စစ်အာဏာရှင်တပ်က KTLA အကူအညီနဲ့ မောတောင်မြို့ကို ပြန်သိမ်းတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

စစ်အာဏာရှင်တပ်က KTLA အကူအညီနဲ့ မောတောင်မြို့ကို ပြန်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

ထိုင်း-မြန်မာနယ်စပ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် မေလ ၁၉ရက်မှာ KNU ဘက်က လက်လွှတ်ခဲ့ရပါတယ်။

အဲဒီလို လက်လွှတ်ခဲ့ရတာဟာ စစ်အာဏာရှင်တပ်ကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကော်သူးလေတပ်မတော် (KTLA) ဘက်က ကူညီပေးခဲ့တာကြောင့်ဆိုပြီး “Thoolei Poe” အမည်နဲ့ Facebook အကောင့်တစ်ခုက မေလ ၂ဝ ရက်က စတင်ဖြန့်ချိခဲ့ပါတယ်။

Follower နှစ်သောင်းရှစ်ထောင်ကျော်ရှိတဲ့ အဲဒီအကောင့်ကနေ ကရင်၊ မြန်မာ နှစ်ဘာသာနဲ့ ဖြန့်ချိထားတာတွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/GSDac

အဲဒီဖော်ပြချက်နဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက်ထားတဲ့၊ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား ပြဿနာဖြစ်အောင် လှုံ့ဆော်ရာရောက်တဲ့ သတင်းအမှားအဖြစ် တွေ့ရှိရပါတယ်။

မောတောင်ကို စစ်အာဏာရှင်တပ် ပြန်သိမ်း

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မောတောင်မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်အာဏာရှင်တပ်ဟာ ဧပြီလ ၂၁ ရက်ကနေ စပြီး ကားအစီးရေ ၅၀ ကျော်နဲ့ တနင်္သာရီ-မောတောင်လမ်းကို စစ်အင်အား တိုးမြှင့်ခဲ့ပါတယ်။

မြေပြင်မှာ စစ်အင်အား တိုးမြှင့်တာအပြင် လေကြောင်းကနေလည်း တရပ်စပ်တိုက်ခိုက်ခဲ့ပါတယ်။ မြေပြင်မှာလည်း တိုက်ပွဲတွေဟာ သုံးပတ်ကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။

မောတောင်မြို့ကို ဝင်ရောက်ရာမှာလည်း ရဟန်းတွေအပါအဝင် ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ် ခေါ်ဆောင်လာတာကြောင့် မေလ ၁၉ရက်မှာ မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မောတောင်မြို့ကို စစ်အာဏာရှင်တပ် ပြန်လည်သိမ်းယူတဲ့ အကြောင်း Dawei Watch က သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/hZo8t

မောတောင်အနောက်ဘက် သဲဖြူရွာဘက်မှတစ်ဆင့် စစ်အာဏာရှင် တပ်ရင်း ၁၁ ရင်းကနေ အင်အား ၁၀၀၀ ကျော်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တယ်လို့ မောတောင်မှာ စစ်အာဏာရှင်တပ်ထိုးစစ်ကို ခုခံခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး Myanmar Now ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီအကြောင်းအရာ ပါဝင်ဖော်ပြထားတဲ့ Myanmar Now သတင်းဌာနရဲ့ “ချင်းပြည်နယ် တွန်းဇံနှင့် ထိုင်းနယ်စပ် မောတောင်မြို့တို့ကို စစ်တပ်ပြန်သိမ်း ” ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းလင့်ခ် – https://shorturl.at/JMPi4

စစ်အာဏာရှင်တပ်က စစ်အင်အားများပြီး လက်နက်အင်အားကောင်းတာကြောင့် မောတောင်ကို ပြန်လည်ရရှိသွားတာလို့ ကရင်အမျိုးသားအစည်းအရုံးတာဝန်ရှိသူတစ်ဦးရဲ့ ဖြေကြားချက်ကို BBC မြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

KNLA နဲ့ တော်လှန်ရေးတပ်များက မြေပြင်ထိုးစစ်ကို ထိန်းနိုင်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အကျအဆုံး မများအောင် ဖယ်ပေးခဲ့ရတာလို့လည်း ပြောဆိုထားပါတယ်။ အဲဒီအကြောင်းအရာ ပါဝင်တဲ့ BBC မြန်မာပိုင်းသတင်းလင့်ခ် – https://shorturl.at/LGcmP

KTLA ကူညီခဲ့သလား

မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းယူရာမှာ KTLA ကူညီခဲ့လို့ မဟုတ်ဘဲ စစ်အာဏာရှင်တပ်ရဲ့ သာလွန်အင်အားနဲ့ KNU ဘက်က အားနည်းချက်တချို့ကြောင့်ပဲ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် KNU ဥက္ကဋ္ဌ ပဒိုစောညာဝါးက သူရဲ့လူမှုကွန်ရက်ကနေ ဖြေရှင်းထားပါတယ်။

KNLA နဲ့ KTLA တို့ကြား နှစ်ဖက်ပွတ်တိုက်မှုတွေဟာ ထားဝယ်ခရိုင်မှာ ဖြစ်ပွားတာရှိပေမယ့် မြိတ်၊ တနင်္သာရီဘက်မှာ နှစ်ဖက်တပ်ကြား ပြဿနာတစ်စုံတစ်ရာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“ဘိတ် (တနင်္သာရီ) ဘက်မှာ ဘာပြဿနာမှလည်း မရှိသလို ရန်သူမောတောင်ပြန်ရသွားတာ ဘယ် KTLA ကမှလည်း မကူညီပါဘူး။ ကျွန်တော်တို့ အတူတူတိုက်နေတဲ့ကြားက ရန်သူရဲ့ သာလွန်အင်အားနှင့် ကျွန်တော်တို့ရဲ့ အားနည်းချက် တွေကြောင့် မောတောင်မြို့ကို ပြန်ပေးလိုက်ရတာပါ” လို့ပြန်ဖြေရှင်းထားပါတယ်။

စစ်အုပ်စုဘက်က မောတောင်မြို့ကို မေလ ၅ ရက်ကစပြီး ၁၉ ရက်အထိ ဆယ်ရက်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ခဲ့ပြီးနောက် ပြန်သိမ်းနိုင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲတွေမှာ KTLA က ကူညီခဲ့တယ်လို့ ထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။

မောတောင်မြို့နဲ့ပတ်သက်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက် – https://shorturl.at/upDrM

ဒါ့ကြောင့် မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ပြန်သိမ်းတဲ့နေရာမှာ KTLA က ကူညီခဲ့တယ်လို့ ဖော်ပြချက်ဟာ သတင်းအမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ရင်းမြစ်ကို စိစစ်ချက်

“Thoolei Poe” အမည်နဲ့ “Facebook အကောင့်ဟာ ကရင်တိုင်းရင်းသားတွေအကြား ပြောဆိုလေ့ရှိတဲ့ ကော်သူးလေ ဆိုတဲ့ စကားလုံးကနေ ထုတ်နုတ်ထားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

အဲဒီ Facebook အကောင့်ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး ဖော်ပြထားတဲ့ ဖော်ပြချက်အများစုကို လေ့လာကြည့်ရာမှာတော့ ကရင်လက်နက်နှစ်ဖွဲ့အကြား ပဋိပက္ခအသွင်ဆောင်စေတဲ့ လှုံ့ဆော်မှုတွေအများအပြား ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ကရင်၊ မြန်မာနှစ်ဘာသာနဲ့ ဖြန့်ချိလေ့ရှိပြီး ဖော်ပြချက်တွေကလည်း ပျံ့နှံ့မှုများတာကြောင့် သတိထားဆင်ခြင်သင့်တဲ့ အကောင့်တစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။

အဲဒီအကောင့် ကို လည်ပတ်နေတာကတော့ သြစတြေးလျားနိုင်ငံ လိပ်စာနဲ့ မှတ်ပုံတင်ထားသူတစ်ဦးက ထိန်းချုပ် လည်ပတ်နေတာဖြစ်တာကို Page Transparency စစ်ဆေးချက်အရ သိရပါတယ်။

စိစစ်တွေ့ရှိ သုံးသပ်ချက်

စစ်အာဏာရှင်တပ်ဟာ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လူအင်အား၊ လက်နက်အင်အား အလုံးအရင်းသုံးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း တရပ်စပ် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေကိုပါ လူသားဒိုင်းသုံးခဲ့တာကြောင့် တော်လှန်ရေးတပ်တွေဘက်က မောတောင်မြို့ကို လက်လွှတ်လိုက်ရတာလို့ KNU နဲ့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ဒါပေမဲ့ မောတောင်မြို့ပြန်သိမ်းနိုင်ဖို့ စစ်အာဏာရှင်တပ်ဘက်ကို KTLA က ကူညီခဲ့တယ်လို့ဖြန့်ချိချက်ကတော့ မှားယွင်း နေတာ တွေ့ရပါတယ်။ အရင်ကတည်းက ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား ပဋိပက္ခတွေရှိတဲ့ တနင်္သာရီတိုင်းမှာ အခုလို မှားယွင်းတဲ့ဖြန့်ချိချက်တွေဟာ နှစ်ဖက်ကြား ပဋိပက္ခတွေကို ပိုမိုကြီးထွားလာအောင် လှုံ့ဆော်တဲ့ သတင်းအမှားအဖြစ် စိစစ်တွေ့ရှိရပါတယ်။

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .