အီရန်ကဒုံးကျည်နဲ့တိုက်ခိုက်လို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့အဖွဲ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းမှား
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်
(Factcheck/ DNA / The Red Flag)
☑️အနှစ်ချုပ်
အီရန်ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့အဖွဲ့ သေဆုံးသွား တယ်ဆိုပြီး နိုင်ငံတကာနဲ့ပြည်တွင်းလူမှုကွန်ရက်တွေမှာ ရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။ ဒီသတင်း မှား အကြောင်းအရာနဲ့ပတ်သက်ပြီး DNA က အချက်အလက်စစ်ဆေးထားပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
အစ္စရေး“နေတန်ယာဟု အပါအဝင်အရာရှိ ၉ ဦး ၎င်းအိမ်တွင် အီရန်ဒုံးကျည်တိုက်ခိုက်မှုကြောင့် ထိမှန်ပြီး သေဆုံးသွားကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဝွန့်ကုန်ပြီ”လို့ ရေးသားပြီး ရုပ်သံဖိုင် ၁ ခုနဲ့အတူ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ Sayar Chit FB account ကနေ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Sayar Chit FB account- https://shorturl.at/89NPg
ဒီအကြောင်းအရာကို မတ်လ ၁၆ ရက်ထိ ကြည့်ရှုသူ 1.5 K,reaction 108, Shar 26,comment 10 ရှိခဲ့ပြီး ပျံ့နှံ့နေခဲ့တာ တွေ့ရတဲ့အပြင် အခြားလူမှုကွန်ရက်ဖြစ်တဲ့ Tiktok, Youtube စတဲ့ နေရာတွေမှာလဲ အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟု သေဆုံးသွားပြီဆိုတဲ့သတင်းတွေ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။
Sky mon786 tiktok account- https://archive.ph/nQ6M4
Pathi Forum- https://shorturl.at/rhxMt
ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ ၂၀၂၆ မတ်လ ၁၇ ရက်အထိ တွေ့ရှိထားတဲ့ အချက်အလက်တွေကို စိစစ်ချက်အရ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ အီရန် ဒုံးကျည်နဲ့တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပြီဆိုတာ သတင်းမှား ဖြစ်ကြောင်းကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်ပြည်သူများထံသို့ ပါရှန်းနှစ်သစ်ကူး-နော်ရုဇ်ပွဲတော်အခါသမယမှာ နှုတ်ခွန်းဆက်စကားအနေနဲ့ “အီရန်ပြည်သူများအား ရှေး ယခင်ကတည်းက ယုံကြည်ချက်ဖြစ်သော အလင်းသည်မှောင်မိုက်မှုကို အောင်နိုင်လိမ့်မည်၊ ကောင်းမှု သည်မကောင်းမှုကို အောင်နိုင်လိမ့်မည်ဟူသော ယုံကြည်ချက်ကို ကိုယ်စားပြုပြီး သူငယ်ချင်းများ၊ မိသားစု၊ ချစ်မြတ်နိုးရသူများနဲ့အတူ အခွင့်အရေးကို အသုံးချကာ ပျော်ရွှင်ဖွယ်နော်ရုဇ် – လွတ်လပ်မှုနှစ် တနှစ်ဖြစ်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းပါသည်”ဆိုတဲ့ နှစ်သစ်ကူးဆုတောင်းစကားပြောကြားနေတဲ့ ဗွီဒီယိုဖိုင် တခုကို israeli PM နဲ့ The Times Of India တို့က ထုတ်ပြန်ခဲ့တာ တွေ့ရှိရပါတယ်။
israeli PM- https://shorturl.at/nxSdt
The Times Of India- https://shorturl.at/RgOCm
အီရန်နိုင်ငံပိုင်မီဒီယာတွေက အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu သေဆုံး(သို့)ဒဏ်ရာရသွားတယ် ဆိုတဲ့ ကောလဟလတွေကိုထုတ်လွှင့်လို့ အီရန်နဲ့လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားပြီးနောက် Netanyahu က မတ်လ ၁၅ ရက်မှာ ဂျေရုဆလင်မြို့ဆင်ခြေဖုံးက ကော်ဖီဆိုင်တဆိုင်မှာ ကော်ဖီတခွက်သောက်ပြီး ၎င်းရဲ့ လက်ထောက်ကို သေသွားတယ်ဆိုတဲ့စကားကိုရယ်စရာအဖြစ် ကော်ဖီကို သေလောက်အောင်ကြိုက်တယ် ဆိုတဲ့ စကားပြောနေတဲ့ ဗီဒီယိုတခုကို တင်ခဲ့ပါတယ်။
ဗီဒီယိုမှာ မြင်ရတဲ့ အတွင်းပိုင်းနဲ့ ကိုက်ညီတဲ့ ကော်ဖီဆိုင်ရဲ့ ဖိုင်ပုံရိပ်တွေက ဗီဒီယို၏တည်နေရာ၊ ရက်စွဲကို တနင်္ဂနွေနေ့မှာ ကော်ဖီဆိုင်က တင်ထားတဲ့ Netanyahu ခရီးစဉ်ရဲ့ ဗီဒီယိုများနဲ့ ဓာတ်ပုံများစွာက ရိုက်တာ သတင်းဌာနက အတည်ပြုခဲ့ပါတယ်လို့ ရေးသားထားပါတယ်။
Reuter- https://archive.ph/vJrdw
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ X အကောင့်ကနေ “ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း မသေသေးကြောင်းနဲ့ လက် ၅ ချောင်းသာရှိတယ်လို့ ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယို ဖိုင်အတိုကို တွေ့ရပါတယ်။
Benjamin Netanyahu X account – https://tinyurl.com/5ynuxtta
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်မှာ အစ္စရေးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဂျေရုဆလင်တောင်ကုန်းများပေါ်ကနေရာ တခုမှာ လူထုနဲ့ အပြန်အလှန်ဆက်ဆံပုံကို ပြသတဲ့ စက္ကန့် ၉၀ ကြာ ဗီဒီယိုတခုကိုတင်ခဲ့ရာမှာ မတ် ၁၅ ရက် က ကော်ဖီဆိုင်က ပုံထဲကဝတ်စုံကိုပဲ ဝတ်ဆင်ထားတာကို တွေ့ရလို့ ကော်ဖီဆိုင်အနီးမှာဖြစ်နိုင်ပြီး လတ် ဆတ်တဲ့လေရူဖို့ အိမ်ပြင်ထွက်ဖို့လိုတဲ့အပြင် စစ်ပွဲဖြစ်ပွားနေချိန်စိတ်ရှည်သီးခံဖို့ပြောကြားနေတဲ့ ဗီဒီယို ကို တင်ခဲ့တာတွေ့ရပါတယ်။
Benjamin Netanyahu X – https://tinyurl.com/bdhdepys
နေတန်ယာဟု သေဆုံးပြီဆိုတဲ့ သတင်းထွက်ပြီးနောက် လက် ၆ ချောင်းပါတယ်လို့ ထင်ရတဲ့ ဗီဒီယိုတခုပျံ့ နှံ့လာခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၈ သန်းကျော်ရှိခဲ့တဲ့ X ဗီဒီယိုတခုမှာ နေတန်ယာဟုက “အရှေ့ နဲ့ ပြင်ပ ဒေသတွေမှာ အာဏာချိန်ခွင်လျှာ ပြောင်းလဲခြင်း”ကို ပြောဆိုတဲ့ ၈ မိနစ်ကြာအစ္စရေးအစိုးရထုတ်ပြန်တဲ့ ဗီဒီယိုမှာ အရည်အသွေးမပြတ်သားမှုကြောင့် ဗီဒီယိုရဲ့ ၅၀ စက္ကန့်ခန့်မှာ လက် ၆ ချောင်းကို ထင်မြင်စေတာ ဖြစ်ပေမဲ့ အမှန်က လက် ၅ ချောင်းသာရှိတာကို တွေရတဲ့အပြင် အစ္စရေးအစိုးရအကြီးတန်းအရာရှိတဦးကို မေးခဲ့ရာမှာလဲ”ဝန်ကြီးချုပ် အဆင်ပြေပါတယ်”လို့ Netanyahu ရဲ့ရုံးက ပြောကြားခဲ့ပြီး သေဆုံးမှုနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေကို “အတုအယောင်သတင်း” အဖြစ် ပယ်ချခဲ့ပါတယ်လို့ Newsweek ကနေ Fact Check ပြုလုပ်ရေးသားထားပါတယ်။
Newsweek (FactCheck)- https://archive.ph/J2MlS
ဒါအပြင် အစ္စရေးဝန်ကြီးချုပ်နေအိမ် ဒုံးကျည်နဲ့တိုက်ခိုက်ခံရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တွေကလဲ အမေရိကန် ပြည်ထောင်စု နယူးဂျာစီပြည်နယ်က အိမ်မီးလောင်မှုနဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှာ အယ်လ် ကိုင်ဒါက အမေရိကန်ပြည်ထောင်စုကို ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေက ဗီဒီယိုတွေကို ဖော်ပြထားတာသာ ဖြစ်တယ်လို့ AFP (Fact Check) ကနေ အချက်အလက်စစ်ဆေးထားတာကို တွေ့ရပါတယ်။
AFP (Fact Check)- https://factcheck.afp.com/doc.afp.com.A2X47T3
“အီရန်ရဲ့ တိုက်ခိုက်မှု တခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျ မင်နေတန်ညာဟုက ဗီဒီယိုတခုနဲ့ ကော်ဖီဆိုင်တခုမှာ ကော်ဖီမှာသောက်နေပုံကိုတင်ပြီး ကော်ဖီကြောင့် သူ သေပြီဖြစ်တယ်ဆိုတဲ့ စကားအသုံးအနှုန်းမျိုးကို ပြောထားပါတယ်။ အဲဒီနောက် လူမှုကွန်ရက်ပေါ်က ဗီဒီယို တချို့မှာ သူ့လက်ချောင်းတွေက ၆ ချောင်းဖြစ်နေပြီး(AI)နဲ့လုပ်ကြံဖန်တီးထားတာဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန် မှုတွေကိုလည်း ဗီဒီယိုထဲမှာ နေတန်ညာဟုက လက်ချောင်းတွေကို မြှောက်ပြခဲ့ကာ သူ့လက်ချောင်းတွေကို ရေတွက်ကြည့်ချင်ရင်လည်း အဆင်ပြေကြောင်း အဲဒီဗီဒီယိုထဲမှာ ပြောကြားထားခဲ့ပါတယ်”လို့ People’s Spring နဲ့ Ayeyarwaddy Times တို့က ရေးသားထားပါတယ်။
People’s Spring- https://shorturl.at/PQY8E
Ayeyarwaddy Times- https://shorturl.at/XeQRb
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မတ်လ ၁၅ ရက်မှာ ဗီဒီယိုမက်ဆေ့ဂျ် အတို ထုတ်ပြန်ပြီး တော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သူသေပြီဆိုတဲ့ ကောလာဟလတွေကို ဖြေရှင်းခဲ့ပါတယ်ဆိုပြီး DVB က ထုတ်လွှင့်ထားတဲ့ ရုပ်သံကို ကြည့်ရှုနိုင်ပါတယ်။
DVB- https://shorturl.at/vTPWy
☑️သုံးသပ်ချက်
အထက်ပါ စိစစ်ချက်တွေအရ အစ္စရေးဝန်ကြီးချုပ်ရဲ့နေအိမ်ကို အီရန်ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်ခံရတယ်ဆိုတာ မဟုတ်မှန်သလို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အရာရှိကြီးတွေ သေဆုံးသွားပြီဆိုတာဟာလည်း သတင်းမှားဖြစ်ကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နေအိမ်ဒုံးကျည်နဲ့တိုက်ခိုက်ခံရပြီး နေတန်ယာဟုနဲ့ အရာရှိကြီးတွေ သေဆုံးသွားပြီဆိုတဲ့ သတင်းမှားဟာ အီရန်မီဒီယာတွေကနေတဆင့် ရည်ရွယ်ချက်ရှိရှိ စတင်ဖြန့်ဝေခဲ့လို့ ပျံ့ နှံ့လာခဲ့တာသာ ဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က လက်ရှိအချိန်ထိ သူ့ရဲ့လူမှုကွန်ရက် X အကောင့်နဲ့ ဝန်ကြီးချုပ်ရုံးက နေ လှုပ်ရှားသွားလာမှုတွေကို ထုတ်ပြန်နေလို့ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ပြီး အီရန်မီဒီယာတွေကလွဲလို့ အခြားကမ္ဘာ မီဒီယာအများအပြားမှာ လက်ရှိအချိန်ထိ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သေဆုံးခဲ့ပြီးဖြစ် တယ်ဆိုတဲ့သတင်း ရေးသားထားခြင်းမရှိတာကို တွေ့ရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု သေဆုံးပြီးဆိုတာ သတင်းမှားဖြစ်ကြောင်းကို DNA Fact Check ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်အထိ ရရှိထားတဲ့အချက်အလက်များကိုသာ စိစစ်အတည်ပြု ရေးသားထားခြင်း ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck







