြန်ကာလတွင်း ရေပက်လျှင် ဖမ်းဆီးပြီးထောင်ချမည်ဟု အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ခြိမ်းခြောက်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရမ်မှာ စစ်ကောင်စီဝါဲဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ”ချန်နယ်က ဧပြီလ ၉ ရက်နေ့မှာ “မူးယစ်ရာဇာထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို သင်ကြန်ကာလအတွင်း ရေပက်လျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်” (မူရင်းအသား) ဆိုတဲ့ စာသားနဲ့တကွ ဖြန့်ချိထားပါတယ်။
သတင်းမှားလင့်ခ် – https://archive.ph/EhOcV
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab post က အချက်အလက် စစ်ဆေးထားတဲ့ ဧပြီလ ၁၃ ရက်နေ့ အထိ ဝင်ရောက်ဖတ်ရှုသူ ၂၁၄၀၀ ထိရှိပြီးတော့ reaction ပေးသူ ၆၅၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
အချက်အလက် စိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ရခိုင်သင်္ကြန်ဆိုတဲ့ keywords နဲ့ ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ DMG သတင်းဌာနကန ဧပြီလ ၉ ရက်နေ့မှာ “သင်္ကြန်ကာလတွင် လူစုလူဝေး မလုပ်ရန်အပါဝင် လိုက်နာရမည့် စည်းကမ်းများ ULA ထုတ်ပြန်” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရ “သင်္ကြန်ကာလအတွင်း ရခိုင်ပြည်သူများအနေဖြင့် လူစုလူဝေးမလုပ်ကြရန်အပါအဝင် လိုက်နာရမည့် စည်းကမ်းချက် (၆) ချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဧပြီ ၈ ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။ အဆိုပါ စည်းကမ်းချက်များမှာ လူအရေအတွက် အများအပြား စီးနင်းလိုက်ပါကာ ကားများဖြင့် မြို့ထက်များတွင် လှည့်ပတ် ရေကစားခြင်းများ မပြုလုပ်ရန်၊ တစ်မြို့နှင့်တစ်မြို့ ၊တစ်ရွာနှင့် တစ်ရွာ ကားများဖြင့် ကခုန် လှည့်ပတ်သွားလာခြင်း ရေကစားခြင်းများ မပြုလုပ်ရန် အသိပေးထားသည်။ လူစုလူဝေး ဖြစ်စေသော သင်္ကြန်မဏ္ဍာပ်များ ပြုလုပ်၍ ရေကစားခြင်း မပြုလုပ်ရန်နှင့် Show ပွဲများ ကျင်းပခြင်း မပြုလုပ်ရန်၊ ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ခြင်းများကို မပြုလုပ်ရန် ထုတ်ပြန်ထားသည်။” လို့ ရေးသားထားပါတယ်။
DMG သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1CfwBebMWt/
ဒါ့အပြင် ဒီသတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဧပြီလ ၉ ရက်နေ့မှာ “ရခိုင်ပြည်သူများ သင်္ကြန်အတွင်း လိုက်နာရမည့် အချက် (၆) ချက်ထုတ်ပြန်” လို့ ရေးသားဖော်ပြထားပြီး၊ Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း ‘(၁) လူအရေအတွက် အများအပြား စီးနင်းလိုက်ပါပြီး ကားများဖြင့် မြို့ထက်များတွင် လှည့်ပတ်ခြင်း၊ ရေကစားခြင်း မပြုလုပ်ရ။ (၂) တမြို့နဲ့ တမြို့၊ တရွာနဲ့ တရွာ ကားများဖြင့် ကခုန် လှည့်ပတ်သွားလာပြီး ရေကစားခြင်းများ မပြုလုပ်ရ။ (၃) လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ ပြုလုပ်ပြီး ရေးကစားခြင်း မပြုလုပ်ရ။ (၄) လူစုလူဝေးဖြစ်စီသော Show ပွဲများ ကျင်းပခြင်း မပြုလုပ်ရ။ (၅) ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းများအား လူစုလူဝေးများဖြင့် မပြုလုပ်ရ။ (၆) ပြည်သူများ၏ လုံခြုံရေးကို လေး စားလိုက်နာသောအားဖြင့် မြို့၊ ရွာများအတွင်း ဆောင်းဘောက်များ ဆူညံစွာဖွင့်ခြင်း၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူများဖြင့် အနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်များ မပြုလုပ်ရ” ဆိုပြီးရေးသား ဖော်ပြထားပါတယ်။
Narinjara သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1E6WkHwb68/
ဒါ့အပြင် ပြည်တွင်း သတင်းဌာနတွေဖြစ်တဲ့ DVB နဲ့ Myanmar Now သတင်းဌာနတို့ကနေလည်း ဧပြီလ ၉ ရက်နေ့မှာ လေကြာင်းအန္တရာယ်ကြောင့် သင်္ကြန်ကာလ ရခိုင်တွင် လူစုလူဝေး မလုပ်ဖို့ အေအေဖက်ကနေ ထုတ်ပြန်ထားတယ်လို့ ရေးသား ဖော်ပြထားပါတယ်။
DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/654455
Myanmar Now သတင်းအပြည့်အစုံ – https://myanmar-now.org/mm/news/73942/
စစ်ဆေးတွေ့ရှိချက်
သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း စိစစ်ရေးသားဖော်ပြကြတဲ့ သတင်းမီဒီယာတွေမှာ ရခိုင်မှာ သင်္ကြန်တွင်းရေပက်လျှင် အေအေအဖွဲ့မှ ဖမ်းဆီးပြီး ထောင်ချမယ်ဆိုတဲ့ ရေးသားဖော်ပြချက်ကို မတွေ့ရှိရပါဘူး။
ရခိုင်ဒေသတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သင်္ကြန်ကာလတွင်း လူစုလူဝေးမပြုလုပ်ဖို့နဲ့ လုံခြုံရေးကို သတိထားရှိကြဖို့ အေအေရဲ့ ထုတ်ပြန်မှုအပေါ် စစ်တပ် ဝါဒဖြန့်ချန်နယ်တွေဟာ လိုရာဆွဲ ပုံဖော်ရေးသားပြီး သတင်းမှားဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ခဲ့ကြတဲ့ သင်္ကြန်တွင်းရေပက်လျှင် အေအေအဖွဲ့မှနေ ဖမ်းဆီးပြီး ထောင်ချမည်ဆိုတဲ့ အကြောင်းအရာဟာ သတင်းမှားဖြစ်ပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







