KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်
Share:FacebookX

KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၅) က တပ်မှူးနဲ့ အဖွဲ့ဝင်တွေက စစ်အာဏာရှင်တပ်နဲ့ ဆွေးနွေးပြီး ဌာနေ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖို့ ပြုလုပ်နေတယ်လို့ စစ်အုပ်စုဝါဒဖြန့်သူတွေက ဇွန်လလယ်လောက်ကစပြီး အင်တာနက်လူမှု ကွန်ရက် မျိုးစုံကနေ ဖြန့်ချိနေကြပါတယ်။

အဲဒီအကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ KIC နဲ့ Dawei Watch က မြေပြင် သတင်းအချက်အလက်နဲ့ သက်ဆိုင်သူတွေကို မေးမြန်းအတည်ပြုချက်ပြီး အချက်အလက်စိစစ်ထားပါတယ်။

ဘယ်လိုတွေဖြန့်ချိနေလဲ

Facebook နဲ့ တယ်လီဂရမ်တွေမှာ ရှိတဲ့ စစ်အုပ်စု ဝါဒဖြန့်သူနဲ့ ချန်နယ်တွေကနေ ဖြန့်ချိနေကြတာပါ။

ဇွန်လ ၁၇ ရက်မှာ Satt Nann Watii Maung အမည်နဲ့ Facebook လူမှုကွန်ရက်အကောင့်က ကရင်ပြည်နယ် ဖာပွန်မှာ KNU တပ်မဟာ (၅) က တပ်မဟာမှူး ဘောကျော်ဟဲ အပါအဝင် တပ်ဖွဲ့တွေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲပြီး ပြည်သူ့စစ်ဖွဲ့ဖို့ တောင်းဆိုထားတယ်ဆိုပြီး ဖြန့်ချိပါတယ်။ ဓာတ်ပုံ ၁ မှာ ကြည့်နိုင်ပါတယ်။

Subscriber တစ်သောင်းကျော်ရှိတဲ့ U Nay Win အမည်နဲ့ တယ်လီဂရမ်ချန်နယ်ကလည်း အလားတူဖော်ပြချက်ကို ဇွန်လ ၁၉ ရက်မှာ ဖော်ပြပါတယ်။ ဖော်ပြချက် လင့်ခ် – https://archive.ph/tSI1o

နောက်ထပ် Tittok နဲ့ Youtube တွေမှာလည်း NP news အမည်နဲ့ ချန်နယ်တွေက အလားတူ ဖော်ပြချက်တွေကို ဖြန့်ချိနေပါတယ်။ ဓာတ်ပုံ ၂ မှာ ကြည့်နိုင်ပါတယ်။

NP news အမည်နဲ့ Youtube ချန်နယ်က ဇွန်လ ၁၆ ရက်ကဖြန့်ချိတာကို ရုပ်သံ ၏ ၃၈ မိနစ်နောက်ပိုင်းမှာ ကြည့်နိုင်ပါတယ်။ ရုပ်သံလင့်ခ် – https://archive.ph/TTJmx

တပ်မဟာ ၅ မှာ ဘာဖြစ်နေလဲ

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Myanmar Fact-checking Network အဖွဲ့ဝင် People’s Spring သတင်းဌာနက ဇွန် ၂၆ရက်မှာ သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက စစ်အာဏာရှင်တပ်က ကမမောင်းမြို့ကနေ ထိုးစစ်ဆင်နေရာ လက်ရှိမှာ ကတိုင်တိရွာအနီးမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။

“ကရင်ပြည်နယ် နေရာအချို့က စစ်ရေးအခြေအနေ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဖော်ပြတဲ့ People Spring သတင်းလင့်ခ် – https://shorturl.at/Ie3NH

ဖာပွန်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ လမ်းတစ်လျှောက် လမ်းရှင်းတဲ့အနေနဲ့ အနီးဝန်းကျင် ကျေးရွာများထဲ ဝင်ရောက်ပြီး အရပ်သားနေအိမ်တွေ ကို မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဒါ့ကြောင့် ကျေးရွာ (၅) ရွာထက်မနည်း ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေနဲ့ ဒေသခံတွေကို ကိုးကားပြီး ဇွန်လ ၂၆ ရက်မှာ KIC က သတင်းဖော်ပြပါတယ်။

ဖာပွန်မှာ နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲဖြစ်တယ်လို့ KIC ရဲ့ သတင်းမှာ ဖော်ပြပါတယ်။

“ဖာပွန်တွင် စစ်အုပ်စုနှင့် နယ်မြေခံပူးပေါင်းတို့ တိုက်ပွဲ ဆက်လက်ပြင်းထန်” ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့ KIC သတင်းဌာနရဲ့ သတင်းလင့်ခ် – https://shorturl.at/9F2aJ

မြေပြင်မှာ ဘယ်သူတွေ ဘက်ပြောင်းနေလဲ

စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေး အခြေအနေများ တင်းမာနေတဲ့ ဖာပွန်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ခလရ ၁၉ တပ်ရင်းမှူးကို စစ်မှုထမ်း တပ်သားသစ်များက လုပ်ကြံပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဇွန် ၂၈ ရက်ညပိုင်း မှာ လူမှုကွန်ရက်မှာ လူငယ်တစ်ဦးက ထုတ်ပြောဆိုထားတဲ့ ရုပ်သံ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလူငယ်ဟာ ဇွန်လ တတိယအပတ်အတွင်း အခြားစစ်မှုထမ်းစစ်သား စုစုပေါင်း ၂၃ ယောက်နဲ့အတူ KNLA ထံသို့ လာရောက် ပူပေါင်းခဲ့တယ်လို့ကရင် သတင်းအရင်းအမြစ်နဲ့ ဆက်သွယ်မေးမြန်းချက်ကို ကိုးကားပြီး မဇ္စျိမသတင်းဌာန က သတင်းဖော်ပြထားပါတယ်။

အဲဒီလူငယ်နဲ့အတူ လာရောက်ပူးပေါင်းတဲ့ စစ်မှုထမ်းတွေထဲမှာ အရင်က တပ်က ထွက်ပြေးရာကနေ ပြန်ဖမ်းမိထားပြီး သေဒဏ်ပေးခံထားရတဲ့ စစ်မှုထမ်း အဓမ္မစုဆောင်းခံရတဲ့ လူငယ်တချို့လည်း ပါဝင်တယ်လို့ မဇ္စျိမရဲ့သတင်းမှာ ပါရှိပါတယ်။

မဇ္စျိမသတင်းဌာန ရဲ့ သတင်းလင့်ခ် – https://shorturl.at/5

ဘက်ပြောင်းလာတဲ့လူငယ်ထွက်ဆိုထားတဲ့ရုပ်သံ မူရင်း ဖော်ပြတဲ့ FFD တပ်ဖွဲ့ရဲ့ ရုပ်သံ လင့်ခ် – https://shorturl.at/fgUL6

အဲဒီထုတ်ဖော်ပြောဆိုချက်အရ ခလရ ၁၉ တပ်ရင်းမှူးသေဆုံးတာနဲ့ပတ်သက်ပြီး စစ်အုပ်စုရဲ့ ပြန်ကြားရေးဌာနနဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကတော့ ဇွန်လ ၂၉ ရက်ညနေပိုင်းအထိ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန် ငြင်းဆိုကြတာမျိုး မတွေ့ရသေး ပါဘူး။

KNU တပ်မဟာ ၅ လက်အောက်က တပ်သားတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေ စစ်အုပ်စုထံဘက်ပြောင်းတယ်လို့ ဝါဒဖြန့်သူတွေက ပြောနေပေမယ့် စစ်အုပ်စုရဲ့ ပြန်ကြားရေးဌာန၊ စစ်အုပ်စုပိုင် မြဝတီသတင်းဌာန၊ စစ်အုပ်စုရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ပလက်ဖောင်း မျိုးစုံမှာ ဇွန်လအတွင်း ဖာပွန်ခရိုင်ထဲက တော်လှန်ရေးအင်အားစု တွေ စစ်အုပ်စုထံ ဘက်ပြောင်းတာနဲ့ ပတ်သက်ပြီး သတင်းဖော်ပြထားတာမျိုး မတွေ့ရှိရသေးပါဘူး။

စစ်အုပ်စုဟာ သူတို့ဆီကို တော်လှန်ရေးတပ်ဘက်က ဘက်ပြောင်းတာနဲ့ပတ်သက်ပြီး အရေအတွက် တစ်ဦးကစလို့ သတင်းဖြန့်ချိလို့ရတဲ့ နေရာပေါင်းစုံကနေ ဝေဝေဆာဆာ ဖြန့်ချိ ဝါဒဖြန့်လေ့ရှိပါတယ်။

အခုက အဲဒီလို စစ်အုပ်စုရဲ့ သတင်းဖြန့်ချိတဲ့ ပလက်ဖောင်းတွေမှာ အဲဒီအကြောင်းအရာကို ဖော်ပြထားတာမရှိဘဲ စစ်အုပ်စုဝါဒဖြန့်လိုသူတွေက အချက်အလက်မဲ့ ပုံဖော် ဖြန့်ချိနေတာကိုသာ စိစစ်တွေ့ရပါတယ် ။

တပ်မဟာ ၅ ဖြေရှင်းချက်

စစ်အုပ်စုဘက်က ဖြန့်ချိချက်တာနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၅ တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“အမှတ် (၅) တပ်မဟာမှာ (ဘက်ပြောင်းတာ) ဘာတစ်ခုမှမရှိ။ မဖြစ်ဘူး။ အဲဒါတွေက သူတို့(စစ်အုပ်စု) လုပ်နေကျ အလုပ်ပဲ၊၊ လက်ရှိလက်တွေ့မြေပြင်မှာ အထူးသဖြင့် ကမမောင်း ဖာပွန်ထိုးစစ်မှာ အားမကောင်းနေတဲ့အခါမျိုး ဖြစ်ပြန်တော့ စိတ်ဓာတ်စစ်ဆင်ရေးပါ လိုက်လုပ်နေရတဲ့ သဘောပဲ” လို့ တပ်မဟာ(၅)ပြောခွင့်ရ ပဒိုစောရော်ဘင်မူးက ပြောပါတယ်။

သုံးသပ်ချက်

စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ တပ်မဟာ ၅ ခွင်မှာ စစ်ရေးပြင်းထန်နေချိန် မှာ ပြည်သူ့စစ်အဖြစ် ဘက်ပြောင်းမယ် ဆိုတဲ့အကြောင်အရာဟာ လုပ်ကြံဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ဖာပွန် စစ်မျက်နှာပြင်ကနေ ဘက်ပြောင်းနေသူတွေဟာ တော်လှန်ရေးအင်အားစုတွေ မဟုတ်ဘဲ စစ်အာဏာရှင် စစ်ကြောင်း က စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတွေဖြစ်တာကို မြေပြင်အတည်ပြုချက်နဲ့ သတင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

စစ်အုပ်စု ဝါဒဖြန့်သူတွေရဲ့ ဖြန့်ချိချက်မှာ ခိုင်မာတဲ့အချက်အလက်မပါတဲ့ အထင်အမြင်နဲ့ ပုံဖော်ပြောဆိုတဲ့ပုံစံဖြစ်တာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုဝါဒဖြန့်သူတွေရဲ့ ဖြန့်ချိချက် ဖြစ်တဲ့ KNU တပ်မဟာ ၅ ဟာ စစ်အာဏာရှင်တပ်ရဲ့ ဌာနေပြည်သူ့စစ်ပြောင်းလဲမယ်ဆိုတာက လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIC နဲ့ Dawei Watch တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .