ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီဆိုတဲ့သတင်းမှား
၂၀၂၆ ဧပြီ ၁၉
Fact Check – DNA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဧပြီ ၁၉ရက်မနက်အစောပိုင်းမှာ အကျဥ်းထောင်က ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိနေသလို လာရောက်တွေ့ဆုံချင်သူတွေအနေနဲ့ နေ့လည် ၁၂နာရီကနေ ညနေ ၄နာရီအတွင်း တွေ့ခွင့်ရှိမယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
ဒီအကြောင်းအရာကို YK Knowledge Sharing စာမျက်နှာကနေ ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေထားပြီး လူစိတ်ဝင်စားမှုအားကောင်းနေတာကြောင့် ပျံ့နှံ့မှုများပြားနေပါတယ်။
သတင်းမှားလင့်များ
YK Knowledge Sharing – https://ghostarchive.org/archive/TDzbr?wr=false
ပျံ့နှံ့လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပဲ ပျံ့နှံ့နေတဲ့သတင်းအကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းမှား ဖြစ်တယ်ဆိုတာကို စိစစ် တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
မြန်မာနှစ်ဆန်း ၁ရက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေခြင်းမရှိဘဲ ကျခံနေရတဲ့ ထောင်ဒဏ်တွေထဲက ၆ပုံတပုံ (၄ နှစ်ခွဲခန့်)ကိုသာ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်ဆိုတဲ့အကြောင်းကို ဧရာဝတီသတင်းဌာနက မနေ့က ဧပြီ ၁၈ရက်ကဖော်ပြထားပါတယ်။
The Irrawaddy Burmese Edition သတင်းဌာနကဖော်ပြထားသော သတင်း >>>>
https://www.facebook.com/share/p/1AVgjRMaq4/
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာကို မိသားစုတွေနဲ့ ရှေ့နေတွေကလည်း လက်ရှိအချိန်အထိ အတိအကျမသိရှိရသေးသလို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ခိုင်မာတဲ့သက်သေအထောက်အထား ထွက်ပေါ်လာခြင်းမရှိသေးသလို ပြင်ပနဲ့အဆက်အသွယ်ပျက်တောက်နေဆဲဖြစ်တယ်ဆိုတဲ့အကြောင်း DVB သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
DVB သတင်းဌာနကဖော်ပြထားသော သတင်း >>>> https://burmese.dvb.no/post/837117
လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာခြင်းမရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သာ နိုင်ငံရေးအဖြေရှာဖို့ ကုသမဂ္ဂအထွထွေအတွင်းရေးမှူးချုပ်နဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတို့က တိုက်တွန်းတောင်းဆိုထားတယ်ဆိုတဲ့အကြောင်းကိုလည်း BBC Burmese က သတင်းရေးသားထားပါတယ်။
BBC Burmese သတင်းဌာနကဖော်ပြထားသော သတင်း >>>>
https://www.bbc.com/burmese/articles/c0rxy129e99o
သတင်းသုံးသပ်ချက်
ပြီးခဲ့တဲ့နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်အချို့ကိုသာ လျှော့ပေါ့ပေးတာမျိုးသာရရှိခဲ့ပြီး ကျန်ရှိနေတယ် ထောင်ဒဏ် ၂၂နှစ်ကျော်ကို ဆက်လက်ကျခံနေရဆဲဖြစ်တယ်ဆိုတဲ့အကြောင်း သတင်းမီဒီယာ ဖော်ပြချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူနဲ့ ဒီကနေ့အထိ အဆက်အသွယ်မရရှိသေးသလို ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုပါ သက်သေပြရန် တောင်းဆိုနေရတဲ့အခြေအနေဖြစ်တယ်ဆိုတာကိုလည်း ဧရာဝတီသတင်းဌာနက ဒီကနေ့မှာ သတင်းဖော်ပြထားပါသေးတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြန်ရောက်ကာ လူထုနဲ့တွေ့ဆုံမယ်ဆိုတဲ့အကြောင်းအရာက လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းမှားတခုသာဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်







