ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်
Share:FacebookX

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

၂၀၂၅ ဧပြီလ ၂၆ ရက်

 

(ခမ်းသားငေါဝ်း၊ သျှမ်းသံတော်ဆင့်၊ The Red Flag/ MFCN)

 

လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ 

 

ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး 

မှောင်ခိုသမားတွေဟာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ တွေ့တဲ့အချိန်မှာ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲပုံစံဖြစ်ပွားခဲ့ပြီး Ice မူးယစ်ဆေးတွေက SSPPတံဆိပ်တုံးလည်းပါတယ်။  ပြီးUWSAနဲ့ နီးစပ်တဲ့ SSPP လက်အောက်ခံ စဝ်ဆိုင်ဝ ဦး‌ဆောင်တဲ့ 999 လုံးတပ်တံဆိပ်ကို အိတ်တွေနဲ့ ထည့်သယ်ခဲ့တာလို့ ထိုင်းဒေသတွင်း သတင်းဌာနက ရေးသားပါတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖော်ပြခဲ့ပါသည်။

 

ထိုသတင်းအမှားကို လိုက်နှင့်ရီအက်ပေးသူ ၁၃ ဦး၊ မှတ်ချက်ပေးသူ ၃ ဦးနှင့် ပြန်လည်မျှဝေသူ ၂၇ ဦး ထိရှိနေပါသည်။ 

 

ဖြန့်ဝေထားသည့် လင့် – https://archive.ph/uCPWX

 

၎င်းဖြန့်ချိထားသည့် အကြောင်းအရာကို Myanmar Fact-checking  Network အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် နှင့် ခမ်းသားငေါဝ်း တို့ ပူးပေါင်းပြီး Google Search တွင် “ထိုင်းမြန်မာ နယ်စပ် မူးယစ်ဆေးဝါး သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်မှု” အဓိက စကားလုံးဖြင့်  ရှာဖွေစစ်ဆေးရာတွင် မူရင်းဓါတ်ပုံကို  ပြုပြင်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

 

သတင်းစိစစ်ချက် 

 

ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဖားလွမ်ဒေသတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ သတင်းဌာန တို့၏ ဖော်ပြမှုကို တွေ့ရှိရပါသည်။ 

 

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့များနှင့် ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့က လေးဦး သေဆုံးခဲ့ပါသည်။ ပစ်ခတ်မှုအချိန်တွင် လက်နက်ကိုင်အဖွဲ့များဘက်က ၃၅ ဦးခန့်အထိ ပါဝင်ကြောင်း ခန့်မှန်းထားပြီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်များက မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည့်အတွက် မြန်မာလက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်းကို Dawei Watch သတင်းဌာနမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖော်ပြထားပါသည်။ 

 

Dawei Watch သတင်းလင့် –https://shorturl.at/fhHGE

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အာဏာပိုင်တွေ နယ်မြေရှင်းလင်းချိန် မြန်မာနိုင်ငံထဲကို လည့်ပြန်ခဲ့သည် မူးယစ်မှောင်ခို သယ်ဆောင်သူ ရုပ်အလောင်း လေးလောင်းနှင့် ကီလို တစ်ထောင်ကျော် (၁၁၅၅) Ice မူးယစ်စိတ်ကြွဆေးများပါသည့် ကျောပိုးအိတ် ၃၄ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်းကို လွတ်လပ်တဲ့ အာရှအသံ – RFA သတင်းဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖော်ပြထားပါသည်။ 

လွတ်လပ်တဲ့ အာရှအသံ – RFA သတင်းလင့် – https://shorturl.at/QbqGH

 

ထို့ကြောင့် ၎င်းဖြန့်ဝေထားသည့် SSPP အဖွဲ့မှ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အကြောင်းအရာကို သတင်းဌာနတို့၏ ဖော်ပြချက်တွင် မတွေ့ရှိရပါ။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်းသာ ထိုင်းရဲတပ်ဖွဲ့မှ ခန့်မှန်းထားမှုတွင် တွေ့ရှိရပါသည်။

 

ဖြန့်ဝေမှုတွင် အသုံးပြုထားသည့် SSPP တံဆိပ်တုံးပါ ဓါတ်ပုံသည် မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိချိန် ရိုက်ကူးထားသည့် မူရင်းဓါတ်ပုံကို ပြန်လည်ပြုပြင်ကာ လိုသလို ထပ်ဖြည့်ထားကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။ 

ဓါတ်ပုံ ကြည့်ရှူ့ရန်လင့် – https://shorturl.at/YtAyu

 

သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ထိုင်း – မြန်မာနယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့သည်မှာ သတင်းမှန်ဖြစ်ပါသည်။ 

 

၎င်းဝါဒဖြန့်သည့်အတိုင်း SSPP တံဆိပ်တုံးပါ မူးယစ်ဆေးသယ်လာသူများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ခဲ့ဆိုသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။ 

 

သတင်းအမှားဖြန့်ဝေသူမှ မူရင်းဓါတ်ပုံတွင်ပါသည့် “ထိုင်းရဲတပ်ဖွဲ့များ၏ အလံ” တံဆိပ်နေရာတွင် “SSPP အလံ” ပြောင်းလဲ ထည့်သွင်းထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

 

#သတိပြုရန် 

 

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ တွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတို့ကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။ 

ဒါအပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာ ကြတဲ့ ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။

 

သတင်းအကြောင်းအရာနှင့်တွဲပြီး သတင်းဓါတ်ပုံပါရှိသော်လည်း ပြည်သူများအနေဖြင့် ချက်ချင်းမယုံဘဲ ဓါတ်ပုံများကိုလည်း စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ 

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page)  ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

#MFCN #RedFlag # #FactCheck #Mis_Disinformation#  #ခမ်းသားငေါဝ်း #သျှမ်းသံတော်ဆင့်

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .