Fact Check/Akyab Post/The Red Flag
10 Apr 2026
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မင်းပြားမြို့နယ် ပုလဲတောင်မှ အေအေသင်တန်းကျောင်းကို စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်တာကြောင့် အေအေတပ်သား ၅၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိတယ်ဆိုတဲ့အကြောင်းအရာကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားတဲ့အတွက် ပျံ့နှံ့နေပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Ko Thet ချန်နယ်ကနေ ဧပြီလ ၈ ရက် နေ့မှာ “၂၀၂၆ ခုနှစ် ဧပြီလ ၈ ရက်၊ မနက် ၈ နာရီလောက်မှာ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ဟာ (၁၇)နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် Zoom ကနေ မိန့်ခွန်းပြောဖို့အတွက် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပုလဲတောင်ရွာအနီး(ဘီတာ ၂ စစ်ဒေသ) မှာ အဖွဲ့ဝင်တွေစုဝေးနေတုန်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရပါတယ်။ ထိခိုက်မှုအနေနဲ့ကတော့ AA အဖွဲ့ဝင် ၅၀ ကျော် (သင်တန်းသားအပါ)သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကာ မြောက်ဦးက ဆေးကုမယ့်အဖွဲ့ ၁၅ ဦးကိုလည်း လွှတ်ထားရကြောင်း ဒေသခံသသတင်းပေးက ပြောကြားလာပါတယ်။” (မူရင်းအရေးအသား) လို့ ရေးသားဖော်ပြထားပါတယ်။
သတင်းမှား – https://archive.ph/DaRYO
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၉ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၁၄၀၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၃၅၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှား – https://archive.ph/eWJYV
အဆိုပါအကြောင်းအရာကို အချက်အလက်စိစစ်ကြည့်တဲ့အခါမှာတော့ မင်းပြားမြို့နယ် ပုလဲတောင် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေဟာ အရပ်သားပြည်သူတွေဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “မင်းပြားမြို့နယ် လေကြောင်းတိုက်ခိုက်ခံရ” ဆိုတဲ့ keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဧပြီလ ၉ ရက်နေ့မှာ “မင်းပြားမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုအတွင်တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရရှိ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပုလဲတောင် (ကပ္ပဲ့)ရွာကို ဧပြီလ (၈) ရက်နေ့၊နံနက် (၈) နာရီခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara – https://burmese.narinjara.com/news/detail/69d73747e93643bdacb345ff
ဒါ့အပြင် ဒီသတင်းကိုပဲ သံလွင်ခက် သတင်းဌာနကနေ ဧပြီလ ၉ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။” လို့ ရေးသား ဖော်ပြထားပါတယ်။
သံလွင်ခက် – https://www.facebook.com/share/p/17LvUHW9cD/
ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ သတင်းကိုလည်း DMG BBC နဲ့ Myanmar Now သတင်းဌာနတွေကလည်း မင်းပြားမြို့နယ် ပုလဲတောင်မှာ စစ်တပ်ဖက်မှနေ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now- ttps://myanmar-now.org/mm/news/73942/
DMG – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/mioie.html
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မင်းပြားမြို့နယ်မှာ စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တာဟာ အရပ်သားပြည်သူသာဖြစ်ပြီးတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိတဲ့အထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး မင်းပြားမြို့နယ် ပုလဲတောင် လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိိတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဉီးပါဝင်နေတာတွေ့ရပါတယ်။
ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေတပ်သား ၅၀ ကျော်သေဆုံးပါတယ်တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတာဟာ မှန်ကန်တိကျမှုမရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ သတင်းတု သတင်းမှားဖြန့်ခဲ့တာ ဖြစ်ပါတပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2
(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







