ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုတွင်း သေဆုံးခဲ့တဲ့ ပြည်သူများကို အေအေတပ်သားတွေဆိုပြီး သတင်းမှားဖြန့် 
Share:FacebookX

ပလက်ဝမှာ လေကြောင်းတိုက်ခိုက်မှုတွင်း သေဆုံးခဲ့တဲ့ ပြည်သူများကို အေအေတပ်သားတွေဆိုပြီး သတင်းမှားဖြန့် 

Akyab Post/ MFCN

31 May 2026

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပလက်ဝမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် အေအေရဲ့ တပ်သား ၁၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ကနေ မတ်လ ၃၀ ရက်နေ့မှာ “ပလက်ဝမှာ အခြေပြုနေတဲ့ အကြမ်းဖက် AA စခန်းကို တပ်မတော်က သီချင်းဖွင့်ပြ.. ၁၂ ကောင်ဂိန်ပြီး ၇ ကောင် မသေမရှင်ဖြစ်..”  (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

📌 မှိုင်းဝေ – https://archive.ph/rrwIN

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၃၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၆၂၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၄၆၇ ဦးနဲ့ အခြား စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

📌 သတင်းမှားလင်ခ့် – https://archive.ph/Zd8tS 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါ ပါဝင်နေပြီးတော့ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားပြည်သူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ google advanced search tools ကို သုံးပြီး စစ်ဆေးခဲ့ပါတယ်။​

Google မှာ “ပလက်ဝလေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ မတ်လ ၃၀ ရက်နေ့မှာ “ပလက်ဝကို စစ်ကောင်စီ ဗုံးကြဲမှု ကလေးအပါဝင် အရပ်သား ၁၁ ဦး ထိခိုက်သေဆုံး” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနှစ်စီးမှနေ ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာမှာ လေကြောင်းမှနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ကလေးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG – https://www.facebook.com/share/p/1GmjW8Q9aP/ 

ဒါ့အပြင် ဒီသတင်းကို ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ကနေလည်း မတ်လ ၃၀ ရက်နေ့မှာ “စစ်ကော်မရှင်တပ်မှ ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် ဒေသခံအရပ်သား ခုနစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သေဆုံးသူများတွင် အသက် ၁၆ နှစ်အောက် ကလေးငယ် လေးဦးအထိ ပါဝင်နေပြီး ကျန်ရှိသည့် ဒဏ်ရာရရှိသူ လေးဦးထဲတွင် ရှစ်လသားအရွယ် ကလေးငယ်တဦးလည်း ပါဝင်နေသည်” လို့ ရေးသားဖော်ပြထားပါတယ်။ 

Mizzima – https://bur.mizzima.com/2026/03/30/86382 

မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း မတ်လ ၃၀ ရက်နေ့မှာ “ပလက်ဝ၊ ကြောင်ချောင်းရွာ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၇ ဦးအထိ မြင့်တက်” လို့ ရေးသားဖော်ပြထားပါတယ်။ 

DVB သတင်းဌာနရဲ့ ရေးသားချက်မှာလည်း “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုမှာ  ကလေးငယ် ၄ ယောက် အပါအဝင် အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၂ ယောက် အပါအဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်” လို့ ဖော်ပြထားပါတယ်။

DVB –  https://burmese.dvb.no/post/568933 

သက်သေပြချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ပလက်ဝမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်ပြီးတော့ သေဆုံးတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်နေတာတွေ့ရပြီးတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ သေဆုံးတဲ့သူတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအေတပ်သားတွေပါဆိုပြီး မှန်ကန်တိကျမှုမရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .