ဒီဇင်ဘာလ ၉ ရက်
– Federal FM/ The Red Flag
ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဆိုပြီးတော့ ဒီဇင်ဘာလ၈ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Subscriber ၂၅.၃ ကျော်ရှိတဲ့ Truth media အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” ပဲခူးတိုင်းဒေသကြီး( အနောက်) အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင် – ယနေ့ မနက် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။ Truth media တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၉ရက်နေ့အထိ ကြည့်ရှုသူ တစ်သောင်းနှစ်ထောင်ကျော်၊ like and react လုပ်သူ ၈၄ ဦး ကျော်ရှိပါတယ်။
သတင်းအမှားလင့်ခ် – https://t.me/Snowqueen1111233/32587
တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Federal FM က အချက်အလက်စစ်ဆေးခဲ့ရာ တစ်စိတ်တစ်ပိုင်း သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက် – “ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာက ဒေသခံ အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် လိုက်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ပြောပါတယ်။ “စစ်ကောင်စီတပ်သားတွေက PDF တွေ သွားတာမြင်လားဆိုပြီး အဲဒီလူတွေကို မေးတာ။ သူတို့လည်း မမြင်ဘူး ပြောကြတယ်။ ဒါကို ရွာက သတင်းပေးတစ်ယောက်က PDF တွေ ပြန်ဆုတ်သွားတဲ့အချိန် သူတို့ရှိနေတာကို လိမ်ပြောတယ်လို့ဆိုပြီး စစ်တပ်ကိုပြောတော့ မနေ့က လာဖမ်းသွားတာ။ သူတို့တွေကို အုတ်ဖို စရဖ ရုံးကို အရင်ဖမ်းခေါ်သွားပြီး မနက် ၂ နာရီလောက်မှာ သဲကုန်းရွာနားက ကားလမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်တာပါ” သတ်ဖြတ်ခံရသူတွေဟာ လယ်သမားတွေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အားပေးထောက်ခံသူ တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ အဲဒီလေးဦးကို သတ်ဖြတ်သူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ရေးသားထားကြပါတယ်။ “ ဆိုပြီးတော့ RFA Burmese သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/fwXvUVKNWSgMekMc/
ဒါ့အပြင် နောက်ထပ်လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ Tharyarwaddy 8 City သတင်းဌာနမှာတော့ “ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ ၄ဦးကို ဖမ်းဆီးပြီး လူသွားလူလာများသည့် လမ်းမပေါ်မှာ သတ်ဖြတ်အလောင်းစွန့်လိုက်ကြောင်း သတင်းရရှိပါသည်။ “ကျွန်တော်တို့ရွာက ဦးကုလား ဦးခင်စိုး ဦးမင်းလွင်နဲ့ ဦးစိုးကြီးတို့ကို ၆ရက်နေ့က မေးစရာရှိလို့ဆိုပြီး အရပ်ဝတ်စစ်သားတွေ စရဖရုံးကိုခေါ်သွားပါတယ်။ လာခေါ်တာက ညနေပိုင်းမှောင်ရီပြိုးစအချိန် သူတို့လာခေါ်တာ၆ယောက်ကို ၂ယောက်က နေမကောင်းလို့ ဆေးခန်းသွားပြနေတော့ ၄ယောက်ပဲ ပါသွားတာ။ သဲကုန်းက အသိတစ်ယောက်ပြောတာတော့ မနက်၂နာရီလောက်မှာ ထန်းရည်ဆိုင်နားမှာ သေနတ်သံတွေကြားရပြီး မနက်ကြတော့ ကားလမ်းပေါ်မှာ ခေါ်သွားတဲ့သူတွေ အလောင်းတွေတွေ့ရတာ”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က Tharyarwaddy 8 City ကို ပြောပြသည်။ အသတ်ခံရသူ ၄ ယောက်ဟာ အာဏာမသိမ်းခင် ကာလတွင် NLD ပါတီကို ထောက်ခံသူတွေ ဖြစ်ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လယ်ယာလုပ်ကိုင်ကာ ရိုးရိုးသားသားရှာဖွေ စားသောက်နေကြသူတွေလို့ သိရပြီး စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲ့ဒီ ၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တာက PDF တွေဖြစ်ကြောင်း လိမ်လည်သတင်းလွှင့် ပြောဆိုနေပါသည်။ အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး အုတ်ဖိုမြို့နယ်အတွင်း လှုပ်ရှားနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့များကို လိုက်လံမေးမြန်းစုံစမ်းတဲ့အခါ ပြည်သူ၄ဦးအား ၄င်းတို့သတ်ဖြတ်ခြင်း မရှိကြောင်း စစ်ကောင်စီတပ်မှ သတ်ဖြတ်၍ PDFကို ပုံဖျက်ခြင်းဟု ပြောဆိုကြသည်။ “စခတွေ သာမာန်ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးတော့ PDF တွေကို လွဲချတာက ယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ ဖမ်းဆီးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းနေပါတယ် ထိရောက်စွာအရေးယူမှု ပြန်ပြီး လုပ်ဆောင်သွားပါမယ်”ဟု အုတ်ဖိုမြို့နယ်အခြေစိုက် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ခွဲမှူး ရဲဘော်ဒေဝ မှ Tharyarwaddy 8 City ကို ပြောပါသည်။” ဆိုပြီးတော့ သတင်းဖော်ပြခဲ့ပါတယ်။
မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/ZNZ37T1cTyNLQD5R/
သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို ဖက်ဒရယ် FM က ဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့ အခါမှာတော့” (ဒီဇင်ဘာ၆) ရက်နေ့ ညနေပိုင်းမှာ အရပ်ဝတ်တွေနဲ့ လာခေါ်သွားတာပါ။(ဒီဇင်ဘာ ၇) ရက် ဒီမနက် ၂နာရီခန့်လောက်မှာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကနေ ချောင်းဂွ(ဂျီ)အုပ်စု၊ သဲကုန်းရွာထန်းရည်ဆိုင်နားက ဂုံးနား လမ်းမပေါ်မှာ ခေါင်းတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာပါ။ စစ်ကောင်စီတွေက PDF တွေသွားတာမြင်လားဆိုပြီး အဲ့လူတွေကိုမေးတာ သူတို့လည်းမမြင်ဘူးပြောကြတယ် ။ဒါကို ရွာခံဒလန်က PDFတွေပြန်ဆုတ်သွားတဲ့အချိန် သူတို့ရှိနေတာကို လိမ်ပြောတယ်လို့ချွန်လိုက်ပြီး မနေ့က လာခေါ်သွားတာ။ ချောင်းခွဂျီရွာက ကြံ့ဖွတ်အားကောင်းတဲ့ရွာပါ။” ဆိုပြီးတော့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြန်လည် ဖြေကြားခဲ့ပါတယ်။
မူရင်းသတင်းလင့် – https://www.facebook.com/share/p/DvJUwSbjxX8pVLBa/
သုံးသပ်ချက် – အုတ်ဖိုမြို့နယ်၊ ချောင်းခွကျေးရွာက ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နဲ့ ဦးစိုးကြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ မှန်နေပေမဲ့ ပြည်သူကာကွယ်ရေးတပ် PDF က သတ်ဖြတ်တာ မဟုတ်ဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အပြစ်မဲ့ ပြည်သူ ၄ ဉီးကို အကြမ်းဖက် PDF အစွန်းရောက်လူသတ်သမားများက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရ ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ပြီး စစ်ကောင်စီ လော်ဘီ ချန်နယ်ဟာ ပြည်သူတွေရဲ့ စိတ်ကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ပြည်သူတွေရဲ့ စိတ်ကို ကြောက်လန့်မှုဖြစ်အောင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချိရေးသားနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/ Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork