တနင်္သာရီ တကူရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတွေသေဆုံးတာကို PDF ဆိုပြီး သတင်းအမှားဖြန့်
Share:FacebookX

တနင်္သာရီ တကူရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတွေသေဆုံးတာကို PDF ဆိုပြီး သတင်းအမှားဖြန့်

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို မတ်လ ၁၀ရက်မှာ စစ်အာဏာရှင်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်ကြီးပိုင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ PDF ခေါင်းဆောင် အပါအဝင် PDF သုံးဦးသေဆုံးတယ်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တစ်ခုဖြစ်တဲ့ PAN ချန်နယ်ကရေးသားဖြန့်ချိနေပါတယ်။

အဲဒီဖြန့်ချိမှုကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

Subscriber ပြုလုပ်သူ ငါးသောင်းကိုးထောင်ကျော်ရှိတဲ့ PAN ချန်နယ်က မတ်လ ၁၁ရက်မှာ စတင်ဖြန့်ချိခဲ့တဲ့ သတင်းအမှား ကို မြင်တွေ့ပြီးသူခြောက်ထောင်ကျော်ရှိနေပြီး ဆက်လက်ပျံ့နှံ့တာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/gj4zd

တကူရွာ လေယာဥ်နဲ့ ဗုံးကြဲခံရပြီး အရပ်သားတွေ ထိခိုက်သေဆုံး

မတ် ၁၀ရက် နေ့လယ် ၁၂နာရီ ၂၀မိနစ်လောက်မှာ စစ်အာဏာရှင်တပ်က တကူကျေးရွာ၊ အလယ်ပိုင်းရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံးကြဲချပြီး ပွိုင့်ဖိုက်စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး Dawei Watch က မတ်လ ၁၀ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

ဗုံးကြဲမှုကြောင့် အရပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့တဲ့အကြောင်းကိုလည်း သတင်းမှာ ဖော်ပြခဲ့ပါတယ် ။

စစ်အာဏာရှင်တပ်ဟာ တကူကျေးရွာကို ဗုံးကြဲမယ့်နေ့ နံနက်ပိုင်းကစပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့တယ်လို့ ဒေသခံတစ်ဦးက Dawei Watch ကို ပြောပါတယ်။ Dawei Watch ရဲ့သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/SW7TO

Myanmar Now သတင်းဌာနကလည်း မတ်လ ၁၀ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ကို ကိုးကားပြီး သတင်းဖော်ပြပါထားပါတယ်။

“ကရင်နှင့် တနင်္သာရီတွင် ၃ ရက်ဆက် ဗုံးကြဲမှုကြောင့် ကလေးများ၊ ကိုယ်ဝန်ဆောင် အပါ ၁၄ဦး သေဆုံး” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖော်ပြထားတဲ့ သတင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ Myanmar Now သတင်းနဲ့ KNU ထုတ်ပြန်ချက်တွေကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

Myanmar Now သတင်းလင့်ခ် – https://shorturl.at/RhoQx
တကူရွာလေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ KNU ရဲ့ ထုတ်ပြန်ချက် လင့်ခ် – https://shorturl.at/3dmZJ

DVB သတင်းဌာနကလည်း တကူရွာ ဗုံးကြဲခံရမှုကြောင့် အရပ်သား သုံးယောက်သေဆုံးပြီး သုံးယောက်က ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီနေ့က တကူမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူးလို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ကနဦးသတင်းအဖြစ် မတ်လ ၁၀ရက်မှာ ဖော်ပြခဲ့ပါတယ်။
DVB သတင်းလင့်ခ် – https://shorturl.at/bl4Z5

ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်

တကူရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ အချက်အလက်တွေကို Dawei Watch က လက်လှမ်းမီ သမျှ ဒေသခံတွေ မေးမြန်းအတည်ပြုချက်အရ သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်ကြပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်မှာ ကလေးတစ်ဦး အပါအဝင် လေးဦးသေဆုံးကြောင်း ဖော်ပြထားပါတယ်။

ကလေးတစ်ဦးမှအပ ကျန်သုံးဦးရဲ့ အချက်အလက်တွေကို ဒေသခံတွေဆီကနေ Dawei Watch က အတည်ပြုနိုင်ခဲ့ ပါတယ်။ အဲဒီသုံးဦးကတော့ တကူဒေသခံ အသက် ၇၉နှစ်အရွယ် ဒေါ်အေးညွန့်၊ အသက် ၅၄နှစ်အရွယ် ဦးကြည်စိုး၊ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်နိုင်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရသူဦးရေ ဆယ်ဂဏန်းရှိပြီး အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသားသုံးဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ ၃၅ က တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာမှာလည်း တကူလေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ရည်ရွယ်ချက်ရှိရှိ ကျေးရွာအတွင်း ဗုံးကြဲတဲ့ ဖြစ်စဉ်မျိုးဖြစ်တယ်။ ဒီနေရာမှာက တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့အရာတွေ ရှိနေတာမျိုး မဟုတ်ဘူး။ ရွာသားရွာသားတွေ ပုံမှန်သွားလာနေတယ်။ အဲဒီဖြစ်စဥ်မှာဆိုရင်လည်း လုံးဝစိတ်မကောင်းစရာ ဆိုရင် သက်ကြီးပိုင်းအမျိုးသားနှစ်ဦးနဲ့ သက်ကြီးပိုင်း အဘွားတစ်ဦး သေဆုံးတာတွေရှိခဲ့တယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်မှာ ဦးကျော်နိုင်ဆိုသူကို PDF ခေါင်းဆောင်လို့ ဖော်ပြထားပြီး ဒေသခံတွေကို မေးမြန်းရာမှာတော့ စစ်ဘေးရှောင်ကူညီရေးတွေကို လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ သေဆုံးသူ ကျန် သက်ကြီးပိုင်းနှစ်ဦးကလည်း အရပ်သားတွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စိစစ်တွေ့ရှိချက်

တကူရွာ လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ သေဆုံးသူတွေဟာ အသက်ကြီးပိုင်း အရပ်သားပြည်သူတွေဖြစ်တယ်ဆိုတာကို ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေကို မေးမြန်းအတည်ပြုချက်၊ သတင်းဌာနတွေက ဖော်ပြချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်တပ်က ကျေးရွာကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးခဲ့ရတဲ့ ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ PDF တွေ သေဆုံးတယ်လို့ တံဆိပ်ကပ် သတင်းအမှားဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

၂၀၂၂ ခုနှစ်ကလည်း တကူရွာကို စစ်ကောင်စီတပ် ဗုံးကြဲပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချဖို့ ကြိုးပမ်းခဲ့တာကို Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/22/01/2025/104931/

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .