KNU ကနေ ထွက်ပြေးပြီး ထိုင်းကိုခိုးဝင်တဲ့ PDF ၆၀ ကျော် ဖမ်းဆီးခံရတယ်ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်
Share:FacebookX

KNU ကနေ ထွက်ပြေးပြီး ထိုင်းကိုခိုးဝင်တဲ့ PDF ၆၀ ကျော် ဖမ်းဆီးခံရတယ်ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်

ထိုင်းနိုင်ငံ၊ ဖယောင်းခရိုင်က နေအိမ်တစ်လုံးမှာ တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို ဧပြီလ ၂၃ ရက် ညပိုင်းမှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကို စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က KNU (ကရင်အမျိုးသားအစည်းအရုံး) ဆီကနေ ထွက်ပြေးလာတဲ့ PDF ၆၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးခဲ့တယ်လို့ ဧပြီလ ၂၄ ရက်ကစပြီး ဖြန့်ချိနေပါတယ်။

Subscriber ပြုလုပ်ထားသူ တစ်သိန်းခြောက်သိန်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ အဲဒီဖြန့်ချိမှုဟာ ဧပြီလ ၂၅ရက်အထိ မြင်တွေ့ပြီးသူ တစ်သောင်းခြောက်ထောင်ကျော်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင်ခ့် – https://archive.ph/ipzFC

အဲဒီဖြန့်ချိမှုကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ် ကြည့်ရာမှာတော့ ပုံမှားရိုက်ပြီး သတင်းအမှားဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အလုပ်လုပ်ဖို့လာတဲ့ မြန်မာတွေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသား ၆၀ ကျော် ဖယောင်းခရိုင်ထဲ ဖမ်းဆီးခံရတဲ့ အကြောင်းကို ထိုင်းသတင်းဌာနတွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြထားပါတယ်။

ဖယောင်းမြို့ မဲတန်ဒေသက အိမ်တစ်ဆောင်ထဲ မြန်မာနိုင်ငံသားတွေ ရှိနေတယ်ဆိုတဲ့သတင်းအရ ထိုင်းအာဏာပိုင်တွေက ဧပြီလ ၂၃ ရက် ညနေပိုင်းမှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အိမ်ထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၃၀ ဦးကို စုစုပေါင်း ၆၃ ဦးကို တွေ့ရပြီး အဲဒီထဲမှာ ကလေးငယ် ၃ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူ အများစုဟာ ပအိုဝ်း၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသားလူမျိုးအများစု ဖြစ်ကြတယ်လို့ ဖော်ပြပါတယ်။

အဖမ်းခံရသူတွေကို စစ်ဆေးရာ တချို့မှာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပဲတွေ့ရပြီး ထိုင်းမှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေကို မတွေ့ရဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။

အဖမ်းခံရသူတွေဟာ မယ်ဆိုင်နယ်စပ်ကနေတစ်ဆင့် ကားတွေနဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပြီး အိမ်တစ်အိမ်ထဲ ယာယီပုန်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ အားလုံးဟာ ဘန်ကောက်နဲ့ ဖစ်စနူလို့ခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ ဝင်လာကြတာဖြစ်ပြီး ခရီးစရိတ်အတွက် ဘတ် ၈၅၀၀ ကနေ ၁၀၀၀၀ အထိ ပွဲစားတွေကို ပေးချေထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Dawei Watch သတင်း အပြည့်အစုံလင့်ခ် – https://shorturl.at/C1RYL

အဖမ်းခံရသူတွေကို စစ်ဆေးမေးမြန်းချက်တွေအရ သူတို့တွေဟာ “ဆမ်”နဲ့ “ပမ်း” လို့ အမည်ရတဲ့ ပွဲစားတွေရဲ့ အကူအညီနဲ့ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ခရိုင်တွေကနေတစ်ဆင့် ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာခဲ့တာလို့ ထွက်ဆိုခဲ့တယ်ဆိုပြီး Migrant Time သတင်းဌာနက ဖော်ပြပါတယ်။

အဖမ်းခံရသူတွေထဲ အရွယ်ရောက်သူအားလုံးကို တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ဖယောင်း ရဲစခန်းကို ပို့ထားသလို အသက်မပြည့်သေးသူ ၃ ဦးကိုတော့ ခရိုင်ကလေးသူငယ်စင်တာကတစ်ဆင့် နေရပ်ပြန်လည်ပို့ဆောင်မယ်လို့ ဆိုပါတယ်။

Migrat Time သတင်းလင့်ခ် – https://shorturl.at/o9HBH

အထက်ပါအကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod သတင်းဌာန ရဲ့ သတင်းလင့်ခ် – https://shorturl.at/nzIu6

စိစစ်တွေ့ရှိချက်

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ဟာ အလုပ်လုပ်ကိုင်ဖို့အတွက် လာရောက်ကြတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတဲ့ အကြောင်းအရာတွေ၊ ထွက်ပြေးတိမ်းရှောင်လာတဲ့ အကြောင်းအရာတွေကို မတွေ့ရဘဲ အလုပ်လုပ်ဖို့ ပွဲစားတွေဆီငွေပေးပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် လာရောက်ချိန် ဖမ်းဆီးခံရတယ်လို့ပဲ ဖော်ပြခဲ့ကြတာကို တွေ့ရှိရပါတယ်။

ဒါ့ကြောင့် ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရချိန် တော်လှန်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ဖို့၊ ထိုးနှက်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ပုံဖျက်ထားတဲ့ သတင်းအမှားကို စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေက အချိန်ကိုက်ဖြန့်ချိခဲ့တာလို့ သုံးသပ်ရပါတယ်။

အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီနယ်စပ်ကို အလုပ်လုပ်ဖို့ မတရားလမ်းက ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း PDF လို့ ပုံဖော်တံဆိပ်ကပ်စွပ်စွဲခဲ့တာကို Dawei Watch က အချက်အလက် စိစစ်ထားပါသေးတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

လင့်ခ် – https://www.daweiwatch.com/31/10/2023/66534/

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/

Fb- https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .