ချင်းတော်လှန်ရေးအဖွဲ့ PDF Zoland အဖွဲ့မှ ပြည်သူတွေကို ဖမ်းဆီးပြီး သိန်း ၆၀ ဖြင့် ရွေးခိုင်းဆိုသည့် သတင်းမှား
Share:FacebookX

ချင်းတော်လှန်ရေးအဖွဲ့ PDF Zoland အဖွဲ့မှ ပြည်သူတွေကို ဖမ်းဆီးပြီး သိန်း ၆၀ ဖြင့် ရွေးခိုင်းဆိုသည့် သတင်းမှား

Akyab Post/MFCN/ The Red Flag

30 May 2026

Fact-check

အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲဲ့ PDF Zoland အဖွဲ့မှနေ ပြည်သူတွေကို ဖမ်းဆိီးပြီး တစ်ဦးကို မြန်မာငွေကျပ် သိန်း ၆၀ နဲ့ ရွေးခိုင်းတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်”ကနေ မတ်လ ၂၅ ရက်နေ့မှာ “တော်လှန်ရေးဗန်းပြ အကြမ်းဖက်PDF Zolandတွေက ပြည်သူတွေအပေါ် အထင်အမြင်သေး စော်ကားတာမျိုး လုပ်လာကြပြီ နာကျင်ရလွန်းလို့ပါပဲ PDF Zolandတွေက ဖမ်းဆီးပြီး တစ်ယောက် သိန်း၆၀ပေးမှ လွှတ်မယ်ဆိုပြီး ငွေညှစ်နေကြတယ်။ ဖမ်းထားတဲ့သူတွေကိုလည်း ဒလန်ပါဆိုပြီး အတင်းစွပ်စွဲ၊ ရက်ရက်စက်စက်ဝိုင်း ရိုက်နှက် နှိပ်စက် နေကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း ခုလိုလုပ်နေကြတာ တော်တော် ဆိုးဝါးလွန်း ပါတယ်။ကိုယ့်အလှည့်လာမယ် ZOLAND” ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ 

သတင်းမှားလင်ခ့် – https://archive.ph/ArK5A 

ဒီပို့စ်ကို​ ဝင်ရောက်ဖတ်ရှုသူ ၇၆၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၄၄ ဦးနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ထပ်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်မှနေ google advanced search tools သုံးပြီး စစ်ဆေးခဲ့ပါတယ်။ 

Google မှာ PDF Zoland ဆိုတဲ့ Keywords နဲ့ ရိုက်ပြီးရှာကြည့်တဲ့အခါ ချင်းဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Chin World မှနေ မတ်လ ၂၄ ရက်နေ့မှာ “ZFU/PDF-Zoland  မှ အရွယ်ရောက်သူတိုင်း (၃) နှစ် စစ်မှုထမ်းရမည် ထုတ်ပြန်ပြီးနောက် လိုင်တွီးရွာသား လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။ 

Chin World သတင်းဌာနရဲ့ ရေးသားချက်တွေအရ “PDF-Zoland က ဇိုဂမ် (Zogam) နယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်လို့ မတ်လ ၂၄ ရက်နေ့မှာ  ထုတ်ပြန်ကြေညာခဲ့ပြီးနောက်၊ တီးတိန်မြို့နယ် လိုင်တွီး (Laaitui) ကျေးရွာအတွင်း ဝင်ရောက်ကာ လူငယ် (၁၀) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့” လို့ ဖော်ပြထားပါတယ်။ 

🔗 Chin World – https://www.facebook.com/share/p/1RPE54pjxw/ 

ဒါ့အပြင် ချင်းဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Zalen ကလည်း မတ်လ ၂၆ ရက်နေ့မှာ “ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးရွာမှာ ဒေသခံရွာသား ၁၂ ဦးကို PDF-Zoland အဖွဲ့က စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းခေါ်သွားတာကြောင့် ရွာသား ၆၀၀ ကျော်က မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့” လို့ ရေးသား ဖော်ပြထားပါတယ်။ 

🔗 Zalen – https://www.facebook.com/reel/1885682325416100 

ဒီသတင်းကိုပဲ အခြားချင်းဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Voice Of Chinland ကနေလည်း “PDF-Zoland တပ်ဖွဲ့ဟာ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး (၃) နှစ် စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ပြီးနောက်မှာ  လိုင်သွီး နဲ့  မွီဇောလ်ကျေးရွာက လူငယ် ၁၅ ယောက်ကို မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 The Voice Of Chinland – https://www.facebook.com/reel/1653149409189051 

စိတ်ချယုံကြည်ရတဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ PDF Zoland ဟာ အရွယ်ရောက်သူတိုင်း (၃) နှစ် စစ်မှုထမ်းရမည် ထုတ်ပြန်ပြီးနောက် လူငယ် ၁၀ဦးကျော်ကို ဖမ်းဆီးခဲ့တာကို တွေ့ရပြီးတော့ ဖမ်းဆီးထားသူတွေဆီကနေ မြန်မာငွေကျပ် သိန်း ၆၀ တောင်းတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။ 

ဒါ့အပြင် တီးတိန်မြို့နယ်က ဒေသခံတစ်ဦးကို မေးမြန်းကြည့်တဲ့အခါမှာလည်း “အတင်းအားဓမ္မ စစ်သားစုဆောင်းလို့ လူငယ်တွေကို ဖမ်းသွားတာတော့ဟုတ်တယ်၊ အခုထိတော့ ငွေတောင်းတာတွေ ရွေးခိုင်းတာတွေတော့ မရှိသေးဘူး။ ပြန်လွတ်အောင်တော့ ညှိနေကြတုန်းပါ ခုထိတော့ ပိုက်ဆံတောင်းတာ မရှိသေးဘူး” လို့ ပြောပါတယ်။ 

သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ  PDF Zoland ဟာ အရွယ်ရောက်သူတိုင်း (၃) နှစ် စစ်မှုထမ်းရမည် ထုတ်ပြန်ပြီးနောက် လူငယ် ၁၀ဦးကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ထားတဲ့     PDF Zoland ဟာ ဖမ်းဆီးထားတဲ့ ပြည်သူတွေဆီကနေ  မြန်မာငွေကျပ် သိန်း ၆၀ တောင်းပြီး ငွေညှစ်ကာ ဒလန်အဖြစ်နဲ့ စွပ်စွဲဆိုတာဟာ လုပ်ကြံရေးသားထားတဲ့  သတင်းမှားသာဖြစ်ပါတယ်။ 

လက်ရှိ ချင်းဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .