ထိုင်းနိုင်ငံ ၊ ချွန်ဘူရီခရိုင်မှာ ထိုင်းထီရောင်းချနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို နယ်မြေတာဝန်ရှိသူတွေက ဇွန်လ ၁၆ ရက်မှာ ဖမ်းဆီးအရေးယူခဲ့ပါတယ်။ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်ကို လုပ်တာကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။
အဲဒီဖြစ်စဥ်ကို စစ်အုပ်စု ဝါဒဖြန့် တယ်လီချန်နယ်တွေက ထိုင်းမှာ တော်လှန်ထီ၊ နွေဦးထီ ရောင်းနေတဲ့ မြန်မာနှစ်ဦး ဖမ်းဆီးခံရတယ်ဆိုပြီး ဇွန်လ ၁၈ ရက်မှာ ရေးသားဖြန့်ချိနေကြပါတယ်။
အဲဒီလိုဖြန့်ချိတာနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အပေါ်အခြေခံကာ ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်ရေးသားထားတဲ့ ဖော်ပြချက် အမှားဖြစ်တာကို စိစစ်တွေ့ရပါတယ်။
Subscriber ငါးသောင်းကျော်ရှိတဲ့ နေပြည်တော် နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိချက်ဟာ မြင်တွေ့ပြီးသူ သုံးထောင်ငါးရာကျော်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/Hrt7L
အဲဒီဖော်ပြချက်ကို ကူးယူဖော်ပြတဲ့ Truth media နာမည်နဲ့ ချန်နယ်ရဲ့ လင့်ခ် – https://archive.ph/Qar86
ထိုင်းမှာ ထီရောင်းတဲ့ မြန်မာနှစ်ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်းဘေးတစ်နေရာမှာ ထီရောင်းနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။
ချွန်ဘူရီမြို့ လမ်းတစ်လျှောက်မှာ နိုင်ငံခြားသားတွေ ထီရောင်းနေတယ်လို့ တိုင်ကြားလာတာကြောင့် ဇွန်လ ၁၆ ရက်က အလုပ်သမားရုံး တာဝန်ရှိသူများနှင့် အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေဟာ ဈေးရောင်းတာ အပါအဝင် ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စတာတွေ လုပ်ပိုင်ခွင့် မပြုထားပါဘူး။
မြန်မာနိုင်ငံသားနှစ်ဦးဟာ ထီလက်မှတ်တွေကို အခြားသူဆီကနေ ယူပြီး ရောင်းချတာဖြစ်ပြီး အလုပ်ရှင်နဲ့ ဆက်စပ် နေသူတွေကိုလည်း အာဏာပိုင်တွေက ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဖမ်းခံရသူနှစ်ဦးနဲ့အတူ ထီလက်မှတ် ၅၀၀ ကျော် (ဘတ် လေးသောင်းကျော်ဖိုး) ကိုလည်း သက်သေအနေဲ့ သိမ်းဆည်းခဲ့ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/uXaYQ
ထိုင်းသတင်းဌာန FM91ရဲ့ အင်္ဂလိပ် ဘာသာနဲ့ဖော်ပြထားတဲ့ မူရင်းသတင်းလင့်ခ် – https://shorturl.at/CoV7D
ထီရောင်တဲ့ မြန်မာနှစ်ဦး အဖမ်းခံရတဲ့ သတင်းကို ဘီကွန်မြန်မာ သတင်းဌာနကလည်း ဖော်ပြထားပါတယ် ။ လင့်ခ် – https://shorturl.at/klJ4l
သတင်းဓာတ်ပုံတွေမှာ မြင်တွေ့ရတဲ့ ထီလက်မှတ်တွေဟာ ထိုင်းအစိုးရ ထီလက်မှတ်တွေဖြစ်တာကို တွေ့ရပါတယ်။
စိစစ်တွေ့ရှိ သုံးသပ်ချက်
ဒါကြောင့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြနေသလို တော်လှန်ထီ၊ နွေဦးထီရောင်းလို့ ဖမ်းဆီးခံရတာ မဟုတ်ဘဲ ထိုင်းမှာ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ ထီရောင်းတဲ့အလုပ်ကို လုပ်ကိုင်လို့ ဖမ်းဆီးခံရတာအဖြစ် တွေ့ရှိရပါတယ်။
အဲဒီဖြစ်စဉ်အပေါ်မှာ အခြေခံပြီး တော်လှန်ရေးထီ၊ ထောက်ပို့ထီတွေကို အနှောက်အယှက်ပြုဖို့၊ ပုံဖျက်ဖို့အတွက် အချိန်ကိုက်သတင်းအမှား ဖြန့်ချိတာအဖြစ် သုံးသပ်ရပါတယ်။
အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







