၂၀၂၅ ဇန်နဝါရီလ ၂၇ ရက်
( ဖက်ဒရယ် FM၊ The Red Flag) ကရင်နီပြည်တွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်ဓာတ်ပုံတွေနဲ့ နာမည်တွေကို အသုံးပြုပြီး အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုတွေ ပိုမိုများပြားလာနေပါတယ်။ အကောင့်တုဖွင့်ကာ လိမ်လည်အလှူခံမှုများနေတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင် ဖယ်ဒရယ် FM ၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ ငွေလိမ်လည်မှု ဖြစ်ကြောင်း သိရှိရပါသည်။ သတင်း စစ်ဆေးတွေ့ရှိချက် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်အယောင်ဆောင်ပြီး အစမှာ Ye Tun Aung နာမည် အကောင့်တုနဲ့ ငွေလိမ်လည်နေတာဖြစ်ကာ လက်ရှိမှာတော့ Yair Htun Naung ဆိုတဲ့ အကောင့်နာမည်ပြောင်းကာ ၁ နှစ်ကျော်ကြာ အခုအချိန်ထိ ငွေလိမ်လည်နေဆဲဖြစ်ကာ အဆိုပါအကောင့်မှာ Friends 1.9k ရှိနေပါတယ်။
အကောင့်တု faebook မူရင်းလင့်ခ် – https://www.facebook.com/share/14qfLyeSL3/
ဓာတ်ပုံတွေအသုံးပြုခံခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်တစ်ဦးကို ဖက်ဒရယ် FMက ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ဖြေကြားခဲ့ပါတယ်။ “အကောင့်တုနဲ့ပတ်သက်ပြီး ကျွန်တော့်အကောင့်မှာ ၂ ခါတင်ပြီး အသိပေးဖူးပါတယ်။ ဒါပေမယ့် လိမ်သူက အခုထိလိုက်လိမ်နေတုန်း။ လူလိမ်က ကရင်နီအကြောင်းကောင်းကောင်းသိနေတယ်ဆိုတော့ ဒီပြည်နယ်ထဲကလူပဲလို့ ထင်တယ်။ ဒီလို ဓာတ်ပုံနဲ့လိုက်လိမ်ပြီး အလွဲသုံးစားလုပ်နေတာဆိုတော့ အဆင်မပြေ၊ စိတ်ညစ်ရတဲ့အပြင် အလိမ်ခံရတဲ့လူတွေကိုလည်းအားနာရပါတယ်။” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://www.facebook.com/share/p/1FE2NSjxKD/
ဒါ့အပြင် KNDF ကတော့ အခုလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထွက်ရှိခဲ့ပြီး ထုတ်ပြန်ချက်မှာ ရဲဘော်တစ်ဦးဦး၊ တပ်ဖွဲ့ဝင်တစ်ဦးဦးရဲ့ ပုံရိပ်ကို အသုံးပြုပြီး လာရောက်အလှူခံရင် အလှူငွေ တစ်ပါတည်းပေးတာမျိုးမလုပ်ဘဲ တာဝန်ထမ်းဆောင်နေတဲ့ ဌာန၊ ဗျူဟာ၊ တပ်ရင်း အမည်နဲ့ ကိုယ်ပိုင်အမှတ်ကို တောင်းယူကာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီမှာ အတည်ပြုချက်ယူပြီးမှ လှူဒါန်းကြပါလို့ ဆိုပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://www.facebook.com/share/p/15ZTjayy1K/ https://archive.ph/j3I3j
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု – စစ်ဦးစီးချုပ် မာဝီကို ဖက်ဒရယ် FM ကနေ ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ” ပြည်သူ့ချွေးနဲစာတွေကို လိမ်လည်ပြီး KNDF ပုံရိပ်ကို အလွဲသုံးစားလုပ်တဲ့လူတွေအနေနဲ့ စုံစမ်းဖော်ထုတ်မိတဲ့အခါ စစ်ကောင်စီထက် ဆိုးဝါးတဲ့ ပြစ်မှုကျူးလွန်သူတွေအဖြစ်သတ်မှတ်ပြီး ပြစ်ဒဏ်စီရင်သွားမယ်လို့” ဆိုပြီးပြောဆိုထားပါတယ်။ သုံးသပ်ချက် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်အယောင်ဆောင်ပြီး Ye Tun Aun နှင့် Ye Tun Naung ဆိုတဲ့ အကောင့်နာမည်တွေဟာ ငွေလိမ်လည်မှုအကောင့်ဖြစ်ကြောင်း သိရှိရပါသည်။ စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် အလှူငွေများထည့်သွင်းကူညီမယ်ဆိုလျှင် သေချာစီစစ်ပြီးမှ လှူဒါန်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။ Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။