မြန်မာ့နိုင်ငံရေးထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အစိုးရပုံစံနဲ့ စစ်အာဏာသိမ်းမှုသံသရာ 
Share:FacebookX

မြန်မာ့နိုင်ငံရေးထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အစိုးရပုံစံနဲ့ စစ်အာဏာသိမ်းမှုသံသရာ 

မြန်မာ့နိုင်ငံရေးထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အစိုးရပုံစံနဲ့ စစ်အာဏာသိမ်းမှုသံသရာ 

၂၀၂၆ ခုနှစ်၊ မတ်လ  ၂၉   ရက်

(Election Article/ DNA/ MFCN)

 

မြန်မာ့နိုင်ငံရေးနဲ့စစ်အာဏာသိမ်းမှု သံသရာ

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ၁၉၄၈ ကနေ ၁၉၅၈ ခုနှစ် အထိကို ပါလီမန်ဒီမိုကရေစီခေတ်အဖြစ် ဝန်ကြီးချုပ် ဦးနုက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၉ က‌နေ ၁၉၆၀ ခုနှစ်ထိ ဗိုလ်ချုပ်‌နေဝင်း ဦးဆောင်ပြီး ပထမအကြိမ်အာဏာသိမ်းမှုအဖြစ် အိမ်စောင့်အစိုးရဖွဲ့စည်း ကာ အာဏာလွှဲပြောင်းရယူအုပ်ချုပ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်နေဝင်းက အထွေထွေရွေးကောက်ပွဲ ကျင်းပကာ အနိုင်ရပြည်ထောင်စုပါတီကို အာဏာလွှဲပေးခဲ့လို့ ဦးနုက ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင် ခဲ့ပြန်တာကို တွေ့ရပါတယ်။ 

 

အာဏာအရသာကို သိသွားတဲ့ ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ နိုင်ငံရဲ့အမှောင်ခေတ်ကို ဦးတည်သွားစေတဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှုကို စတင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးတော့ တော်လှန်ရေး ကောင်စီအစိုးရဆိုပြီး စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ပြီးနောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေကိုရေးဆွဲပြီး မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး တပါတီစနစ်နဲ့ နိုင်ငံကို ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။ 

 

အဲဒီနောက် ပြည်သူတွေ အထွေထွေအကြပ်အတည်းတွေကြုံလာခဲ့ရပြီး ၁၉၈၈ မှာ ၈၈၈၈ အရေးတော်ပုံ ဖြစ်ပေါ်လာကာ တပါတီမဆလအစိုးရပြုတ်ကျခဲ့လို့ တတိယအကြိမ်စစ်အာဏာထပ်မံသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)၊နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ဆိုပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့သန်းရွှေတို့ခေါင်းဆောင်တဲ့အာဏာသိမ်းအစိုးရက ၁၉၈၈ မှ ၂၀၁၀ ခုနှစ်ထိ (၂၂)နှစ်ကြာ အုပ်ချုပ်ခဲ့ပြန်ပါတယ်။ 

 

အာဏာသိမ်းစစ်အစိုးရက ၁၉၉၃ ကနေစလို့ ၁၅ နှစ်ကြာရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျပြင်ဆင်ပြီး စီစဉ်အကွက်ချခဲ့လို့ ပြည်ခိုင်ဖြိုးပါတီအနိုင်ရပြီး စစ်တပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဦးဆောင်တဲ့ဒီမိုကရေစီအယောင်ပြအစိုးရက (၅)နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ဒီကာလအတွင်းအတိုက်အခံ NLD ပါတီကို ပြန်လည်မှတ်ပုံတင်ခွင့်ပြုခဲ့လို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်အနိုင်ရပြီးလွှတ်တော်နိုင်ငံရေးစတင်ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနိုင်ရပြီး အစိုးရဖွဲ့နိုင်ကာ ၂၀၂၀ ပြည့်နှစ် အထိ သမ္မတ ဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ (၅)နှစ်ကြာ ဒုတိယအကြိမ် ဒီမိုကရေစီအစိုးရအနေနဲ့ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ 

 

ဒီနောက် ၂၀၂၀ ရွေးကောက်ပွဲပြုလုပ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီ ရှုံးခဲ့လို့ စစ်တပ်က ရွေးကောက်ပွဲမဲ မသမာမှုဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စတုတ္ထအကြိမ်စစ်အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ/ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်း သာယာရေးကော်မရှင်ဆိုကာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အဖွဲ့က စစ်အုပ်ချုပ်ရေးနဲ့  ၂၀၂၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ 

 

အဲဒီလို ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတာက အစပြုလို့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအစိုးရ၊ စစ်တပိုင်း အစိုးရ၊ ဒီမိုကရေစီအယောင်ဆောင်အစိုးရ၊ ဒီမိုကရေစီအစိုးရတို့ အုပ်ချုပ်ခဲ့ရာမှာ ပြည်သူကိုကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရတာဝန်ထမ်းဆောင်မှု(၁၅)နှစ်သာ ရှိခဲ့ပြီး စစ်အာဏာသိမ်းသံသရာထဲမှာပဲ စစ်ဗိုလ်ချုပ် တွေက အမည်အမျိုးမျိုးနဲ့နှစ်ပေါင်း(၆၀)ကျော်ခန့် အုပ်ချုပ်ခဲ့ကာ မြန်မာ့နိုင်ငံရေးဟာ စစ်အာဏာသိမ်း သံသရာထဲမှာ တဝဲလည်လည်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ 

 

၁၉၅ဝ ကနေ ၂ဝ၁ဝ အတွင်း ကမ္ဘာပေါ်မှာအာဏာသိမ်းမှုအကြိမ် ၄၅ဝ ကျော်ရှိခဲ့ပြီး ဒီထဲက ထက်ဝက်နီး ပါးအောင်မြင်တယ်လို့လည်း ကလေတန်သိုင်းနဲ့ဂျော်နသန် ပါဝဲလ်တို့ရဲ့ လေ့လာချက်အရ သိရပါတယ်။ အာဖရိကနဲ့ လက်တင်အမေရိကမှာ အာဏာသိမ်းပွဲ အများဆုံးဖြစ်ပြီး အာရှရဲ့ အာဏာသိမ်းမှုက စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ အာဏာသိမ်းမှုအများဆုံးကြုံခဲ့ရတဲ့နှစ်တွေက ၁၉၆ဝ ပြည့်လွန်အလယ်ပိုင်းနှစ် တွေ ဖြစ်ပြီး ၁၉၇ဝ ပြည့်လွန်အလယ်ပိုင်းနဲ့ ၁၉၉ဝ အလွန်မှာလည်း တကျော့ပြန်များခဲ့တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်ဟာ အာဏာသိမ်းလှိုင်းနဲ့ ပထမအကြိမ်ရော နောက်အကြိမ်တွေပါ ကြုံတွေ့ခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။

 

ကမ္ဘာမှာ နိုင်ငံအများအပြားက စစ်အစိုးရ ခေတ်ကုန်ဆုံးသွားခဲ့ကြပေမဲ့ အာစီယံမှာ မြန်မာနဲ့ထိုင်းနိုင်ငံတို့သာ စစ်တပ်နဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေဘဲ ကြီးစိုးအုပ်ချုပ်နေတာကိုတွေ့ရပြီး အဲဒီ ၂ နိုင်ငံထဲမှာမှ မြန်မာနိုင်ငံက စစ်နဲ့စစ်အာဏာသိမ်းသံသရာထဲမှာ နွံနစ်မြုပ်ပြီး ခေတ်နောက်ကျကျန်နေခဲ့တာကို တွေ့ကြရကာ ဒီသံသရာ ကလွတ်မြောက်ဖို့ ခေတ်အဆက်ဆက် မျိုးဆက်ပေါင်းများစွာ တွန်းလှန်နေခဲ့တွန်းလှန်နေဆဲဖြစ်တာကို တွေ့ရပါတယ်။

 

➤    မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်မှုခေတ်နဲ့ စစ်အာဏာသိမ်းအုပ်ချုပ်မှုကာလများ

👉၁၉၄၈  မှ ၁၉၅၈ ဖဆပလခေတ် ဦးနု  (၁၀)နှစ်

👉၁၉၅၈ မှ ၁၉၆၀ အိမ်စောင့်အစိုးရ(စစ်/သိမ်း) နေဝင်း(ဗိုလ်ချုပ်) ( ၁၈)လ

👉 ၁၉၆၀ မှ ၁၉၆၂ ပထစပါတီအစိုးရ ဦးနု ( ၂ ) နှစ်

👉၁၉၆၂ မှ ၁၉၈၈ မဆလခေတ်(စစ်/သိမ်း) နေဝင်း(ဗိုလ်ချုပ်) (၂၆)နှစ်

👉၁၉၈၈ မှ ၁၉၉၂ နဝတခေတ်(စစ်/သိမ်း) စောမောင်(ဗိုလ်ချုပ်မှူးကြီး)   (၄)နှစ်

👉၁၉၉၂  မှ ၂၀၁၀ နအဖခေတ်(စစ်/သိမ်း) သန်းရွှေ(ဗိုလ်ချုပ်မှူးကြီး) (၁၈)နှစ်

👉၂၀၁၁  မှ ၂၀၁၅ ပြည်ခိုင်ဖြိုး(စစ်တပိုင်း) သမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီး)  ( ၅)နှစ်

👉၂၀၁၆ မှ ၂၀၂၁ ဒီမိုကရေစီအရပ်သားအစိုးရ သမ္မတဦးထင်ကျော်/ဦးဝင်းမြင့်   (၅)နှစ်

👉၂၀၂၁  မှ ၂၀၂၆ စကမခေတ်(စစ်/သိမ်း) မင်းအောင်လှိုင်(ဗိုလ်ချုပ်မှူးကြီး)  (၅)နှစ်

👉၂၀၂၆  မှ   – ပြည်ခိုင်ဖြိုး(စစ်တပိုင်း) ?     ?

 

ပါလီမန်ဒီမိုကရေစီခေတ်(ဖဆပလအစိုးရခေတ်၁၉၄၈-၁၉၅၈)(၁၀)နှစ်

ပြည်ထောင်စုမြန်မာနိုင်ငံဟာ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ ရရှိခဲ့ပြီး လုံးဝလွတ်လပ် တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုဖြစ်လာခဲ့ပါတယ်။ ပထမဆုံးနိုင်ငံ့ခေါင်း‌ဆောင်တွေက သမ္မတ စပ်ရွှေသိုက်နဲ့ ဝန်ကြီးချုပ်ဦးနုတို့ ဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်မှာ ကမ္ဘာ့ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်လာခဲ့ပါတယ်။

 

လွတ်လပ်ရေးအမြန်ရရှိဖို့အတွက် အမြန်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ လ ၂၄ ရက်မှာ တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပြီး လွတ်လပ်ရေးရရှိတဲ့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ၄ ရက်မှာ“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၁၉၄၇ ခုနှစ်)” အမည်နဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖဆပလအစိုးရအဖြစ် အုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။

 

ဖဆပလခေတ်အတွင်း ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အောက် လွှတ်တော်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်ထားတဲ့ အထက်လွှတ်တော်၊ အဲဒီလွှတ်တော် နှစ်ရပ် ကို ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်းက ၄ နှစ်ဖြစ်ပြီး သမ္မတက ၅ နှစ်သက်တမ်းနဲ့ အများဆုံး ၂ ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ သမ္မတရဲ့အခွင့်အာဏာက ဂုဏ်ထူးဆောင်ပုံစံသာရှိပြီး ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကသာ အရေးကြီးဆုံးကဏ္ဍ မှာ တာဝန်ထမ်းဆောင်တဲ့ ဖွဲ့စည်းပုံစနစ်နဲ့အုပ်ချုပ်ခဲ့တာကို တွေ့ရပါတယ်။

 

၁၉၅၁ ဇွန်လကနေ ၁၉၅၂ ဧပြီလအထိ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖဆပလအဖွဲ့ချုပ်က အနိုင်ရခဲ့လို့ သမ္မတအဖြစ် ဦးဘဦးကို ရွေးချယ်ခံရပြီး ဝန်ကြီးချုပ်အဖြစ် ဦးနု က ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ၁၉၅၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း ဖလပလအဖွဲ့ချုပ်ကပင် အနိုင်ရရှိခဲ့ လို့ သမ္မတအဖြစ် မန်းဝင်းမောင်ရွေးချယ်ခံရပြီး ဝန်ကြီးချုပ်အဖြစ် ဦးနု ကပင် ဆက်လက်တာဝန်ထမ်း ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ ဝန်ကြီးချုပ် ဦးနု ဟာ ရာထူးမှ နုတ်ထွက်ခဲ့ ပြီး ဦးဗဆွေက ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပေမဲ့ ၁၉၅၇ မတ်လ ၁ ရက်မှာ ဝန်ကြီးချုပ်နေရာကို ဦးနု တာဝန် ပြန်လည်ထမ်းဆောင်ခဲ့တာကို တွေ့ရပါတယ်။

 

၁၉၅၈ ခုနှစ်၊ ဇွန်လအတွင်းတည်မြဲဖဆပလက ဦးနုရဲ့အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို လွှတ်တော်မှာ တင်သွင်းခဲ့ပေမဲ့ ဦးနုရဲ့အစိုးရက အနိုင်ရခဲ့ပါတယ်။ ဒီအချိန်မှာ စစ်တပ်က အာဏာသိမ်းဖို့ အခြေအနေများ ပေါ်ထွက်လာလို့ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပပြီး ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရအဖွဲ့တခုလုံး ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်သစ် အဖြစ် အဆိုပြု တင်မြှောက်ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဒီမိုကရေစီစနစ်နေဝင်သွားခဲ့ပြီး ပထမအကြိမ် စစ်အာဏာသိမ်းမှုအဖြစ် ဗိုလ်ချုပ်နေဝင်း အာဏာလွှဲပြောင်းရယူကာ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပြီး အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။ 

ISP Myanmar- ဖဆပလခေတ်

အိမ်စောင့်အစိုးရခေတ်(ပထမအကြိမ်စစ်အာဏာသိမ်းမှု ၁၉၅၈- ၁၉၆၀) (၂)နှစ်

ပထမဆုံးစစ်အာဏာသိမ်းမှုကို ၁၉၅၈ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှာ ပေါ်ပေါက်ခဲ့ပြီး ၁၉၆၀ ခုနှစ်၊ ဧပြီလ အထိ ၁၈ လကြာ အာဏာသိမ်းကာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့အိမ်စောင့်အစိုးရ ပေါ်ပေါက် အုပ်ချုပ်ခဲ့ပါတယ်။

 

၁၉၅၈ ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းဖို့ကြိုးပမ်းမှုအနေနဲ့ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ဗိုလ်မှူးချုပ် မောင်မောင်တို့ကို အာဏာသိမ်းတဲ့အကြောင်းပြောဖို့ ဝန်ကြီးချုပ်ဦးနုဆီ လွှတ်လိုက်ပေမဲ့ နိုင်ငံရေး ပရိယာယ်ကြွယ်ဝတဲ့ ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီးနေဝင်းဆီ လွှဲပေးမယ်လို့ ပြောဆိုခဲ့ကြောင်းကို ဦးနုက သူ့ရဲ့ တာတေစနေသားစာအုပ်မှာ ရေးသားခဲ့ပါတယ်။

 

“အာဏာသိမ်းတာဟာ စစ်တပ်လည်းနာမည်ပျက်တယ်၊ တိုင်းပြည်လည်းနာမည်ပျက်တယ်၊ အဲဒီတော့ နောက်ခြောက်လကြာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိ ပြုရင် စစ်တပ်ကို သူအာဏာလွှဲပေးမယ်” လို့ ဦးနုက တုံ့ပြန်ခဲ့ပါတယ်။

 

“အစိုးရအဖွဲ့အတွင်းမှာ အကွဲအပြဲတွေ ဖြစ်လာတဲ့အပေါ်မှာ စစ်ပြန်စစ်တပ်က အာဏာသိမ်းမယ်လုပ်တဲ့အ ခါမှာ ဦးနုက အာဏာမသိမ်းပါနဲ့ နာမည်ပျက်တယ်၊ အာဏာလွှဲယူပါဆိုပြီးတော့ အိမ်စောင့်အစိုးရကို ဦးနုက တစ်နှစ်ခွဲလောက် အာဏာလွှဲပြောင်းပေးခဲ့တာ” လို့ ၁၉၅၈ ခုနှစ်မှာ ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာ လွှဲပေးခဲ့ပုံကို နိုင်ငံရေးလေ့လာသူတွေက ပြောခဲ့ပါတယ်။

 

အဲဒီလို ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလမှာ အာဏာလွှဲပြောင်းရယူပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရဟာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခြောက်လသာ တာဝန်ယူရမှာဖြစ်ပေမဲ့ ၁ နှစ် ကျော်အကြာ ၁၉၆၀ ခုနှစ်၊ ဖေဖော်ဝါရီရောက်မှသာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ 

 

အဲဒီမှာ စစ်တပ်ထောက်ခံတဲ့ တည်မြဲပါတီ မဲခိုးတာတောင်ရှုံးနိမ့်ခဲ့ပြီး ဦးနုရဲ့ (သန့်ရှင်းဖဆပလ) အနိုင်ရလို့ သန့်ရှင်းဖဆပလ(ပြည်ထောင်စုပါတီ)ကို အာဏာပြန်အပ်ခဲ့လို့ ဦးနု က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာ ကို တွေ့ရပါတယ်။ 

DNA- အာဏာရှင်တို့နေထွက်ချိန်(သို့) ၁၉၆၂ စစ်အာဏာသိမ်းမှု

 

တော်လှန်ရေးကောင်စီ/မဆလအစိုးရခေတ်(ဒုတိယအကြိမ်စစ်အာဏာသိမ်းမှု၁၉၆၂-၁၉၈၈)(၂၆)နှစ်

ဗိုလ်ချုပ်ကြီးနေဝင်း ဟာ ပထမအကြိမ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်ထိ ၁၈ လခန့်ကြာအာဏာသိမ်းထားမှုအတွင်း မှာ စစ်တပ်နဲ့ သူ့ကိုယ်ကျိုးအတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုမြင်လာပြီး ရယူလိုတာနဲ့ အာဏာရဲ့ အရသာကို နားလည်သွားတဲ့အတွက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှာ ဒုတိယအကြိမ်စစ်အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းကနေ စစ်အုပ်ချုပ်ရေးစနစ်နဲ့ တော်လှန်ရေးကောင်စီ အမည်ခံပြီး အုပ်ချုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်အာဏာသိမ်းမှုရဲ့ အကြောင်းပြချက်အဖြစ် “နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူအပေါင်းတို့ ခင်ဗျား၊ ပြည်ထောင်စုနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှါ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီ ဖြစ်ပါကြောင်း အစီရင်ခံပါသည်။” ဆိုပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့တော်လှန်ရေးကောင်စီဟာ ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းကစလို့ ပုဂ္ဂလိ က လုပ်ငန်းတွေအကုန်လုံးကို ပြည်သူပိုင်ဆိုပြီး သိမ်းယူတဲ့အပြင် ၁၉၆၄ ခုနှစ်၊ မေလထဲမှာလည်း အစိုးရက တရားဝင်ထုတ်ထားတဲ့ ငါးဆယ်တန်နဲ့ တစ်ရာတန်တွေကို တရားမဝင်တော့ဘူးလို့ တော်လှန်ရေးကောင်စီ က ကြေညာခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းက ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရေးဆွဲခင်အချိန်အထိ နိုင်ငံကို စစ်အုပ်ချုပ်ရေးစနစ်နဲ့ (၁၂) နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။

 

အဲဒီနောက်မှာ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ စတင်ရေးဆွဲခဲ့ပြီး ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အပြီးသတ်ခဲ့တဲ့“ပြည်‌ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မှာ စတင်အသက်ဝင်အသုံးပြုခဲ့ပြီး ဆိုရှယ်လစ် တပါတီစနစ်ကို ကျင့်သုံးကာ ပြည်သူ့ လွှတ်တော် ၁ ခုနဲ့မဆလပါတီဗဟိုချုပ်ကိုင်မှုဖြင့် နိုင်ငံကို(၁၄)နှစ်ကြာအုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။

 

၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေအရ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဟာလဲ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအတွက် အစိုးရဖွဲ့စည်း အတည်ပြုဖို့သာဖြစ်ပြီး ယှဉ်ပြိုင်ဖက်ပါတီ တွေ မရှိခဲ့ဘဲ မဆလတပါတီအစိုးရအနေနဲ့ အုပ်ချုပ်ခဲ့ပါတယ်။

 

မဆလ အစိုးရဟာ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလထဲမှာတော့ တစ်ရာတန်၊ ငါးဆယ်တန်၊ နှစ်ဆယ်တန် ငွေစက္ကူ တွေကို ထပ်မံဖျက်သိမ်းခဲ့အပြင် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလထဲမှာလည်း ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကိုပါ တရားမဝင်တော့ကြောင်း ကြေညာခဲ့ပြန်ပါတယ်။

 

အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစမှာ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေသေးတဲ့ မြန်မာနိုင်ငံဟာ မဆလပါတီအစိုးရလက်ထက် ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာတော့ ကုလသမဂ္ဂရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းဝင်သွားခဲ့ပါတယ်။

 

ဒီလိုနဲ့ တပါတီမဆလအစိုးရ​ရဲ့ ဖိနှိပ်မှု၊ ဆိုရှယ်လစ်အပေါ်လွဲမှားကျင့်သုံးခဲ့လို့ ငွေကြေးဖောင်းပွမှု၊ တိုင်းပြည် ​ရဲ့ စီးပွားရေးမှာ ဆိုးဝါးလာမှုတွေကြောင့် ၁၉၈၈ ခုနှစ်မှာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ်နေဝင်းရဲ့ခွင့်ပြုချက်နဲ့ တတိယအကြိမ်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

 

ဒါကြောင့် နေဝင်း​ရဲ့အိမ်စောင့်အစိုးရ(၂)နှစ်နဲ့တော်လှန်ရေးကောင်စီ(၁၂)နှစ်၊ နေဝင်းရဲ့မဆလအစိုးရ(၁၄)နှစ်၊ စုစုပေါင်း(၂၈)နှစ်ကြာ နိုင်ငံကို စစ်အာဏာသိမ်းအုပ်စိုးမှု အဆုံးသတ်သွားခဲ့ပါတယ်။ 

 

နဝတ/နအဖအစိုးရခေတ် (တတိယအကြိမ်စစ်အာဏာသိမ်းမှု ၁၉၈၈- ၂၀၁၀)(၂၂) နှစ်

၈၈၈၈ အရေးတော်ပုံဖြစ်ပွားလို့ဆိုပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ (၄)နာရီတိတိမှာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားတွေကနေ စစ်သွေးစစ်မာန်စစ်ချီတေးသံတွေကို လွှင့်ထုတ်ပေးရင်း “နိုင်ငံတော် တဝှန်း၌ အဘက်ဘက်မှ ယိုယွင်းနေသောအခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ရဲ့ ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ် ကို ထိန်းသိမ်းလိုက်သည်” ဆိုတဲ့ ကြေညာချက်နဲ့   ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့အဖွဲ့က တတိယ အကြိမ် စစ်အာဏာသိမ်းမှု စတင်ခဲ့ပါတယ်။ 

 

အာဏာသိမ်းပြီးတဲ့နောက် အရင်မဆလရဲ့ တပါတီစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးမယ်လို့ကြေငြာခဲ့ပါတယ်။ ၂၇.၉.၈၈ ရက်မှာ ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ နဝတလက်ထက် မြန်မာနိုင်ငံမှာ- NLD ၊ မဆလတဖြစ်လဲ တစညနဲ့ ဒီငြိမ်းတို့အပါအဝင် မျိုးဆက်ဟောင်း/သစ်ပါတဲ့ နိုင်ငံရေးပါတီပေါင်း (၂၃၅)ခု ပေါ်ပေါက်ခဲ့ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် NLD က ခေါင်းဆောင်ကြီးငယ် အများအပြား ဖမ်းအဆီးခံထားရချိန်အတောအတွင်း ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကြီး ကျင်းပပေးခဲ့ရာ နိုင်ငံရေးပါတီ ၉၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အာဏာသိမ်းစစ်အစိုးရမျှော်မှန်းခဲ့သလို မဆလတဖြစ်လဲ တစညပါတီအနိုင်မရဘဲ NLD က တပြည်လုံးမှာ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ 

 

ဒီအခါမှာ “ရွေးကောက်ပွဲပြီးရင် ဘားတိုက် ပြန်မှာပါ၊ အနိုင်ရတဲ့သူကို အာဏာအပ်လိုက်မှာပါ” လို့ ပြောဆို ခဲ့တဲ့ နဝတ အစိုးရဟာ အနိုင်ရတဲ့ NLD ကို အာဏာလွှဲပြောင်းပေးခြင်းမပြုဘဲ အခြေခံဥပဒေမရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အနိုင်ရပါတီ NLD ကို အာဏာလွဲပြောင်းမှု မပြုလုပ်ခဲ့ပဲ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါအပြင် ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်များ ကို ဖမ်းဆီးထောင်ချတာ သတ်ဖြတ်တာတွေ ဖိနှိပ်မှုတွေ အမျိုးမျိုးလုပ်ပြီး NLD ပါတီချေမှုန်းရေးဆောင် ရွက်ခဲ့ပါတယ်။ 

 

ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအဆင့်အဖြစ် ၂၇.၃.၁၉၉၀ ရက်မှာ တိုးမြှင့်ရာထူးယူထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှာ နဝတဥက္ကဌအဖြစ်ကနေ ကျန်းမာရေး မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ရာထူးကနေ အဖယ်ရှားခံလိုက်ရပြီး ဒုဥက္ကဌဖြစ်တဲ့ ဒုဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးဆောင် အုပ်ချုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၅.၁၁.၉၇ ရက်မှာ ‘နဝတ’ ကနေ ‘ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ'(နအဖ)အဖြစ် နာမည်ပြောင်းပြီး ပြန်လည်ဖွဲ့စည်း အုပ်ချုပ်ခဲ့ပါတယ်။

 

၂၀၀၂ ခုနှစ်၊ မတ်လမှာ ဦးနေဝင်းရဲ့ သားမက်နဲ့မြေး (၃)ဦး တို့ကို အာဏာလုရန်ကြံစည်မှုနဲ့ ဖမ်းဆီးအရေး ယူခဲ့ပြီး ဦးနေဝင်းနဲ့သမီး စန္ဒာဝင်းတို့ကို နေအိမ်အကျယ်ချုပ်ထားခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်မှာ ဝန်ကြီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က နိုင်ငံတော်ရှေ့ဆက်သွားမဲ့လမ်းပြမြေပုံ(၇)ရပ်ကို ထုတ်ပြန် ကြေငြာခဲ့ပြီး ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ဝန်ကြီးချုပ်နဲ့ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခံရမှုနဲ့အတူ ရာထူးက ဖယ်ရှားခြင်းခံခဲ့ရပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဖို့ အမျိုးသားညီလာခံကို ၉.၁.၉၃ ရက်မှာ စတင်ပြုလုပ်ခဲ့ရာ (၁၅)နှစ် အကြာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ကို ၁၉.၂.၂၀၀၈ ရက်မှာ ပြီးဆုံးခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းကြောင့် ပြည်သူတွေသန်းနဲ့ချီသေဆုံး ဒုက္ခရောက်နေခဲ့ချိန် ပြည်လုံးကျွတ်ဆန္ဒခံယူကာ ၂၉.၅.၂၀၀၈ ရက်မှာ နအဖအစိုးရဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို  အတည် ပြုခဲ့ပါတယ်။ 

 

၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံခေါ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်ယူဆွဲနေစဉ်ကာလ အတွင်းမှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးတဲ့အခါ အသင်းကို ပါတီပြောင်းပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး စစ်ယူနီဖောင်း ချွတ်တွေ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ်၊  နိုဝင်ဘာလ ၇ ရက်မှာ နအဖ ဦးဆောင်ပြုလုပ်တဲ့ အထွေ ထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ NLD ပါတီမပါဝင်ခဲ့ဘဲ အငြင်းပွားဖွယ် ကြိုတင်မဲရလဒ်များနဲ့ စစ်တပ် နောက်ခံ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူဦးရေ ၂၉ သန်းခန့်ရှိပြီး ၂၂.၄ သန်း မဲပေးခဲ့တယ်လို့ သိရှိရပြီး ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းမှုအတွက် အစိတ်အပိုင်းတခုဖြစ်ပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ နိုင်ငံတကာအဖွဲ့စည်း တွေက ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပါတယ်။

BBC- ၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု

Myanmar Peace Monitor- မြန်မာနိုင်ငံရေးနောက်ခံ

 

ဦးသိန်းစိန်အစိုးရခေတ်(ပြည်ခိုင်ဖြိုးပါတီစစ်တပိုင်းအစိုးရ ၂၀၁၁- ၂၀၁၆)( ၅)နှစ်

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ နအဖက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး ဟောင်း)ဦးဆောင်တဲ့ စစ်ယူနီဖောင်းချွတ်များ အရပ်ဝတ်တိုက်ပုံလဲထားတဲ့ အရပ်သားအစိုးရအယောင် ဆောင်ထားတဲ့ စစ်တပိုင်းအစိုးရက အုပ်ချုပ်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်က အမိန့်အမှတ် ၁/၂၀၁၁ ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တဲ့အပြင် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရာနှုန်းပြည့်နီးပါးအနိုင်ရရှိကာ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ် ၄၀ ကျော် ရောက်ရှိသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ ERO (၈) ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အကြား တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် မှာ ပြည်ထောင်စုလွှတ်တော်အတွင်း ထပ်မံအတည်ပြုခဲ့ပါတယ်။ NCA အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှာ ကျင်းပပေးခဲ့တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီကာလမှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို သဘောမတူဘဲ ရက် ၆၀ အတွင်း ပြင်ဆင်ပေးဖို့ ကျောင်းသားတွေက အစိုးရကိုတောင်းဆိုခဲ့ရာ အကြောင်းပြန်မှုမရှိလို့  ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်ကစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ တနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီပညာရေးသပိတ်စစ် ကြောင်းဟာ မန္တလေးကနေရန်ကုန်အထိ လမ်းလျှောက်ချီတက်ခဲ့လို့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့ကို အရောက် မတ်လ ၁၀ ရက်မှာ အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ကျောင်းသားနဲ့ဝန်းရံပြည်သူ ၁၀ဝ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ 

၂၀၁၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်ညမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကြား အင်အားပြိုင်မှုရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ညသန်း ခေါင်ယံပါတီ ဥက္ကဋ္ဌရာထူးလုပွဲဖြစ်ပွားပြီး USDP ပါတီ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဦးရွှေမန်းနဲ့ ခေါင်းဆောင် တချို့ သာမန်ဗဟိုကော်မတီအဆင့်ကို ရာထူးကျသွားခဲ့ပြီး ဥက္ကဋ္ဌရာထူးနဲ့ ပါတီဥက္ကဋ္ဌသစ်အဖြစ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲခန့်အပ်ကာ အဖွဲ့ဝင် ၅၃ ဦး ပါတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

The Irrawaddy- ၂၀၁၅ ကိုကိုင်လှုပ်သောဖြစ်ရပ်များ

ဦးသိန်းစိန်အစိုးရက ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲလုပ်ပေးချိန်မှာ “ပြောင်းလဲ ချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ NLD ပါတီဝင်ရောက်အရွေးခံခဲ့ရာ ရွေးကောက်ခံကိုယ်စားလှယ်ဦးရေ ၄၉၈ အနက် ၃၉၀ ဦးရရှိခဲ့ကာ NLD ပါတီအနေနဲ့ တစ်နိုင်ငံလုံးနီးပါး အနိုင်ရခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ လူဦးရေ ၃၃.၅ သန်းမဲပေးခဲ့ပြီး မဲပေးသူဦးရေ ရာခိုင်နှုန်းအားဖြင့် ၇၀ မှ ၈၀ ရာခိုင် နှုန်းကြားရှိခဲ့တယ်လို့ ၂၀၁၅ မှာ ထုတ်ပြန်ခဲ့တဲ့ The Carter Center Report အရ သိရှိရပြီး ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ ဦးသိန်းစိန်အစိုးရက အာဏာလွဲပြောင်းခဲ့သဖြင့် အသွင်ကူးပြောင်းမှုဖြစ်စဉ် ချောမွေ့ပြီး မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုနဲ့ အတူ စစ်တပ်အစိတ် သား လွှမ်းမိုးတဲ့ ဒီမိုကရေစီစနစ်ကို ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ 

 

NLD ပါတီအစိုးရခေတ်(အရပ်သားဒီမိုကရေစီအစိုးရ ၂၀၁၆- ၂၀၂၁) (၅)နှစ်

၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက အနိုင်ရရှိခဲ့တဲ့ NLD ပါတီ ဦးဆောင်တဲ့ သမ္မတဦးထင်ကျော်ရဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲအပ်ပေးခဲ့လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ သမ္မတဦးထင်ကျော်ပါအစိုးရအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။

 

ဦးထင်ကျော်အစိုးရအဖွဲ့က ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံအစည်းအဝေးအဖြစ် နာမည်ထပ်ပေါင်းကာ ကျင်းပခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်မှာ နိုင်ငံတော်သမ္မတဦးထင်ကျော် တာဝန်ကအနားယူခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပါတယ်။

 

NLD အစိုးရလက်ထက်မှာတော့ စစ်အရာရှိတွေဟာ အရင်ကလို အစိုးရဌာနတွေက အဓိကနေရာတွေ ကို အလွယ်တကူ ဝင်ယူခွင့်မရကြတော့ပါဘူး။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ NLD အစိုးရဟာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ အရပ်သားအစိုးရ ထိန်းချုပ်တဲ့ ပြည်ထောင် စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီကာလမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ရခိုင်ပြည်နယ် တဝှမ်းလုံးနဲ့ ချင်းပြည်နယ် ပလက်ဝဒေသများအတွင်း စစ်တပ်နဲ့ AA အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအလွန်တွင်မှသာ နှစ်ဖက်အကြား တိုက်ပွဲတွေ ရပ်တန့်သွား ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ NLD ပါတီကပဲ အနိုင်ရရှိခဲ့ပြီး USDP ပါတီက ရှုံးနိမ့်ခဲ့လို့ USDP နဲ့ ၎င်းတို့ရဲ့ မဟာမိတ်နိုင်ငံရေးပါတီများ စုပေါင်းကာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့သွား ရောက်တွေ့ဆုံပြီး အကူအညီတောင်းခဲ့ရာ စစ်ခေါင်းဆောင်က “ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ကတိပြုပြောဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မဲ မသမာမှုရှိတယ်ဆိုပြီး စတုတ္ထအကြိမ်အာဏာသိမ်းခဲ့ပါတယ်။

 

ဒီမိုကရေစီအရပ်သားအစိုးရသက်တမ်း ၅ နှစ်ပြီးနောက် ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပသော ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အီးယူ၊ အာယီဆံ စတဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲစောင့်ကြည်လေ့လာတဲ့ ၂၀၂၀ ခုနှစ်မှာ ထုတ်ပြန်တဲ့ The Carter Center Report နဲ့ ပြည်တွင်းအခြေစိုက်ရွေးကောက်ပွဲအဖွဲ့ဖြစ်တဲ့ PACE( People’s Alliance for Credible Elections) အဖွဲ့ တွေက လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

စတုတ္ထအကြိမ်အာဏာသိမ်းစစ်ကောင်စီခေတ်(မင်းအောင်လှိုင်အစိုးရ ၂၀၂၁ – ၂၀၂၆)( ၅) နှစ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)ကို ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့်အစိုးရလို့  အမည်ပြောင်းခဲ့ပြီး မင်း အောင်လှိုင်က ဝန်ကြီးချုပ်ရာထူးရယူခဲ့တဲ့အပြင် ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးအရ အနားယူပြီး နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာယာယီသမ္မတအဖြစ် သူ့ကိုသူခန့်ခဲ့ပါသေးတယ်။  ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်မှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် လုပ်ခဲ့ပါတယ်။ မင်းအောင်လှိုင်က စစ်တပ်ကို ဦးဆောင်လာတာ ၁၆ နှစ်ရှိပြီဖြစ်ကာ အာဏာသိမ်းပြီး နိုင်ငံကို အုပ်ချုပ်တဲ့နှစ်က ၅ နှစ်ကျော်ရှိပြီး ရာထူးပေါင်းစုံရယူပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလဲ လက်မလွှတ်ရဲပဲ ဆက်လက်အုပ်ချုပ်နေခဲ့ပါတယ်။

 

မင်းအောင်လှိုင်ဟာ နိုင်ငံတဝန်းပဋိပက္ခတွေနဲ့မတည်ငြိမ်မှုတွေ ဖြစ်ပွားနေပြီး သာမန်မဟုတ်တဲ့အခြေအနေ ဖြစ်လို့ အရေးပေါ်ကာလကို ပုဒ်မ ၄၂၅ နဲ့အညီ ဆက်လက်သက်တမ်းတိုးနိုင်တယ်လို့ ခုံရုံးက တကြိမ် ဆုံးဖြတ်ပေးပြီးတဲ့နောက် သက်တမ်းတွေအဆင့်ဆင့်ထပ်တိုးပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ထိ အရေးပေါ်အခြေအနေကို ထပ်မံသက်တမ်းတိုးခဲ့ပြီး အုပ်ချုပ်ခဲ့ပါတယ်။

 

၂၀၂၃ ဇန်နဝါရီမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေကိုပြဌာန်းခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ ပြင်ဆင်ခဲ့ပါ တယ်။  ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို ဒီဇင်ဘာလ ၂၅ ရက်မှာ စတင်ပြုလုပ် မယ်လို့ ကြေငြာခဲ့ပါတယ်။

 

စစ်တပ်ရဲ့ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ဖို့ ၅ နှစ်ခန့် အချိန်ယူပြင်ဆင်ခဲ့ကာ မဲဆန္ဒနယ်များနဲ့ ရွေးကောက်ပွဲစနစ်ကို ဆောင်ရွက်ခဲ့ပြီး  ၂၀၂၅ ခုနှစ် အတုအယောင်ရွေး​​ကောက်ပွဲကို မြို့နယ် ၃၃၀ ရှိတဲ့ အနက်လုံခြုံရေးစိတ်မချရတဲ့အခြေအနေများအရ မြို့နယ် ၂၆၃ ခုမှာ အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့ရာမှာ ပြည်ခိုင်ဖြိုးပါတီက တနိုင်ငံလုံးအနိုင်ရရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ၂၀၂၅ မတ်လထဲမှာ လွှတ်တော် ခေါ်ယူပြီး ဧပြီလထဲမှာ အစိုးရဖွဲ့ကာ စစ်တပိုင်းပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ရလာဒ်အရ နိုင်ငံကို အယောင်ဆောင်ဒီမိုကရေစီနဲ့အုပ်ချုပ်ဖို့ စီမံစိုင်းပြင်း‌နေတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် (၃၀ဝ) ကျော်က အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှာ ဖွဲ့စည်းခဲ့ပြီး  နောင်အခါမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)၊ တအာင်း(ပလောင်)အမျိုးသား ပါတီ (TNP)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တို့က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အချို့ ထပ် ပေါင်းဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က စတင်ပြီး CDM ကဲ့သို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို လက်နက်မဲ့စတင်ခဲ့ပြီးနောက် CRPH က ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို အတည် ပြုထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပေါ်ထွက်လာပြီး ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဖွဲ့စည်းကာ တနိုင်ငံလုံးအတိုင်း အတာနဲ့ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များက အာဏာသိမ်းစစ်ကောင်စီ နဲ့အဖွဲ့ကို ယနေ့အထိ ခုခံတော်လှန်လျက်ရှိပါတယ်။ 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ရရှိခဲ့တဲ့ လွတ်လပ်ရေးအလံတော်နဲ့အတူ ပါလီမန်ဒီမို ကရေစီစနစ်နဲ့ ဒီမိုကရေစီပန်းတိုင်ဟာလည်း နီးကပ်ခဲ့ပေမဲ့ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ နဲ့ ၂၀၂၁ စတဲ့စစ်အာ ဏာသိမ်းမှုတွေက ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို ရိုက်ချိုးခဲ့ကြလို့ မြန်မာပြည်သူတွေအတွက် ‘ဒီမိုကရေစီ’ ဆိုတာဟာ ရံဖန်ရံခါမှသာ မြင်တွေ့ခွင့်ရတဲ့ ကြယ်တစ်ပွင့်လိုဖြစ်နေပါတယ်။  မြန်မာ့သမိုင်းရဲ့ ကောင်းမွေ /ဆိုးမွေကို အနာဂတ်ပြည်သူတွေဆက်ခံရမှာဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် တွန်းလှန် ရေးသမိုင်းတစ်လျှောက်မှာ စုစည်းမှုအား အကြီးဆုံးနဲ့ဇွဲအကောင်းဆုံး တော်လှန်ရေးတခုဖြစ်သလို အကြမ်း ဖက်စစ်အုပ်စုအတွက်လည်း ထိခိုက်ဆုံးရှုံးမှုအများဆုံး ကြုံတွေ့နေရတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင် စနစ်ဆိုး အဆုံးသတ်နိုင်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးအတွက် ခုအချိန်ဟာ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် ပြည်သူ အားလုံး ပူးပေါင်းပါဝင်တွန်းလှန်ကြရမှာဖြစ်ပါတယ်။

ကိုးကား-

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .