ဆောမြို့မှာ စစ်အာဏာရှင်တပ် ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ လူငယ်ကို PDF ဆိုပြီး AI ပုံနဲ့ ဝါဒဖြန့်
Share:FacebookX

ဆောမြို့မှာ စစ်အာဏာရှင်တပ် ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ လူငယ်ကို PDF ဆိုပြီး AI ပုံနဲ့ ဝါဒဖြန့်

မကွေးတိုင်း၊ ဆောမြို့ကို စစ်အာဏာရှင်တပ်က မေလဒုတိယအပတ်မှာ ပြန်ရောက်လာပြီးနောက် လူငယ်တစ်ဦးကို ဖမ်းဆီးကာ ရိုက်နှက်ခေါ်ဆောင်နေတဲ့ ရုပ်သံမှတ်တမ်း မေလ ၁၅ရက်ကစပြီး လူမှုကွန်ရက်မှာ စတင်ပျံ့နှံ့လာပါတယ်။

စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်တွေကတော့ အဲဒီရုပ်သံမှာ ပါဝင်တဲ့ လူငယ်ဟာ PDF ဖြစ်တယ်ဆိုပြီး ဓာတ်ပုံတချို့နဲ့ တုံ့ပြန်ဖြန့်ချိနေကြပါတယ်။

အဲဒီဓာတ်ပုံတွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က စိစစ်ရာမှာတော့ AI လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence) နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာကို တွေ့ရှိရပါတယ်။

Ai ဓာတ်ပုံ ကိုအသုံးပြုပြီး MDY image နဲ့ Fact check အမည်တွေနဲ့ဖွင့်ထားတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေတာပါ ။

MDY imahe ချန်နယ်က ဖြန့်ချိချက်လင့်ခ် – https://archive.ph/XOJhu

Fact check အမည်နဲ့တယ်လီဂရမ်ချန်နယ်က ဖြန့်ချိချက် လင့်ခ် – https://archive.ph/ym336

ဆောမြို့မှာ လူငယ်တချို့ ဖမ်းဆီးခံရ

ဆောမြို့ကို အင်အားအလုံးအရင်းနဲ့ မေလ ၁၄ ရက်မှာ စီးနင်းဝင်ရောက်လာတဲ့ စစ်အာဏာရှင်တပ်ဟာ မြို့ခံလူငယ်အမျိုးသားတွေကို ဖမ်းဆီးခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

မဇ္စျိမသတင်းဌာနက ဖော်ပြတဲ့သတင်းတစ်ရပ်မှာတော့ အင်အား ၃၅၀ လောက်ပါဝင်တဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ အထင်ကရ နေရာတွေမှာ တပ်စွဲထားပြီး လူငယ်အမျိုးသား ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီသတင်းမှာ ဆောမြို့ထဲဝင်ရောက်လာတဲ့ စစ်အာဏာရှင်တပ်က လူငယ်တစ်ဦးကို လက်နောက်ပြန် ကြိုးတုပ်ပြီး ရိုက်နှက်ခေါ်ဆောင်တဲ့မြင်ကွင်း ရုပ်သံတစ်ခုနဲ့ ယှဥ်တွဲ ဖော်ပြထားတာပါ။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/2YEOx

လူငယ်တစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခေါ်ဆောင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းနဲ့ ဆက်စပ်တဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်တဲ့ People Spring သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ရိုက်နှက် ခေါ်ဆောင်ခံရတဲ့ လူငယ်ဟာ လက်နက်ကိုင်အဖွဲ့က မဟုတ်ဘူးလို့ ပြောဆိုခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ မိခင်ဖြစ်သူမှာ ငါးရောင်းချပြီး သူကတော့ ရေသန့်ပို့တယ်လို့လည်း ပြောဆိုထားတာ တွေ့ရပါတယ်။

အဲဒီလူငယ်မှာ လက်နက်တွေကိုင်ဆောင်ထားတာမျိုး မတွေ့ရဘဲ ဖမ်းဆီးစဥ်ကတည်းက လက်နက် မပါခဲ့ဘူးလို့လည်း စစ်အာဏာရှင်တပ်သားတွေက ရုပ်သံထဲမှာ ပြောဆိုနေတာလည်း ကြားရပါတယ်။

လူငယ်ကို ရိုက်နှက်ခေါ်ဆောင်လာတဲ့ ရုပ်သံနဲ့အတူ ဖော်ပြတဲ့ People spring ရဲ့ သတင်းလင့်ခ် – https://shorturl.at/WIxmO

အဲဒီရုပ်သံကို မူရင်းတင်ခဲ့တာကတော့ “ဒေါ်ဖြူဝင်းသားအငယ်ကောင်း” ဆိုတဲ့ Tittok အကောင့်အသုံးပြုတဲ့ စစ်အာဏာရှင်တပ်သားတစ်ဦးက တင်ခဲ့တာပါ။ မူရင်းလင့်ခ် – https://archive.ph/5M1QY

တယ်လီဂရမ်ချန်နယ်တွေက ဓာတ်ပုံကို စိစစ်ချက်

စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ရုပ်သံထဲက လူငယ်ဟာ PDF ဆိုပြီး ဖြန့်ချိနေကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ပြီး လမ်းလျှောက်နေပုံနဲ့ ဆောမြို့အဝင်ဆိုင်းဘုတ်အရှေ့မှာ ရပ်နေတဲ့ ပုံနှစ်ပုံကို အသုံးပြုပြီး ဖြန့်ချိနေကြတာပါ။

အဲဒီ ဓာတ်ပုံတွေဟာ အစစ်မှန်လား ဖန်တီးထားတာလားဆိုတာကို AI ဓာတ်ပုံ ဟုတ်မဟုတ် ပြန်စစ်တဲ့ Website သုံးခုထက်မနည်းကနေ စစ်ဆေးကြည့်ရာ ၈၀ ရာခိုင်းနှုန်လောက်က AI ဖြစ်နိုင်တယ်လို့ အဖြေပေးပါတယ်။

အဲဒီ ဓာတ်ပုံနှစ်ပုံမှာ ပါတဲ့ လူရဲ့ သွားလာလှုပ်ရှားမှု၊ ဟန်ပန်၊ အဝတ်အစား၊ အရိပ်နှင့် နောက်ခံပတ်ဝန်းကျင်တွေဟာ အစစ်နဲ့ တူပေမယ့် အဲဒီပုံနှစ်ပုံကို ဘယ်အချိန်က စတင်ဖန်တီးခဲ့သလဲ၊ ဘယ်နေရာမှာ ဘယ်သူက ဖန်တီးခဲ့သလဲ၊ နောက်ဆုံး ဘယ်စက်ပစ္စည်းကို အသုံးပြုပြီး ဖန်တီးခဲ့သလဲဆိုတဲ့ Meta data တွေကတော့ ရှာမတွေ့ရဘူးလို့ စမ်းသပ်စစ်ဆေးခဲ့တဲ့ Website တွေက အဖြေပေးပါတယ်။

ဒါ့အပြင် အဲဒီဓာတ်ပုံ နှစ်ပုံရဲ့ ညာဖက်အောက်ခြေထောင့်ကိုယ်စီမှာ AI Gemini ရဲ့ logo တွေ ပါနေတာကိုလည်း တွေ့ရှိရပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေတဲ့ ဓာတ်ပုံတွေဟာ AI နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာကို စိစစ်တွေ့ရှိ ရပါတယ်။

စိစစ်တွေ့ရှိချက်

ဆောမြို့ကို စစ်အာဏာရှင်တပ် ဝင်ရောက်ချိန် လူငယ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက လူငယ်တစ်ဦးကို ဖမ်းဆီးလာချိန် ရိုက်ကူးထားတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာချိန်မှာ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက AI ဖန်တီးထားတဲ့ ပုံတွေနဲ့ ပုံမှားရိုက် ဖြန့်ချိလာတာ တွေ့ရပါတယ်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုကို ဖုံးကွယ်ဖို့အတွက် ဖန်တီးထားတဲ့ ဓာတ်ပုံတွေနဲ့ အချိန်ကိုက် ပုံမှားရိုက် သတင်းအမှား ဖြန့်ချိခဲ့တာအဖြစ် တွေ့ရှိရပါတယ်။

အခုလို AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို အသုံးပြုပြီးဖြန့်ချိလာတဲ့ သတင်းအမှားတွေမှာ AI ဓာတ်ပုံနဲ့ ရုပ်သံတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာ Myanmar Factchecking Network အဖွဲ့ဝင်တွေက အသိပညာပေးထားတဲ့ ရုပ်သံကို တင်ဆက်ထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/OqEML

အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .