17 Mar 2026
The Akyab Post/ MFCN/ The Red Flag
Fact-check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေဟာ မကွးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်စခန်းမှာ စစ်ဦးကျိုးပြီး စစ်ရှုဲံးနေပြီဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “Kyaw Swar” ချန်နယ်ကနေ မတ််လ ၁၃ ရက်မနေ့မှာ “ AA သောင်းကျန်းသူအဖွဲ့ဟာ စစ်ဦးကျိုးသွားပြီ။ တပ်မတော်ကသာ ဆက်တိုက်
ပြန်ပြီး ဖိနိုင်ရင် အမ်း ကို ပြန်သိမ်း နိုင်ဖို့ များသွားပါပြီ။ ဖိဖို့တော့လိုပါတယ်။ ပြင်ဆင်ချိန် မပေးဖို့လိုအပ်ပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဖြန့်ချိထားပါတယ်။
📌 “Kyaw Swar” – https://archive.ph/Nva5N
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၁၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၀၀၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၇၆၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချိထားတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လက်ရှိ နတ်ရေကန်စခန်းမှာ တိုက်ပွဲပြင်းထန်လျက်ရှိပြီးတော့ အာရက္ခတပ်တော် အေအေဟာ စစ်ရှုံးပြီး စစ်ဦးကျိုးသွားပြီဆိုတာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
▪️ သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tool ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “နတ်ရေကန်စခန်း” ဆိုတဲ့ keyword နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ မတ်လ ၁၅ ရက်နေ့မှာ “ နတ်ရေကန်ဗျူဟာကို လာကူသည့် အင်အား ၃၀၀ ပါ စစ်တပ်စစ်ကြောင်းနှင့် AA တိုက်ပွဲပြင်းထန်” လို့ ရေးသား ဖော်ပြထားပါတယ်။
DVB သတင်းဌာနမှာ “မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို စစ်ကူလာတဲ့ စစ်ကြောင်း ၂ ကြောင်းအနက် အင်အား ၃၀၀ ပါ စစ်ကြောင်းတကြောင်းဟာ နတ်ရေကန်ဗျူဟာကို သွားတဲ့ လမ်းဟောင်းလမ်း ပဇီရွာဝန်းကျင် အနီးတဝိုက်မှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DVB – https://burmese.dvb.no/post/750496
ဒါ့အပြင် ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG ကနေ မတ်လ ၆ ရက်နေ့မှာ “နတ်ရေကန် ထွက်ပေါက် ကာကင်းကို AA သိမ်းပြီးနောက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်နေ” လို့ ရေးသား ဖော်ပြထားပါတယ်။
DMG သတင်းမှာ “မကွေး – ရခိုင်အစပ် ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း၏ အရေးပါသော စစ်ကောင်စီ၏ ရှေ့တန်းကာကင်းတစ်ခုကို အာရက္ခတပ်တာ် (AA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DMG – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/nokas.html
အခြား ဒေသတွင်း သတင်းဌာနတွင်းတွေဖြစ်တဲ့ Narinjara သတင်းဌာန၊ People Spring သတင်းဌာနနဲ့ Mizzima သတင်းဌာနတို့ကနေလည်း မတ်လ အတွင်းမှာ နတ်ရေကန်စခန်းမှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတို့ကြားမှာ တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Mizzima – https://www.facebook.com/photo.php?fbid=1269533265320929&set=a.585999837007612&id=100067928020493
🔗 People Spring – https://www.ludunwayoo.com/news-mm/2026/03/16/151352/
🔗 Narinjara – https://burmese.narinjara.com/news/detail/69b78d3a708417dc06b5bda0
▪️ သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ မကွေးတိုင်း ငဖဲမြို့နယ် အမ်း ပဒါန်းလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန်စခန်းကို အာရက္ခတပ်တော်အေအေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ ထိုးစစ်ဆင်လျက်ရှိပြီးတော့ တိုက်ပွဲတွေပြင်းထန်လျက် ရှိတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြန့်ဝေနေသလိုမျိုး အေအေ စစ်ဦးကျိုးသွားပြီဆိုတဲ့ ဇာတ်ကြောင်းဟာ လိုရာဆွဲဖန်တီးရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ နတ်ရေကန်စခန်းမှာရှိတဲ့ ကင်းစခန်းနဲ့ တပ်စခန်းအချို့ အာရက္ခတပ်တော် အေအေဖက်ကနေ သိမ်းထားတာကို လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားတွေဆိုကာ ဝါဒဖြန့်ခဲ့တာကို Akyab Post ဖက်ကနေ စစ်ဆေးနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ စစ်ရေးအရ လက်လွှတ်ဆုံးရှံးခဲ့တဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့တွေကနေ သိမ်းပိုက်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ ရေးသားဖြန့်ဝေခဲ့ကြ ပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီး၊ ဒီကျုးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား – https://bitly.cx/ahf2
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







