တနင်္သာရီ တကူရွာစာသင်ကျောင်းကို ဗုံးကြဲမှု PDF တွေ နေထိုင်လို့ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်
Share:FacebookX

တနင်္သာရီ တကူရွာစာသင်ကျောင်းကို ဗုံးကြဲမှု PDF တွေ နေထိုင်လို့ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်

တနင်္သာရီမြို့နယ်၊ တကူကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က မေလ ၁၃ ရက်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်နှစ်ဆောင် ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်ကို စစ်အုပ်စုဝါဒဖြန့် တယ်လီချန်နယ်နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေကတော့ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ PDF တွေကိုလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံးကြတယ်လို့ မေလ ၁၃ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။

စစ်အုပ်စုဝါဒဖြန့် တယ်လီချန်နယ်နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေရဲ့ ဖြန့်ချိမှုကို Myanmar Fact-Checking Network အဖွဲ့ဝင် Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို တွေ့ရှိရပါတယ်။

Follower နှစ်သိန်းကျော်ရှိတဲ့ ” မြိတ်သတင်း ဓာတ်ပုံ” အမည်နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက “အထက(တကူ) စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ရသဖြင့် မြိတ်ခရိုင် PDF ၄ ဦး မြင့်မြတ်စွာကျဆုံး ၂ ဦးဒဏ်ရာအနည်းငယ်ရ” ဆိုပြီး ဖြန့်ချိခဲ့ပါတယ်။ အောက်ဖော်ပြပါ ပုံ မှာ ကြည့်နိုင်ပါတယ်။

အလားတူ Subscriber ပြုလုပ်သူ တစ်ထောင့်ငါးရာကျော်ရှိတဲ့ ” မြိတ်သတင်း” အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကလည်း အထက်ပါလူမှုကွန်ရက်စာမျက်နှာက ဖော်ပြတဲ့အတိုင်း ကူးယူဖော်ပြထားတာတွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/vjRmN

တကူ အထက ကျောင်း ဗုံးကြဲခံရ

တကူကျေးရွာ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ မေလ ၁၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးတယ်လို့ ဒေသခံတွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦး ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ထပ် စာသင်ဆောင်တစ်ဆောင်နဲ့ ရုံးခန်းပါဝင်တဲ့ ကျောင်းဆောင်တစ်ဆောင် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး မှတ်တမ်းဓာတ်ပုံတွေမှာလည်း ပျက်စီးမှုတွေကို တွေ့ရပါတယ်။

ကျောင်းပိတ်ကာလဖြစ်တာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ရွာသားတစ်ဦးက ပြောဆိုပါတယ်။

“ကျောင်းမဖွင့်ဘူးလေ။ လူမရှိတော့ လူတွေထိခိုက်မှုမရှိဘူး။ လေယာဥ်က နှစ်စီးတက်လာတယ်ပြောတယ်။ ကျွန်တော်က အဖြူတစ်စီးပဲ မြင်တယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ စစ်အာဏာရှင်တပ်က တကူကျေးရွာကို လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/orzao

ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် ကလည်း တကူရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုကို သတင်းထုတ် ပြန်ထားပါတယ်။ အဲဒီသတင်း မှာလည်း ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးတယ်လို့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ လူထိခိုက် သေဆုံးတာမျိုး ရှိတယ်လို့ ဖော်ပြထားတာ မတွေ့ရပါဘူး။

KNU ရဲ့ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/mU9vV

DVB သတင်းဌာနကလည်း မြိတ်လေတပ်စခန်းက တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ FTC 2000G တိုက်လေယာဉ်တစ်စီးဟာ တကူရွာ စာသင်ကျောင်းကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ကျောင်းပိတ်ရက်ကာလ ဖြစ်တာကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ စာသင်ကျောင်းတာဝန်ခံတစ်ဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ကျောင်းဆောင် နှစ်ဆောင် ပျက်စီးသွားပြီး ကျောင်းသား၊ ကျောင်းသူတွေ ပြန်လည် ပညာသင်ကြားနိုင်ဖို့ လုံးဝ အဆင်မပြေတော့ဘူးလို့လည်း ဖြေကြားထားတာ တွေ့ရပါတယ်။

DVB သတင်းလင့်ခ် – https://shorturl.at/dYXuy

တကူ အထကမှာ PDF တွေရှိတာ ဟုတ်ရဲ့လား

တကူရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုမှာ PDF တွေ ထိခိုက်သေဆုံးတာ ရှိမရှိနဲ့ စာသင်ကျောင်းမှာ PDF တွေ လက်ရှိ နေထိုင်နေတာ ရှိမရှိဆိုတာကို တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူနဲ့ ကျေးရွာပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးကို မေးမြန်းပြီး စိစစ်ထားပါတယ်။

တကူကျေးရွာအုပ်စုဟာ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေထဲပါဝင်ပြီး မကြာခဏ လေကြောင်း တိုက်ခိုက်ခံရလေ့ ရှိတယ်လို့ အထက်ပါသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တကူကျေးရွာအုပ်စုအပါအဝင် တနင်္သာရီမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံကို တကူရွာ စာသင်ကျောင်းဗုံးကြဲခံရမှုနဲ့ စာသင်ကျောင်းမှာ တပ်စွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာ အခုလိုဖြေကြားပါတယ်။

“ဘယ်လို ရည်ရွယ်ချက်နဲ့ ဝါဒဖြန့်လဲတော့မသိဘူး။ သေချာတာက (တကူစာသင်ကျောင်း ဗုံးကြဲခံရမှုမှာ) ရဲဘော်ရော အရပ်သားရော ထိခိုက်မှုမရှိဘူး။ တကူမှာလည်း အထိုင်ချနေတဲ့ တော်လှန်ရေးအဖွဲ့ မရှိဘူး။ ပြောတဲ့သူကတော့ ရည်ရွယ်ချက် တစ်ခုခုရှိမှာပါ” လို့ သူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာကလည်း တကူရွာစာသင်ကျောင်း ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီးဖြေရှင်းချက် ထုတ်ထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ အားလုံးဟာ စာသင်ကျောင်းတွေမှာ တပ်စွဲထားတာ မရှိသလို အဲဒီလို လုပ်ဆောင်ဖို့ ညွှန်ကြားထားတာမျိုး လုံးဝမရှိဘူးလို့ ဖော်ပြပါတယ်။

တနင်္သာရီ တိုင်းစစ်ဌာန၏ ဖြေရှင်းချက် လင့်ခ် – https://shorturl.at/k2QO3

တကူကျေးရွာ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို တကူစာသင်ကျောင်းရဲ့ လက်တလော အခြေအနေကို မေးမြန်းကြည့်ရာမှာ အခုလိုပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းက စစ်တပ်ဘက်က ကျောင်းတော့ မပြန်ဖွင့်နိုင်ဘူး။ ရွာကတွေစုပြီး ကလေးတွေကို ပညာ သင်ပေးနေတာတော့ ရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ လာနေတာမျိုးတော့ မရှိဘူး။ အခုဗုံးကြဲတာကလည်း ကျောင်းပိတ် နေလို့ တော်သေးတယ်။ ဘယ်သူမှမထိကြဘူး” လို့ သူကပြောပါတယ်။

သတင်းအမှား ဖြန့်ခဲ့တဲ့ ရင်းမြစ်တွေကို စိစစ်ချက်

“မြိတ်သတင်း” တယ်လီဂရမ်ချန်နယ်နဲ့ “မြိတ်သတင်းဓာတ်ပုံ” Facebook Page တို့ဟာ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြိတ်မြို့ကို အခြေခံပြီး အမည်ပေးထားကြပါတယ်။

မြိတ်သတင်း ဓာတ်ပုံ ဆိုတဲ့ Facebook Page ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်း စတင်ဖွင့်ခဲ့တာဖြစ်ပြီး အစပိုင်းမှာ ဒေသတွင်း သတင်းတွေကို ရင်းမြစ်ပေါင်းစုံက ပြန်လည်ကူးယူဖော်ပြခဲ့တာကို တွေ့ရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း မှာတော့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ website နဲ့ ရုပ်မြင်သံကြားက သတင်းတွေကို ဦးစားပေးဖော်ပြ လာတာမျိုး တွေ့ရ ပါတယ်။ Page ကို လည်ပတ်နေတာကတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေသူလေးဦးနဲ့ လည်ပတ်နေတာဖြစ်တာကို Page Transparency စစ်ဆေးချက်အရ သိရပါတယ်။

အလားတူ “မြိတ်သတင်း” အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကတော့ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လမှာမှ ပေါ်လာပြီး အထက်ပါ ” မြိတ်သတင်း ဓာတ်ပုံ” page က ဖော်ပြသမျှ ပြန်ကူးယူဖော်ထားတာကြောင့် အချိတ်အဆက် ရှိပြီး လည်ပတ်နေသူတွေဟာ အစုအဖွဲ့ တစ်ခုတည်း ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

စိစစ်တွေ့ရှိချက်နဲ့ သုံးသပ်ချက်

မေလ ၁၄ ရက်က တကူရွာ အထက ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကျောင်းဆောင်နှစ်ဆောင်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စု ဝါဒဖြန့်သူတွေက ဖြန့်ချိသလို PDF တွေ နေထိုင်တာ၊ သေဆုံးတာမျိုး မတွေ့ရသလို အရပ်သား ထိခိုက် တာလည်း မရှိခဲ့ဘူးလို့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေ၊ တကူကျေးရွာ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေ၊ ဒေသခံတွေကို မေးမြန်းအတည်ပြုချက်အရ သိရပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (ဂျီနီဗာကွန်ဗင်းရှင်းများ) အရ စစ်ပွဲကာလမှာ အကာအကွယ်ပေးရမယ့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံထဲမှာပါတဲ့ စာသင်ကျောင်းကို ဗုံးကြဲပြီးနောက်မှာ စစ်အုပ်စုရဲ့ အပြစ်ကို ဖုံးကွယ်ဖို့ အချိန်ကိုက် သတင်းအမှားဖြန့်ချိခဲ့တာလို့ သုံးသပ်ရပါတယ်။

တကူရွာဟာ မကြာခဏ လေကြောင်းတိုက်ခိုက်ခံရသလို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေလည်း မကြာခဏ ဖြန့်ချိခံရပါတယ်။

အခုနှစ် မတ်လ ၁၀ ရက်က တနင်္သာရီ တကူရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတွေသေဆုံးတာကို PDF ဆိုပြီး စစ်အုပ်စု ဝါဒဖြန့်သူတွေက သတင်းအမှားဖြန့်ခဲ့ပါသေးတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/19/03/2026/127795/

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း တကူရွာမှာ မီးသတ်တပ်ဖွဲ့ရုံး လေကြောင်းတိုက်ခိုက်ခံရလို့ အဆောက်အအုံ ထိခိုက် ပျက်စီးခဲ့ပြီး ကျောင်းသားတစ်ဦး အပါအဝင် အရပ်သား လေးဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဂိတ်နဲ့ စခန်းအဆောက်အအုံတွေကို ထိမှန်ပြီး ထိခိုက်သေဆုံးမှု များနေတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ခဲ့ပါတယ်။အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/16/10/2025/120256/

၂၀၂၂ ခုနှစ်ကလည်း တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်းခဲ့တာကို Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။
လင့်ခ် – https://www.daweiwatch.com/22/01/2025/104931/

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .