The Akyab Post/ MFCN/ The Red Flag
19 May 2026
Fact-check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF ဖက်က ပစ်ချခဲ့တဲ့ ဗုံးကြောင့် ကလေးငယ်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရဆိုကာ ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ People Media ကနေ မတ်လ ၁၄ ရက်နေ့မှာ “ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ CDF အကြမ်းဖက်အဖွဲ့က ပစ်ချထားခဲ့သည့် ဗုံးသီးဟောင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ (၈)နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။” လို့ ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။
People Media – https://archive.ph/tv032
People Media – https://archive.ph/19nni
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၁၈ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၁၃၂၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၂၄၄ ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကျန်မှိုင်းကို ဆော့ကစားရာမှနေ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိိခိုက်ဒဏ်ရာရရှိတာဟာ မှန်ပေမဲ့ CDF အဖွဲ့ကနေ ပစ်ချခဲ့တယ်ဗုံးကြောင့် ပေါက်ကွဲမှုဖြစ်တယ်ဆိုတာဟာ မှန်ကန်မှုမရှိဘဲ လုပ်ကြံရေးသားထားတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကိုသုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ဖလမ်းမြို့ ဗုံးပေါက်ကွဲဆိုတဲ့ Keywords နဲ့ ရိုက်ပြီး ရှာကြည့်တဲ့အခါမှာ ချင်းဒေသအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Chin World ကနေ မတ်လ ၁၂ ရက်နေ့မှာ “ဖလမ်းမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးကိုင်မိလို့ အသက် ၁၁ နှစ်အရွယ် ကလေး၁ ဦး သေဆုံးပြီး ၊ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရ” လို့ ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။
Chin World သတင်းဌာနကနေ “ဖလမ်းမြို့နယ်၊ Ramthlo ကျေးရွာမှာ မတ်လ ၁၁ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးတလုံးကို ကိုင်မိလို့ ပေါက်ကွဲပြီး ဒေသခံ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးသွားပြီး ၊ ကလေး ၁ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိကာ ဆေးရုံတင်ထားရတယ်” လို့ ရေးသား ဖော်ပြထားပါတယ်။
Chin World သတင်းအပြည့်အစုံကို ဖတ်ရန်
ဒါ့အပြင် ဒီသတင်းကိုပဲ ချင်းအခြေစိုက် နောက်မီဒီယာတစ်ခုဖြစ်တဲ့ The Voice of Chinland ကနေလည်း ချင်းပြည် ဖလမ်းမြို့နယ် Ramthlo ကျေးရွာမှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး တစ်ဦးမှာခြေတဖက်ပြတ်သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
The Voice of Chinland သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း စစ်ကျန်ဗုံးတလုံးကို ကိုင်မိလို့ ပေါက်ကွဲပြီး ဒေသခံ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးသွားပြီး ၊ ကလေး ၁ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
The Voice of Chinland – https://www.facebook.com/reel/953733907128972
စစ်ကောင်စီရဲ့ ပြည်ထဲရေး သတင်းဌာနတွေကို ရေးသားဖော်ပြထားတဲ့ Eleven Media မှာလည်း ဖလမ်းမြို့နယ်မှာ စစ်လက်ကျန်ဗုံး ပေါက်ကွဲရာမှနေ ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သာ ရေးသားဖော်ပြထားတာသာ တွေ့ရပါတယ်။
Eleven Media – https://news-eleven.com/article/310502
ချင်းဒေသတွင်း သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ စစ်လက်ကျန်ဗုံးကို ဆော့ကစားရာမှာနေ ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စစ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဇာတ်ကြောင်းဖြစ်တဲ့ ချင်းတော်လှန်ရေးအဖွဲ့ CDF ပစ်ချခဲ့တဲ့ ဗုံးကြောင့် ပေါက်ကွဲရတာပါ ဆိုတဲ့ ရေးသားချက်ကို မတွေ့ရှိရပါဘူး။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ စစ်ကောင်စီပိုင် သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး ချင်းတော်လှန်ရေးအဖွဲ့ CDF ဖက်မှ ပစ်ချခဲ့တဲ့ ဗုံးကြောင့် ဖလမ်းမြို့မှာ ကလေးငယ်တစ်ဦိး သေဆုံးပြီး တစ်ဦးဒဏ်ရာရဆိုတာဟာ သတင်းမှန်အပေါ်အခြေခံပြီး အမှန်တစ်ဝက် အမှားတစ်ဝက်ရောကာ သတင်းမှားဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။
လက်ရှိ ချင်းဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







