စစ်တွေတွင် မွတ်စလင်ကျေးရွာများကို အတင်းအဓမ္မ ဖျက်ခိုင်းခြင်းမရှိဟု စစ်လော်ဘီတွေ သတင်းမှားဖြန့် 
Share:FacebookX

စစ်တွေတွင် မွတ်စလင်ကျေးရွာများကို အတင်းအဓမ္မ ဖျက်ခိုင်းခြင်းမရှိဟု စစ်လော်ဘီတွေ သတင်းမှားဖြန့် 

The Akyab Post/ The Red Flag/ MFCN

8 Apr 2026

Fact-check

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည် စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်စလင်ကျေးရွာတွေက နေအိမ်တွေကို စစ်ကောင်စီမှနေ ဖြိုချခြင်းမရှိဘဲ သတင်းမီဒီယာတွေက လိမ်လည်ဝါဒဖြန့်နေတာသာ ဖြစ်တယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ”​ကနေ မတ်လ ၃၁ ရက်နေ့မှာ “ရခိုင်မီဒီယာများက ရခိုင်ပြည်နယ် စစ်တွေတွင် မွတ်စလင်ကျေးရွာများကို အတင်းအဓမ္မ ဖျက်ခိုင်းပြီး လူနေထိုင်မှု မရှိတော့သကဲ့သို့ သတင်းမှားများစွာ လူမှုကွန်ယက်များတွင် ဖော်ပြနေကြသည်။ လက်ရှိ ဒေသတွင်း အခြေအနေမှာ ဈေးကွက်များ၊လမ်းမများတွင် လူများ စည်စည်ကားကား သွားလာနေကြသည်ကို တွေ့ရှိရသည်။ ရခိုင်မီဒီယာများတွင် ဖော်ပြနေသည့် အကြောင်းအရာမှာ အမှန်တကယ် ဖြစ်ပွားခြင်းမရှိပဲ သတင်းဖတ်ရှုသူများကို လိမ်လည် လှည့်ဖျား နိုင်ရန် ရည်ရွယ်ထားသည့် သတင်းမှားသာ ဖြစ်ပါသည်။” (မူရင်းအရေးအသား) ဆိုပြီး ဖြန့်ဝေထားပါတယ်။ 

မူရင်းပို့စ် အပြည့်အစုံ  – https://archive.ph/jelUU 

ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဧပြီလ ၄ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၂၁၀၀ ကျော်ရှိပြီးတော့ reaction ပေးသူ ၅၀၂ ဦးထိ ရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိိပါတယ်။

သတင်းမှားပို့စ် အပြည့်အစုံ – https://archive.ph/GyBPM 

 ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ကျေးရွာတွေမှ နေအိမ်ကို ဖြိုဖျက်ခိုင်းပြီး  အတင်းအားဓမ္မရွေ့ပြောင်းခိုင်းနေတာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

 Google မှာ စစ်တွေကျေးရွာနေအိမ်များ ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်တဲ့အခါမှာ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ မတ်လ ၃၁ ရက်နေ့မှာ “စစ်တွေ ရဲတပ်ရင်းအနီးရှိ ကျေးရွာများကို  စစ်ကောင်စီက ဖြိုဖျက်ခိုင်း” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။​

DVB သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “စစ်တွေမြို့အနီးအနားရှိ ရဲတပ်ရင်း ၁၂၊ စစ်တွေ လေယာဉ်ကွင်းနဲ့နီးတဲ့ ရဲတပ်ရင်း ၃၆ က ကျေးရွာတွေကို ဖြိုဖျက်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ် ထားတယ်ပြီး ရဲတပ်ရင်း ၁၂ နဲ့ ၃၆ မှာ ရဲအင်အားတွေ ဖြည့်တင်းပြီးနောက်မှာ အခုလို ရွာတွေကို ဧပြီလအတွင်း ဖြိုဖျက်ဖို့ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးက အမိန့်ထုတ်ထားတာ” လို့ ရေးသားဖော်ပြထားပါတယ်။ 

DVB – https://burmese.dvb.no/post/416965 

 ဒါ့အပြင် ဒီသတင်းနဲ့ ဆက်စပ်နေတာကိုလည်း သတင်းဌာနတစ်ခုဖြစ်တဲ့ BNI ကနေ “တိုက်ပွဲနီးကပ်လာသဖြင့် စစ်တွေတပ်နယ်အနီးအနားရှိ သံတော်လီအပါအဝင် မွတ်ဆလင်ကျေးရွာများကို ဖြိုဖျက်ရန် တိုင်းမှူးအမိန့်ထုတ်” လို့ ရေးသားဖော်ပြထားပါတယ်။ 

BNI ရဲ့သတင်းမှာလည်း အာရက္ခတပ်တော်နှင့် ဖြစ်ပွားနေသည့်​ တိုက်ပွဲမှာ စစ်တွေအခြေစိုက် စစ်ကော်မရှင်တပ်ရင်းများအနီးသို့ ထိ ရောက်ရှိလာသဖြင့် သံတော်လီ မွတ်ဆလင်ကျေးရွာအပါအဝင် တစ်ခြားမွတ်ဆလင်ကျေးရွာများကို ဖြိုဖျက်ရန် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးမှ အမိန့်ထုတ်ထားကြောင်းသိရသည်။ လို့ ဖော်ပြထားပါတယ်။

BNI –  https://tinyurl.com/5abttcxm 

ဒါ့အပြင် ဒီသတင်းရဲ့ နောက်ဆက်တွဲမှာလည်း Narinjara သတင်းဌာနမှနေ စစ်တွေမြို့နယ်မှ ကျေးရွာတွေကို စစ်တပ်မှနေ စတင်ပြီးတော့ ဖြိုဖျက်လျက်ရှိပြီလို့ ရေးသားဖော်ပြထားပါတယ်။ 

Narinjara – https://burmese.narinjara.com/news/detail/69cff9b2e93643bdac84e26a 

ဒီသတင်းကိုပဲ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ သံလွင်ခက်ကနေ ဧပြီလ ၄ ရက်နေ့မှာ “စစ်တွေရှိ မူဆလင်ကျေးရွာများကို စစ်ကော်မရှင် ဖျက်ဆီး၊ မြို့ထဲသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေ” လို့ ရေးသားဖော်ပြထားပါတယ်။ 

သံလွင်ခက် – https://tinyurl.com/2m2pf9sn 

စစ်ကောင်စီကနေ စစ်တွေမြို့နယ်က ကျေးရွာတွေကို အတင်းအားဓမ္မရွေ့ပြောင်းခိုင်းတာနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးကို Akyab Post ကနေ မေးမြန်းကြည့်တဲ့အခါမှာလည်း “အရင်ကလည်း စစ်တပ်အနီးအနားရွာတွေကို မြို့ထဲကို ရွေ့ပြောင်းခိုင်းတာတွေရှိတယ်၊ အခုလည်း ရွာတွေကို အကြောင်းပြချက်မရှိဘဲနဲ့ ဖြိုတာတွေကိုလည်းဖြိုနေပြီ၊ ပြီးမှ မြို့ထဲကို အတင်းရွေ့ခိုင်းတယ်။ ဘာကြောင့် ဖြိုရလည်းမေးတော့လည်း သေချာမသိရဘူး၊ ဖြိုဖျက်တာတွေကို စစ်ကောင်စီတပ်သားတွေကပဲ ဦးဆောင်ပြီးတော့ လုပ်နေတာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီဟာ ယခင်ကလည်း စစ်တွေမြို့နယ်က ကျေးရွာအချို့ကို အတင်းအားဓမ္မ ဖျက်ဆီးပြီး ဒေသခံတွေကို မြို့ထဲကို  ရွေ့ပြောင်းခိုင်းထားတာတွေလည်းရှိပါတယ်။​

DMG – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/ptlhdsacksr.html 

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေမှာ တိုက်ပွဲတွေ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဟာ စစ်ရေးအကြောင်းပြချက်နဲ့ ပြည်သူတွေ နေထိုင်နေတဲ့ ကျေးရွာတွေကို အတင်းအားဓမ္မရွေ့ပြောင်းခိုင်းတာ၊ အိမ်တွေကို ဖြိုဖျက်ခိုင်းတာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ 

သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ဝေနေတဲ့ မွတ်စလင်မှာ ပျံ့နေသလိုမျိုး ကျေးရွာတွေက နေအိမ်တွေကို စစ်တပ်က ဖြိူဖျက်တာမျိုးမရှိဘူးဆိုပြီးရေးသားထားတဲ့ အကြောင်းအရာဟာ ပြည်သူလူထုကိုလှည့်စားပြီးလိမ်လည်ဖို့ကြိုးစားတဲ့ သတင်းအမှားဖြစ် တယ်ဆိုတာကို တွေ့ရပါတယ်။  

စစ်တွေမြို့မှာ တိုက်ပွဲတွေနီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဖက်ကနေ စစ်တွေမြို့နယ်က ကျေးရွာတွေကို အတင်းအားဓမ္မနေရာရွေ့ပြောင်းခိုင်းတာတွေပြုလုပ်လျက်ရှိပြီးတော့၊ ဒေသခံတွေကိုလည်း ဖမ်းဆီးတာတွေ ပိုပြုလုပ်လာပါတယ်။ စစ်ကောင်စီဖက်ကနေ ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့အတွက် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ပို့စ်တွေရေးသားပြီး ဖြန့်ဝေနေတာတွေဟာ သတိထားစရာကိစ္စရပ်တစ်ခုပါ။ 

ဒါ့အပြင် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ မြေပြင်ပေါ်မှာရှိတဲ့ လူနေမှုဘဝကို သက်ရောက်နိုင်တာကြောင့် သတိဝီရီယထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .