၂၀၂၆၊ မေလ ၁၄ ရက်
(Fact-Check by သျှမ်းသံတော်ဆင့်၊ ဟုတ်တယ် Vs မဟုတ်ဘူး / The Red Flag)
အကြောင်းအရာအနှစ်ချုပ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့သည်ဆိုသည့် CCTV Video မှာ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်နှင့် “ဟုတ်တယ် Vs မဟုတ်ဘူး” တို့၏ အချက်အလက်စစ်ဆေးချက်များအရ သိရှိရပါသည်။
ပျံ့နှံ့မှု
လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့ကြောင်းနှင့် တွေ့ဆုံမှုမှတ်တမ်းများ ထွက်ပေါ်လာကြောင်း ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။
အဆိုပါရုပ်သံကို BBC News မြန်မာပိုင်းဌာန၏ လိုဂိုနှင့် ဆင်တူအောင် အသွင်ယူထားပြီး သတင်းအစစ်အမှန်သဖွယ် ဖန်တီးဖြန့်ဝေထားခြင်း ဖြစ်သည်။
မူရင်းလင့်ခ် – https://www.tiktok.com/@ethoshuman/video/7636808726921399570
အဆိုပါသတင်းနှင့် ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် သတင်းဌာန၏ အချက်အလက်စစ်ဆေးသူများက စိစစ်ကြည့်ရာတွင် AI ကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
သတင်းစစ်ဆေးချက်
ရုပ်သံဖိုင်ကို အသေးစိတ် စစ်ဆေးကြည့်ရာတွင် CCTV မှတ်တမ်းဟု ယူဆရသည့် အစိတ်အပိုင်းများ၌ အချိန်ပြစက္ကန့်များမှာ ပုံမှန်အတိုင်း မရွေ့လျားဘဲ ရပ်တန့်နေပါသည်။ အချိန်ပြစက္ကန့်များမှာ အပေါ်အောက် တူညီနေပြီး အောက်ဘက်ရှိ အချိန်ပြစက္ကန့်များနေရာတွင် “CCTV 04” ဟု ပြောင်းလဲသွားသည်ကို တွေ့ရှိရသည်။
ပါဝင်သူများ၏ လက်ဟန်ခြေဟန်များသည် သဘာဝမကျဘဲ တောင့်တင်းနေခြင်း၊ လှုပ်ရှားမှုများမှာ စက်ရုပ်ဆန်နေခြင်းနှင့် မျက်နှာအမူအရာမှာ နှုတ်ခမ်းလှုပ်ရှားမှုနှင့် မကိုက်ညီခြင်းတို့ကို တွေ့ရှိရပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဘက်ရှိ စာအုပ်တင်ထားသည့် ဘောင်တန်း အနည်းငယ် ကွေးညွတ်နေသည်ကိုလည်း တွေ့ရှိရပါသည်။
အဆိုပါဗီဒီယိုကို BBC News မြန်မာပိုင်းဌာန၏ လိုဂိုကို အသွင်ယူထားသော ချန်နယ်တစ်ခုမှ ဖြန့်ဝေထားခြင်း ဖြစ်သည်။ BBC ကဲ့သို့သော ခိုင်လုံသည့် မီဒီယာများသည် ယခုကဲ့သို့ နည်းပညာချို့ယွင်းချက်များ ပါဝင်သော ရုပ်သံများနှင့် AI အသံတုများကို အသုံးပြု၍ သတင်းတင်ဆက်လေ့ မရှိပါ။
နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဝမ်ယိတို့ တွေ့ဆုံခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ပြီးခဲ့သော (မေလ ၂ ရက်) တွင် သတင်းဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့သော ဗီဒီယိုတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဧရာဝတီသတင်း – https://shorturl.at/V1WOX
AFP သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အခြေအနေများကို ဆွေးနွေးခြင်း ရှိ၊ မရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအား မေးမြန်းခဲ့ပါသည်။
အဆိုပါမေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ အခြေအနေကို အမြဲတမ်း အလေးထား စောင့်ကြည့်လျက်ရှိသည်” ဟုသာ ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦး တိုက်ရိုက်တွေ့ဆုံခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြု ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန – https://www.fmprc.gov.cn/eng/xw/fyrbt/202604/t20260430_11903597.html
လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဝမ်ယိတို့ တွေ့ဆုံမှု မှတ်တမ်းဗီဒီယိုကို အသေးစိတ် စစ်ဆေးခဲ့ရာ ဗီဒီယိုအတွင်းမှ ရုပ်သေဓာတ်ပုံများကို AI (ဉာဏ်ရည်တု) ပလက်ဖောင်းများဖြင့် စိစစ်ဆန်းစစ်ချက်အရ အဆိုပါဗီဒီယိုသည် AI နည်းပညာကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါး ရှိနေကြောင်း တွေ့ရှိရပါသည်။
နည်းပညာဆိုင်ရာ စစ်ဆေးတွေ့ရှိချက် – https://thehive.ai/models/hive/ai-generated-and-deepfake-content-detection
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဆိုသည့် သတင်းထွက်ပေါ်လာမှုနှင့်အတူ ဝါဒဖြန့်ချိသူများနှင့် လူမှုကွန်ရက်တွင် Follower နှင့် Subscriber တိုးအောင် AI ဖြင့် ဖန်တီးဖြန့်ချိမှုများကိုလည်း တွေ့ရှိရပါသည်။ ယခုဖြန့်ချိမှုသည် AI နည်းပညာကို အလွဲသုံးစားလုပ်ကာ သတင်းဌာနကြီးများ၏ အမည်ကို အသုံးချ၍ လူအများကို လှည့်ဖြားနေခြင်း ဖြစ်သည်။
ဒစ်ဂျစ်တယ်ခေတ်တွင် သတင်းအချက်အလက်များစွာ ထွက်ပေါ်လာပြီး သတင်းမှန်ကို ဖုံးလွှမ်းစေခြင်းထက် သတင်းအချက်အလက် ရှုပ်ထွေးမှုများကို ပိုမိုဖြစ်စေကာ အမှန်အမှား ခွဲခြားရခက်စေနိုင်သည်ကို သတိပြုသင့်ပါသည်။
အကြံပြုချက်
စာဖတ်သူများအနေဖြင့် မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ် အတည်ပြုမေးမြန်းလိုလျှင်ဖြစ်စေ၊ သတင်းတု/သတင်းမှားဖြစ်နိုင်သည်ဟု သံသယရှိလျှင်ဖြစ်စေ Fact-Checking စစ်ဆေးပေးသည့် သတင်းဌာန သို့မဟုတ် အဖွဲ့အစည်းများသို့ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN #Shan #ဟုတ်တယ်Vsမဟုတ်ဘူး #FactCheck #Falsenews







