သရက်ချောင်းမှာ စစ်အာဏာရှင်တပ်ပစ်ခတ်လို့ အရပ်သားသုံးဦးသေဆုံးတာကို PDF လက်ချက်ဆိုပြီး သတင်းအမှားဖြန့်
Share:FacebookX

သရက်ချောင်းမှာ စစ်အာဏာရှင်တပ်ပစ်ခတ်လို့ အရပ်သားသုံးဦးသေဆုံးတာကို PDF လက်ချက်ဆိုပြီး သတင်းအမှားဖြန့်

သရက်ချောင်းမြို့နယ် ၊ သင်းကျွန်းရွာမှာ ဇွန်လ ၁ရက်က စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တစ်ခုက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ကိုင်းသီးနှံစိုက်နေတဲ့ မိသားစုဝင်သုံးဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကို စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တစ်ခုဖြစ်တဲ့ “KS News” ချန်နယ်က PDF တွေပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ရတယ်ဆိုပြီး ဇွန်လ ၂ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။

Subscriber တစ်သိန်းလေးသောင်းကျော်ရှိတဲ့ “KS News” ချန်နယ်ရဲ့ ဖြန့်ချိချက် လင့်ခ် – https://archive.ph/zmVxr

အဲဒီဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေပြီး အပြစ်လွှဲချတာ အဖြစ် စိစစ်တွေ့ရှိရပါတယ်။

သင်းကျွန်းရွာမှာ လက်နက်ကြီးကျလို့ မိသားစုဝင်သုံးဦးသေဆုံး

သင်းကျွန်းရွာနဲ့ သုံးကီလိုမီတာအကွာ သရက်နှစ်ခွနဲ့ ပန်းပြင်ရွာကြားမှာရှိတဲ့ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်က ဇွန်လ ၁ ရက် ညနေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ သင်းကျွန်းရွာအနီးက စိုက်ပျိုးရေးခြံတစ်ခုထဲ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကိုကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ် ။

စိုက်ပျိုးရေးခြံလုပ်ငန်းလုပ်ကိုင်တဲ့ ဦးမီးလောင်နဲ့ ဇနီးဒေါ်မူ၊ ဦးမီးလောင်ရဲ့ အစ်မ ဒေါ်ရွှေငါးတို့ သေဆုံးခဲ့ကြပါတယ် ။

အဲဒီအကြောင်းအရာကို Dawei Watch က ဖော်ပြထားတဲ့ သတင်းလင့်ခ် – https://shorturl.at/OZXsL

မွန်နဲ့ တနင်္သာရီဒေသက သတင်းတွေတင်ဆက်နေတဲ့ သံလွင်တိုင်းမ်သတင်းဌာနကလည်း ဒေသခံတွေကို ကိုးကားပြီး သရက်နှစ်ခွရွာအနီးရှိ စစ်အာဏာရှင်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်းကျွန်းရွာက အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ သတင်းကို ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ် သတင်းလင့်ခ် – https://shorturl.at/gaJcp

နောက်ထပ် မွန်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း စစ်အာဏာရှင်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံးတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်းလင့်ခ် – https://shorturl.at/coamH

စစ်အာဏာရှင်တပ်ကပဲ လက်နက်ကြီးပစ်ခတ် ဘာကြောင့်ပစ်သလဲ

အဲဒီနေ့က သရက်နှစ်ခွရွာအနီး စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဘက်က လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ နဲ့ ၃၄ မဟာမိတ် ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ရာမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ သူက ပြောဆိုပါတယ်။

“စကစ က ပြန်ပစ်လို့ အရပ်သားသုံးဦး သေဆုံးရတယ်ဆိုတာ ဒေသခံတွေလည်း အားလုံး အသိပဲလေ။ အရပ်သားတွေရှိတဲ့ ဘက်ကို ပြန်ပစ်တော့ ဘာမှ မဆီမဆိုင်တဲ့ ဒေသခံ သုံးဦးသေဆုံးခဲ့ရတယ်ပေါ့” လို့ မဟာမိတ် ဆက်ဆံရေးတာဝန်ခံက ဖြေကြားပါတယ်။

တော်လှန်ရေးတပ်ဘက်ကတော့ လက်နက်ငယ်နဲ့ သွားရောက်ပစ်ခတ်တာပဲ ရှိပြီး လက်နက်ကြီး ပစ်ခတ်တာမရှိဘူးလို့ သူက ပြောဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ မေလကတည်းက မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း မှာရှိတဲ့ သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စိစစ်တွေ့ရှိချက်

တော်လှန်ရေးတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်အာဏာရှင်တပ်က သင်းကျွန်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တာကို ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်အာဏာရှင်တပ် လက်ချက်ကြောင့် အရပ်သားပြည်သူ သေဆုံးတာကို ဖုံးကွယ်ပြီး တော်လှန်ရေးတပ်တွေအပေါ် အပြစ်ပုံချဖို့ ရည်ရွယ်ချက်နဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ်တွေက အချိန်ကိုက် သတင်းအမှား ဖြန့်ချိခဲ့တာ အဖြစ် စိစစ်တွေ့ရှိရပါတယ်။

သရက်ချောင်းမြို့နယ်ထဲက ဝင်းဝစခန်းသိမ်းတိုက်ပွဲ ပြင်းထန်ခဲ့စဥ် မတ်လကလည်း အရပ်သားတွေသတ်ဖြတ်ခံရမှုကို အပြစ်လွှဲချဖို့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေကြိုးပမ်းခဲ့တာရှိပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ခဲ့တာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.dawej’iwatch.com/06/03/2026/127104/

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-checking Network နဲ့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .