ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
Share:FacebookX

ဒေါက်တာဇော်မြင့်မောင် သေဆုံးမှု NLD, NUG နှင့် PDF များကြောင့်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Haythar – MPA-The Red Flag

စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် NLD, NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။

Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက် ညနေ ပိုင်းတွင် “ NLD/ NUG / PDF အာဏာရူးခြင်းကြောင့် ဦးဇော်မြင့်မောင် အသေစောရခြင်းဖြစ်တယ်” ဟု NLD, NUG နှင့် PDF များအကြောင်း အပုဒ်ချရေးသားထားသော အကြောင်းအရာနှင့်အတူ ဒေါက်တာ ဇော်မြင့်မောင်၏ ရုပ်အလောင်း ဓာတ်ပုံ အသုံးပြု၍ ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။

အဆိုပါရေးသားဖြန့်ဝေမှုကို အောက်တိုဘာ ၁၀ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၃၉,၀၀၀ ကျော်၊ like and react ပေးသူ ၇၀၀ ကျော်ရှိပြီး ၇၆ ဦးမှတ်ချက်ရေးထားသည်။ အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားလင့်ခ်များ

ဟန်ငြိမ်းဦး – https://archive.ph/HqesS

မှိုင်းဝေ – https://archive.ph/3LPSe

Ka Ka Han – https://archive.ph/62iHW

တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

Google တွင် “ ‌‌ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှု” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC, Myanmar Now နှင့် မြေလတ်အသံ သတင်းမီဒီယာတို့၌ သတင်းရေးသားဖော်ပြထားသည်။

BBC သတင်းမီဒီယာတွင် “ ၂၀၁၉ ကတည်းက သွေးကင်ဆာရောဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင် ဟာ ထောင်တွင်းမှာ ကျန်းမာရေးပိုဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်မနက်မှာ ကွယ်လွန် သွားတာ ဖြစ်ပါတယ်။ မကွယ်လွန်ခင် နှစ်ပတ် သုံးပတ်လောက်က မန္တလေးဆေးရုံကြီးမှာတက်ရောက်ကုသ ရပြီး မဆုံးခင် နှစ်ရက်လောက်ကမှ အထူးကြပ်မတ်ကုသဆောင်မှာ ကုသခွင့်ပေးကြောင်း နီးစပ်တဲ့ ဆွေမျိုး မိတ်ဆွေတွေဆီက သိရပါတယ်။” ဟု ရေးသားဖော်ပြထားသည်။

Myanmar Now သတင်းမီဒီယာတွင် “ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှုပေါင်းများစွာဖြင့်စွပ်စွဲပြီး ထောင် ဒဏ် ၂၉ နှစ် ချထားသည်။NLD ပါတီ၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးခံရပြီး နောက် အိုးဘိုထောင် တိုက်အမှတ် (၆) တွင် ချုပ်နှောင်ခံခဲ့ရသည်။ ထိုကာလက ဆေးဝါးကုသခွင့်လည်း မရရှိခဲ့ကြောင်း သိရသည်။” ဟု ရေးသားဖော်ပြထားသည်။

မြေလတ်အသံသတင်းမီဒီယာတွင် “ စစ်အာဏာသိမ်းပြီးတဲ့နောက် သွေးကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက မဲမသမာမှု၊ အဂတိအမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝဘေးဥပဒေစတဲ့ပြစ်မှုတွေ အပါအဝင် အမှု ၉ မှုနဲ့ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ကာ အိုးဘိုထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။” ဟု ရေးသားဖော်ပြထားသည်။

သတင်းမီဒီယာလင့်ခ်များ

BBC – https://shorturl.at/Us5EF

Myanmar Now – https://shorturl.at/lYPb3

မြေလတ်အသံ – https://shorturl.at/uUmc5

သုံးသပ်ချက်

စစ်ကောင်စီတပ်က အာဏာသိမ်းသည့် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်တွင် သွေးကင်ဆာရောဂါခံစားနေရ သည့် မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ၏ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ ထို့နောက် အမှုပေါင်းများစွာဖြင့် တရားစွဲဆို၍ ထောင်ဒဏ် ၂၉ နှစ်ချခဲ့ပြီး ထောင်တွင်း၌ လုံလောက် သော ဆေးကုသခွင့် မပေးခဲ့ပေ။

အိုးဘိုထောင်တွင်း ဆေးရုံ၌ ရောဂါအခြေအနေ ပြင်းထန်ပြီး နှစ်ပတ်ကြာတွင် မန္တလေးဆေးရုံကြီး၌
ဆေးကုသခွင့် ပေးခဲ့သည်။ ထို့နောက် အထူးကြပ်မတ်ဆောင် ရောက်ပြီး နှစ်ရက်အကြာတွင် ဒေါက်တာဇော်မြင့်မောင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် “NLD,NUG နှင့် PDF များ အာဏာရူးခြင်းကြောင့် ဒေါက်တာဇော်မြင့်မောင် အသေစောရ ခြင်း” ဟု စစ်ကောင်စီဝါဒဖြန့်ချိသူများ ဖြန့်ဝေနေသော အကြောင်းအရာသည် လိမ်လည်လှည့်ဖျားရေးသာ းထားသော သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .