တောင်ကိုးရီယားမှ မြန်မာနိုင်ငံကို ပြန်လာသူဆီမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိဆိုသည့် သတင်းမှား
Akyab Post/ DNA/ The Red Flag/MFCN
Fact-check
15 May 2026
အခုရက်ပိုင်း Tik Tok မှာ တောင်ကိုးရီယားမှနေ မြန်မာနိုင်ငံကို ပြန်လာသူတစ်ဦးဆီမှာ ဟန်တာဗိုင်းရပ်စ်ပိုးကို တွေ့ရှိတယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေ ပျံ့နှံ့လျက်ရှိပါတယ်။
Tik Tok မှာ followers 68.5K နဲ့ Likes 848.3K &ရှိတဲ့ ETHOS HUMAN ဆိုတဲ့ အကောက်ကနေ မေလ ၁၃ ရက်နေ့မှာ “အထူးသတိပေးချက်။ မေလ ၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ပြန်လည်ရောက်ရှိလာသော မောင်အောင်ကျော်ထွန်း လှိုင်မြို့နယ်နေသူသည် တောင်ကိုးရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ဖျားနာခြင်း၊ အသက်ရှုခက်ခဲခြင်းနှင့် ကိုယ်လက်ခက်ခဲခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေစဉ် ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။ လက်ရှိိတွင် ကျန်းမာရေးတာဝန်ရှိသူများက သေချာစောင့်ကြည့် စစ်ဆေးနေကြောင်းသိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဖြန့်ချိထားပါတယ်။
သတင်းမှားလင့်ခ် – https://archive.ph/LM8v6
ဒီအကြောင်းအရာကို မေလ ၁၄ ရက်နေ့အထိ ကြည့်ရှုသူ ၁၂၆၈၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၃၁၁၈ ဦး၊ Comment ပေးသူ ၅၇ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
အဲ့ဒီအကြောင်းအရာကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ Akyab Post နဲ့ DNA တို့ ကနေ ပူးပေါင်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်ပြီးတော့ လူအများစိတ်ဝင်စားလာအောင် သတင်းမှားကို ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။
စိစစ်ချက်
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “ဟန်တာဗိုင်းရပ်စ် (Hantavirus)’ ဆိုတဲ့ Keywords နဲ့ ရိုက်ပြီးရှာကြည့်တဲ့အခါမှာ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းရေးသားဖော်ပြမှုတွေမှာ မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိဆိုတဲ့ သတင်းအကြောင်းအရာကို မတွေ့ရှိရပါဘူး။
DVB သတင်းဌာနကနေ မေလ ၁၃ ရက်နေ့မှာ “ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦးရှိလာ၊ အကြီးအကျယ် ကူးစက်နိုင်ခြေမရှိဟု WHO ပြော” ဆိုတဲ့ သတင်းကို တွေ့ရပြီးတော့ DVB ရဲ့ ရေးသားဖော်ပြချက်မှာ မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်ဆိုတဲ့ အချက်ကို မတွေ့ရှိရပါဘူး။
https://burmese.dvb.no/post/315851
ဒါ့အပြင် BBC Burmese ကနေလည်း မေလ ၈ ရက်နေ့မှာ “ဟန်တာဗိုင်းရပ်စ်က ကိုဗစ်လိုမဟုတ်ဘူးလို့ WHO ပြော” ဆိုတဲ့ သတင်းကိုတွေ့ရပြီးတော့ BBC ရဲ့ ရေးသားဖော်ပြချက်မှာလည်း မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်ဆိုတဲ့ အချက်ကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် People Spring, Than Lwin Times သတင်းမီဒီယာဌာနတွေကနေလည်း ဟန်တာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြထားတာတွေရှိပေမဲ့ မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ကို တွေ့ရှိတယ်ဆိုပြီး ရေးသားဖော်ပြထားတာ မရှိပါဘူး။
https://www.ludunwayoo.com/world-news-mm/2026/05/10/156682/
https://www.facebook.com/share/p/18qDhmdenA/
ဒါ့အပြင် စစ်ကောင်စီရဲ့ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်တွေမှာလည်း မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်သူ တွေ့ရှိတယ်ဆိုပြီး ထုတ်ပြန် ကြေညာထားတာမရှိပါဘူး။
သုံးသပ်ချက်
သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ ထုတ်ပြန်ချက်တွေမှာ မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်သူ တွေ့ရှိတယ်ဆိုပြီး ရေးသားဖော်ပြထားတာကို မတွေ့ရှိရပါဘူး။
ဒါကြောင့် ETHOS HUMAN ဆိုတဲ့ Tik Tok Account က မေလ ၁၃ ရက်နေ့မှာ ဖြန့်ထားတဲ့ မြန်မာနိုင်ငံမှာ ဟန်တာဗိုင်းရပ်စ်ပိုး ကူးစက်သူ တွေ့ရှ်ိဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။
ဟန်တာဗိုင်းရပ်စ်ပိုးဟာ ရောဂါပိုးရှိတဲ့ ကြွက်တွေရဲ့ ဆီး၊ မစင်၊ တံတွေးတို့နှင့် ထိတွေ့ခြင်းကနေ ကူးစက်ခံရတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့၊ Hantaviruses ပိုးဝင်တာကြောင့် ပြင်းထန်သောရောဂါနှင့် သေဆုံးခြင်းအပါအဝင် ဖျားနာမှုအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့ Hantaviruses နဲ့ ပတ်သက်ပြီး ကမ္ဘာ့အနှံ့မှာ ကုသဖို့ ကာကွယ်ဖို့ နိုင်ငံတိုင်းက လုပ်ဆောင်လျက်ရှိပါတယ်။
Hantaviruses နဲ့ ပတ်သက်လို့ သတိထားရမဲ့ အရာတွေ၊ ရှောင်ရှားရမဲ့ အချက်တွေနဲ့ လိုက်နာရမဲ့ အချက်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပြီးတော့ အသေးစိတ်ကို အောက်က လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.who.int/news-room/fact-sheets/detail/hantavirus
လက်ရှိ နိုင်ငံတကာမှာ ဟန်တာဗိုင်းရပ်စ် ဖြစ်နေတာကို အခြေပြုပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိကြတာကြောင့် အများပြည်သူတွေအနေနဲ့ အလွယ်တကူမယုံစားမိကြဖို့လိုအပ်ပါတယ်။
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကြေညာချက်တွေကို စောင့်ကြည့်ပီးမှ သတင်းမှန်ကို အတည်ပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆိုရှယ်မီဒီယာမှာ သတင်းတုသတင်းမှားတွေကို ကြားမိတယ်၊ မြင်မိတယ်ဆိုရင်လည်း စီစစ်စစ်ဆေးနိုင်ဖို့ MFCN ကို ဆက်သွယ်နိုင်ပါတယ်။
ဒါ့အပြင် စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab_Post #FactCheck #Mis_Disinformation #Covid







