၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်တွေအများဆုံး ပါဝင်မဲပေးခဲ့တယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ လိမ်ညာမှု
Share:FacebookX

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်တွေအများဆုံး ပါဝင်မဲပေးခဲ့တယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ လိမ်ညာမှု

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်တွေအများဆုံး ပါဝင်မဲပေးခဲ့တယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ လိမ်ညာမှု

၂၀၂၆ ခုနှစ်၊ မတ်လ   ၁၇ ရက်

(Factcheck Articles / DNA / The Red Flag / MFCN)

☑️ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ် ၂၄ ရာခိုင်နှုန်းပါဝင်မဲပေးခဲ့တယ်လို့ ဝါဒဖြန့်မှု

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ် ၂၄ ရာခိုင်နှုန်းက ပါဝင်မဲပေးခဲ့တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် “၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းတွင် မဲ​ပေးခဲ့သည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်း၌ အသက် ၁၈ နှစ်မှ ၃၀ နှစ်အကြား အသက် အရွယ်ရှိသူ လူငယ် ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်​ကြောင်း သိရသည်။

ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းစလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်းရှိပြီး မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ မဲ​ပေးခဲ့သည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ၂၂ သန်းတွင် မဲ​​ပေးခဲ့သည့် အသက်အရွယ်အပိုင်းအခြား မှာ ၁၈ နှစ်မှ ၃၀ နှစ်ကြား ၅၉၄၄၈၆၈ ဦး ( ၂၄ ရာခိုင်နှုန်း)၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား ၅၁ဝ၉၃၅၄ ဦး ( ၂၁ ရာ ခိုင်နှုန်း) ၊ ၄၀ နှစ်မှ ၅၀ နှစ်ကြား ၄၇၈၅၉၈၉ ဦး ( ၂၀ ရာခိုင်နှုန်း)၊ ၅၀ နှစ်မှ ၆၀ နှစ်ကြား ၄၀၃၆၉၉၂ ဦး ( ၁၇ ရာခိုင်နှုန်း)၊ ၆၀ နှစ်မှ ၇၀ ကြား ၂၇၁၄၉၂၂ ဦး ( ၁၁ ရာခိုင်နှုန်း)၊ ၇၀ နှစ်အထက် ၁၆၂၅၃၁၅ ဦး (၇ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။

ထို့ကြောင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းတွင် လူငယ်များ ပါဝင်မှုရာခိုင်နှုန်းမှာ မြင့်မားလျက်ရှိ ကြောင်း တွေ့ရှိရ​သည်” ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန MOI က ပြန်လည်သတင်းထုတ်ပြန်ဖော်ပြ ထားတာကို တွေ့ရပါတယ်။

MOI- https://shorturl.at/hrlMQ 

ဒီဝါဒဖြန့်ရေးသားချက်ကို အခြား မြဝတီ, Eleven Media Group, Popular News Journal, တို့က ထပ်ဆင့်ဖြန့်ဝေခဲ့တဲ့အပြင် Mitv ကနေ အင်္ဂလိပ်ပိုင်းအနေနဲ့ဝါဒဖြန့်ခဲ့ပြီး  အခြားစစ်တပ်ထောက်ခံတဲ့ ချန်နယ်လူမှုကွန်ရက်ပေါင်းစုံ MT News, Snow Queen, Gyar Nuu တို့ကနေ ထပ်ဆင့်ရေးသားဝါဒ ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

MWD- https://tinyurl.com/24b7j66y 

အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်တွေအများဆုံးမဲပေးခဲ့တယ်ဆိုတဲ့ ဝါဒဖြန့်မှုအပေါ် အချက်အလက် စိစစ်မှု

 

☑️ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းပြုလုပ်သည့် မြို့နယ်များ

၂၀၂၅ ခုနှစ် အတုအယောင်ရွေး​​ကောက်ပွဲကို မြို့နယ် ၃၃၀ ရှိသည့်အနက်မြို့နယ် ၂၆၃ မြို့နယ်မှာ အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပခဲ့ကာ ကျန်မြို့နယ် ၆၇ မြို့နယ်မှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပပြုလုပ် နိုင်ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်-

(က) အပိုင်း (၁) မြို့နယ် ၁၀၂ မြို့နယ် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်

( ခ ) အပိုင်း (၂) မြို့နယ် ၁၀၀ မြို့နယ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

( ဂ ) အပိုင်း (၃) မြို့နယ်   ၆၁ မြို့နယ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

☑️လူငယ်တွေပါဝင်မှုနည်းတဲ့ ရွေးကောက်ပွဲဝင်မယ့်တနိုင်ငံလုံးနဲ့ တိုင်း/ပြည်နယ်အဆင့်ပါတီများစာရင်း

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တည်ဆဲနိုင်ငံရေးပါတီ စာရင်းအရ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဝင် ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ ရှိတာကို တွေ့ရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)၊ပြည်သူ့ ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျား ဖြူပါတီ)-SNDP နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တွေက တနိုင်ငံ လုံး  ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ရွေးကောက်ပွဲဝင်မယ့် ၅၁ ပါတီကတော့ ကချင်ပြည်နယ်(၄)ပါတီ၊ ကယားပြည်နယ်(၁)ပါတီ၊ ကရင်ပြည်နယ်(၄)ပါတီ၊ ချင်းပြည်နယ်(၁)ပါတီ၊ မွန်ပြည်နယ်(၃)ပါတီ၊ မွန်ပြည် နယ်(၅)ပါတီ၊ ရှမ်းပြည်နယ်(၆) ပါတီ၊ စစ်ကိုင်းတိုင်း(၂)ပါတီ၊ မန္တလေးတိုင်း(၂)ပါတီ၊ ပဲခူးတိုင်း(၂)ပါတီ၊ ရန်ကုန်တိုင်း(၁၇)ပါတီ၊  ဧရာဝတီတိုင်းအခြေစိုက်(၂)ပါတီနဲ့ နေပြည်တော်(၂)ပါတီတို့ပါဝင်တာ တွေ့ရပြီး အဲဒီ ပါတီအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာလည်း လူငယ်ပိုင်း ပါဝင်မှု နည်းပါးပြီးတော့ သက်ကြီးပိုင်းများပြားစွာပါဝင်နေတာကို တွေ့ရပါတယ်။

☑️မဲပေးခွင့်ရှိတဲ့ ၁၈ မှ ၃၀ နှစ်ကြားလူငယ် ၅၉၄,၄၈၆,၈ ဦး (၂၄) ရာခိုင်နှုန်းဟာ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်း ရှိ လူငယ်သာဖြစ်ပြီး မဲလာပေးခဲ့တဲ့ လူငယ်စာရင်းမဟုတ်

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ လူငယ်အများဆုံး မဲပေးခဲ့တယ်ဆိုတဲ့ အချက်အလက်ကို စိစစ်ကြည့်တဲ့အခါမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၂၄.၂၂ သန်းအနက် မဲပေးခဲ့သူ ၁၃.၁၄ သန်းကျော်ဖြစ်တာကို တွေ့ရပြီး လူငယ် ၁၈ နှစ်မှ ၃၀ နှစ်ကြား ၅၉၄၄၈၆၈ ဦး ( ၂၄ ရာခိုင်နှုန်း)မှာ မဲပေးခဲ့သူမဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိတဲ့ လူငယ်စာရင်းသာဖြစ်လို့ လူငယ်များ နိုင်ငံရေးကို စိတ်ပါဝင်စားလို့ နိုင်ငံသားတာဝန်ကျေပွန်စွာလာရောက် မဲပေးခဲ့တယ်ဆိုကာ စစ်ကော်မရှင်ရဲ့ ပြည်သူစိတ်မဝင်စားတဲ့ ရွေးကောက်ပွဲကို အောင်မြင်သယောင် လိမ်လည်ဝါဒ ဖြန့်ချီမှုသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ 

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချီမှုက အပိုင်း ၃ ပိုင်းလုံးမှာ အသက် ၁၈ နှစ်မှ ၃၀ နှစ်ကြား မဲဆန္ဒရှင်စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း (လူဦးရေ ၅,၉၄၄,၈၆၈ ဦးခန့်)ဖြင့် အများဆုံးမဲပေးခဲ့တယ်ဆိုပြီး ရေးသားဝါဒဖြန့်ခဲ့တာ တွေ့ရ ပေမဲ့ မဲပေးခဲ့တဲ့ လူငယ်တွေစာရင်းမဟုတ်ပဲ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းသာဖြစ်ပြီး လူငယ်အချို့သာ စစ်ကောင်စီရဲ့ ထောက်ခံစာမပေးဘူး၊ ဈေးရောင်းခွင့်မပေးဘူး၊ မြို့ပြင်ထွက်ခွင့်မပြုဘူး၊ ကျောင်းသူ/ ကျောင်းသားတွေကို မဲမပေးရင် တက္ကသိုလ်ဝင်ခွင့်မပေးဘူး၊ ပြည်ပထွက်ခွင့်မပြုဘူး၊ ပြည်သူ့စစ်မှုထမ်း အဖြစ်ခေါ်ဆောင်မယ် စတဲ့ အကြောင်းအရာမျိုးစုံနဲ့ ဖိအားပေးအကြပ်ကိုင်မှုကြောင့် မဖြစ်မနေ မဲပေးခဲ့ရ တာကို တွေ့ရပါတယ်။

☑️ လူငယ်တွေ မဲရုံတွေမှာ မတွေ့ရသလောက်ဖြစ်နေတယ်လို့ နိုင်ငံတကာသတင်းဌာနများရဲ့ ရေးသားချက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်စွဲနဲ့ The Star သတင်းဌာနThe New Indian Express , The Sun Malaysia , တို့ကနေ “Unfair election’: young voters absent from Myanmar polls; overall tepid turnout” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး“ တရားမမျှတတဲ့ မြန်မာရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင်တွေမပါဝင်တဲ့ အပြင် မဲပေးသူနဲပါး”ဆိုပြီး စစ်တပ်က အာဏာသိမ်းတာ ၅ နှစ်နီးပါးခန့်ဖြစ်လို့ စစ်ဘေးသင့်ဒေသနေသူတွေ၊ ၃၅ နှစ်အထိ စစ်မှုထမ်းရန် အသက်အရွယ်ရှိသူတွေနဲ့ မြန်မာနိုင်ငံရဲ့ ပျက်စီးနေတဲ့ စီးပွားရေးထက် ပိုမို ကောင်းမွန်တဲ့နေရာတွေကို ထွက်ခွာသွားရာမှာ လူငယ်တွေပါဝင်လို့ သက်ကြီးပိုင်းတွေအနဲငယ်သာ မဲလာ ပေးခဲ့တယ်လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒါအပြင် လူငယ်တွေ မဲပေးတာနဲပါးတဲ့ အကြောင်းအရာကိုပဲ Mizzima – Myanmar News- English Edition နဲ့ The Irrawaddy  တို့ကနေလဲ အင်္ဂလိပ်ပိုင်းအနေနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

☑️ စစ်အာဏာသိမ်းမှုနဲ့စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ မှ ၂၉ နှစ်ကြားကျောင်းသား ၁၇,၀၀၀ ခန့် ထိုင်းနိုင်ငံသို့ရောက်ရှိနေ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသားနဲ့လူငယ်တွေကို နိုင်ငံရေးဖိနှိပ်မှု၊ ပြည်တွင်း ပညာရေးစနစ်နိမ့်ကျမှုနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် အသက် ၁၈ မှ ၂၉ နှစ်ကြားရှိတဲ့ ပညာတော်တဲ့ မြန်မာကျောင်းသား လူငယ်တွေဟာ မြန်မာနိုင်ငံမှ ဦးနှောက်ယိုစီးမှုအနေနဲ့ ထိုင်းတက္ကသိုလ်တွေကို ရောက် ရှိလာပြီး ပညာသင်ကြားနေတာမှာ အာဏာသိမ်းမှုမတိုင်မှီက ကျောင်းသား ၂၈၀၀ ခန့်ရှိရာကနေ ၂၀၂၄ ခုနှစ်မှာ ၁၂,၀၀၀ ခန့်အထိ မြင့်တက်လာပြီး လာမဲ့နှစ်မှာ ၁၇,၀၀၀ ခန့်အထိရောက်ရှိနိုင်လို့ မြန်မာနိုင်ငံ အတွက် ပညာတတ်များ ဆုံးရှုံးမှုဖြစ်စေသလို ထိုင်းတက္ကသိုလ်တွေအတွက် အခွင့်အလမ်းသစ်တွေဖြစ်လာ ပါတယ်လို့ ဆိုပါတယ်။

“၂၀၂၁ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံက ထိုင်းကို ကျောင်းသားရွှေ့ပြောင်းမှု”အကြောင်းအရာကို သုတေ သီတွေဖြစ်တဲ့ ဒေါက်တာညီညီကျော်နဲ့ဒေါက်တာ စီရာဒါခါမနစ်သာထိုင်း တို့ရေးတဲ့ အစီရင်ခံစာကို “ Coup and conscription drive Myanmar students to Thailand” ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံကို ဒေသတွင်း ပညာရေးဗဟိုချက် ဖြစ်လာဖို့နဲ့ အရည်အသွေးမြင့်ပါရမီရှင်များကို ဆွဲဆောင်ထိန်းသိမ်းရေး ထိုင်းအစိုးရက ဗီဇာစနစ်ပြုပြင်ဖို့၊ နိုင်ငံတကာကျောင်းသားတွေကို အချိန်ပိုင်းအလုပ်လုပ်ခွင့်ပြုရန်စဉ်းစားဖို့နဲ့ ခွဲခြားဆက် ဆံတာတွေလျှော့ချရေးဆောင်ရွက်ဖို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ Thai PBS သတင်းနဲ့ DVB တို့က ရေးသားထားတာ တွေ့ရပါတယ်။

☑️ ရွေးကောက်ပွဲမှာ နေရပ်စွန့်ခွာသွားသူတွေရဲ့ မဲတွေ သန်းချီရှိနေပြီး လူငယ်အများစုပါဝင်နိုင်

မြန်မာနိုင်ငံကနေ ပြည်ပကိုပြောင်းရွှေ့သွားသူတွေနဲ့ ပြည်တွင်းမှာ စစ်ရှောင်နေရတဲ့ မဲဆန္ဒရှင် သန်းပေါင်း များစွာရှိနေပြီး နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာလူဦးရေ ၃.၅ သန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂလူသား ချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်လို့  MPA နဲ့ Myanmar Labour News တို့က ရေးသားထားပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုဆိုပြီး ၂၀၂၄ သန်းခေါင်စာရင်းကောက်ခံခဲ့ပေမဲ့ စစ်ရှောင်ပြည်သူဦး‌ရေ ဘယ်လောက်ရှိတယ်ဆိုတာကို မဖော်ပြခဲ့ပါဘူး။ နေရပ်စွန့်ခွာသူထဲမှာ လူငယ် တွေအများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ရွေးချယ်တာ၊ ပြည်တွင်းမှာပဲ စစ်ရှောင်ပြီး ပြောင်းရွေ့အလုပ်လုပ်တာနဲ့ပြည်ပကိုရွှေ့ပြောင်းနေထိုင်တာဆိုပြီး ယေဘုယျအနေနဲ့ ခွဲခြားနိုင်ပါတယ်။

☑️ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အဖွဲ့ဝင် ၂ သိန်းကျော်ရှိနိုင်တယ်လို့ ISP Myanmar ရဲ့သုတေသန က ခန့်မှန်းခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ကို အရှေ့ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနဲ့ တောင် ပိုင်းတိုင်းဆိုပြီး စစ်ဌာနချုပ် ငါးခုခွဲကာ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်ကနေ စတင်ဖွဲ့စည်းခဲ့ရာ တနိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ သိန်းခန့်ရှိတယ်လို့ ISP Myanmar ရဲ့ သုတေသနတခုမှာ ခန့်မှန်းထား တာကို တွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ လူငယ်အများစုကို အခြေခံပြီး ဖွဲ့စည်းထားတာဖြစ် တာကို တွေ့ရပါတယ်။

☑️ ပြည်ပထွက်လူငယ်များလာမှုနဲ့ ၂ နှစ်ကျော်အတွင်း လူဦးရေ ၄ သန်း၀န်းကျင် ကျဆင်းသွားတယ်လို့ မင်းအောင်လှိုင်ပြောခဲ့

လဝကဝန်ကြီးဌာနရဲ့  ၂၀၂၂ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့စာရင်းမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ  ကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းမှာတော့ ၅၁ သန်းကျော် (၅၁,၃၁၆,၇၅၆) သာရှိတော့တဲ့အတွက် ၂ နှစ်အတွင်းမှာ လူဦးရေ ၄ သန်းဝန်းကျင် ကျဆင်းသွားတာဟာ မြန်မာနိုင်ငံမှာ မွေးဖွားနှုန်းကျဆင်းပြီး သေဆုံးသူများသလို ပြည်ပနိုင်ငံကို ထွက်ခွာသူများလာတာကြောင့်ဖြစ်ပြီး လူဦးရေကျဆင်းသွားလို့ ပြည် တွင်းမှာ လုပ်သားဦးရေ ရှားပါးလာပြီး ရွေးကောက်ပွဲ ကျင်းပရာမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင် တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်က နေပြည်တော်မှာ ကျင်းပ ခဲ့တဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ “၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် လူငယ်တွေ ပြည်ပကို နည်းမျိုးစုံနဲ့ တိမ်းရှောင်ခဲ့ရလို့ လူဦးရေကျဆင်းသွားတာ ဖြစ်ပြီး နောင်ဆိုမြန်မာနိုင်ငံမှာ မွေးကင်းစနဲ့ သက်ကြီးရွယ်အိုပဲ ကျန်ခဲ့တော့မယ်ထင်တယ်”လို့ ပြောကြား ခဲ့တယ်လို့ RFA ကရေးသားထားတာ တွေ့ရပါတယ်။

☑️ ပြည်ပရောက်လူငယ်များ မဲမပေးခဲ့မှုနဲ့ပြည်ပရောက်နိုင်ငံသားများရဲ့ ကြိုတင်မဲရရှိမှုအခြေအနေ

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးမှုဆိုင်ရာ အရေအတွက်နဲ့စာရင်းဇယားတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစည်းထုတ်ပြန်မှု မရှိပဲ နိုင်ငံခြားရေးဝန်ကြီးဌာန က‌နေ UEC ကို ပြည်ပရောက်နိုင်ငံသားများရဲ့ ကြိုတင်မဲများကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့သာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

မွန်ပြည်နယ်မှာ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား ၈၀၀,၀၀၀ ခန့်ရှိပြီး ကြိုတင်မဲပေးရန် လျှောက်ထား သူ ၁၀၄ ဦးမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့နဲ့ သံရုံးထောက်ခံစာယူဖို့ လိုအပ်သူ ၈၄ ဦးသာ မဲပေး ခဲ့တယ်လို့ Mon News Agency (Rehmonnya) က ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၆ သန်းကျော် နေထိုင်လျက်ရှိသော်လည်း ကြိုတင်ဆန္ဒမဲအဖြစ် မဲ ၂၄၉ မဲသာ ရရှိခဲ့ကာ မဲပေးခဲ့သူတွေကလည်း စစ်ကော်မရှင်သံရုံးနဲ့ပတ်သက်သူတွေ၊ ပတ်စပို့သက်တမ်းတိုးသူ၊ ထောက်ခံစာလာရောက်ပြုလုပ်သူတွေနဲ့သံရုံးဝန်ထမ်းတွေသာဖြစ်တယ်လို့ The Justic Wave နဲ့ DNA တို့ ကရေးသားထားတာကို တွေ့ရပါတယ်။

နိုင်ငံတကာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ရွေးကောက်ပွဲမှာ ကြိုတင်မဲ ပေးဖို့ဆောင်ရွက်နေတာမှာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ရုံး ၅၂ ရုံးအနက် ပုံစံ(၁၅)နဲ့တောင်းဆိုပြီး စာရင်းပေးလာသူ ၅၄၀၃ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ CNI ကိုပြောကြားခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

ဒီအချက်တွေကို ကြည့်ရင် နိုင်ငံတကာမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီတဲ့ လူငယ်အများစုဟာ စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို စိတ်ပါဝင်စားမှု မရှိတဲ့အပြင် လုံးဝပူးပေါင်းပါဝင်မှုမရှိဘဲ မဲမပေးခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

☑️တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်မဲပေးဖို့ ကော်မရှင်စာထုတ်မှုနဲ့မဲပေးခဲ့သူ ဦးရေ

မဲဆန္ဒနယ်ပြင်ပရောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများဟာ ကြိုတင် ဆန္ဒမဲပေးဖို့ ၎င်းတို့ရဲ့ဆန္ဒအလျောက်သာဖြစ်ပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲပေးခွင့်မ ဆုံးရှုံးစေဖို့အတွက်ဆိုပြီး ကြိုတင်မဲပေးနိုင်တယ်လို့ စစ်ကော်မရှင် ပြန်ကြားရေး နဲ့ မြဝတီ စတဲ့လူမှုကွန်ရက် တွေက အသိပေးကြေညာခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက မဲပေးပိုင်ခွင့်ရှိတဲ့ ကျောင်းသား/သူတွေက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်ထိ လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြ သည့် ကျောင်းသား/သူ စုစုပေါင်း ၂၈၃၃၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် တယ်လို့ Eleven Media Group ကရေးသားထားတာကိုတွေ့ရပြီး လူငယ်မဲပေးသူအနေနဲ့ကျောင်းသားသူ ၂ သောင်းကျော်သာရှိတာကို တွေ့ရပါတယ်။ 

☑️ တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်အကြပ်ကိုင်မှုများ

ကျောင်းဆရာ/မတွေက မဲပေးပြီးကြောင်းသက်သေခံလက်မှတ်ပါမှ ကျောင်းအပ်လက်ခံမယ်လို့ ဖိအားပေး ပြောကြားတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ကျောင်းသား/သူရှိတဲ့အိမ်တွေကို ဖိအားပေး ပြီး မဲပေးခိုင်းစေတာတွေ၊ အသက် ၁၈ ပြည့်ပြီးမှတ်ပုံတင်မရှိတာ၊ မဲစာရင်းမှာ နာမည်နဲ့နံပါတ်မပါရင် စာမေးပွဲဖြေခွင့်မရှိဘူးလို့ ဖိအား​ပေးတာကို မန္တလေးတိုင်းနဲ့ဧရာဝတီတိုင်းတွေမှာ လုပ်ခဲ့တယ်လို့ People’s Spring က ရေးထားတာကို တွေ့ရပါတယ်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ကြိုတင်မဲတွေကောက်ယူခဲ့ပြီး မဲစာရင်းပါတဲ့အတိုင်း မဲမထည့်သူတွေ ကို လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်ခဲ့ကာ  လွိုင်ကော်တက္ကသိုလ်၊ လွိုင်ကော်ပညာရေး ဒီဂရီကော လိပ်တွေမှာ ကျောင်းတက်မည့် တက္ကသိုလ်ကျောင်းသား/သူတွေကိုလည်း ကြိုတင်မဲမထည့်ရင် ကျောင်း တက်ခွင့်မရဘူးလို့ ဖိအားပေးမှုပြုလုပ်ခဲ့တယ်ဆိုပြီး သျှမ်းသံတော်ဆင့် က ရေးသားထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းကတက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား /သူတွေကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ဦးစီးကနေ ကြိုတင်မဲပေးဖို့အတင်းအကျပ် ဖိအားပေးခဲ့ပြီး မဲမပေးတဲ့သူတွေကို ထောက်ခံချက်မလုပ်ပေးဘူး၊ ကျောင်းတက်ခွင့်နဲ့ ဘွဲ့ယူလို့မရအောင် လုပ်မယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုမှုတွေရှိခဲ့တယ်လို့ DVB က ရေးသားထားပါတယ်။

မော်လမြိုင်နည်းပညာတက္ကသိုလ်မှာ ကျောင်းဖွင့်ချိန်တွင် နယ်ဝေးက ကျောင်းသားတွေအနေနဲ့ ကြိုတင်မဲ ထည့်ထားတဲ့ အထောက်အထားပြရန် လိုအပ်တယ်လို့ ကျောင်းသားရေးရာက ဖုန်းဆက်အကြောင်းကြား ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ)မှာလည်း ကြိုတင်မဲထည့်ဖို့ ကျောင်းသားတွေကို အီးမေးလ်နဲ့အကြောင်း ကြားခဲ့တာတွေနဲ့ မဲမပေးရင် ကျောင်းအပ်လက်မခံဘူးဆိုတဲ့ ဖိအားကြောင့် တက္ကသိုလ်ကျောင်းသား ၃၀,၀၀၀ ခန့်ကြိုတင်မဲပေးခဲ့ရတယ် လို့ Mizzima ကရေးသားထားပါတယ်။ 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့က ကျောင်းသူ/ကျောင်းသားတချို့ဟာ ရန်ကုန်ကို တက္ကသိုလ်တက်ဖို့သွားရမှာ ဖြစ်လို့ မာန်အောင်မှ-ရန်ကုန်သို့ ကုန်တင်သင်္ဘောတွေနဲ့ ထွက်ခွာခွင့်ရဖို့ သက်ဆိုင်ရာ ရဲဌာနနဲ့ ထွေ/အုပ် တွေမှာ ခရီးသွားထောက်ခံစာတောင်းရင် ကြိုတင်မဲပေးပြီးမှ သွားရောက်ခွင့် ခွင့်ပြုတဲ့ထောက်ခံစာ  ရရှိ တယ်လို့  နိရဉ္စရာ ကရေးသားထားပါတယ်။ 

မွန်ပြည်နယ်၊ ပေါင်၊ ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဆုံနဲ့ သံဖြူဇရပ်မြို့နယ်တွေက ကျေးရွာတွေမှာလည်း တက္ကသိုလ်ကျောင်းတက်နေတဲ့ကျောင်းသား/သူတွေ၊ ဘွဲ့ရပြီးတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို နေအိမ်အထိလာရောက်တောင်းခံမှုတွေ ရှိခဲ့ပြီး ကျောင်းအပ်ရာမှာ ကြိုတင်မဲပေးထားတဲ့ အထောက် အထားယူဆောင်လာရမှာလို့ ဖိအားပေးမှုတွေအရ တက္ကသိုလ်ကျောင်းသား/သူ ၃၀ ဦးခန့် ကြိုတင်မဲ ပေးခဲ့ ရတယ်လို့ Independent Mon News Agency က ရေးသားထားပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ကြိုတင်မဲပေးဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တက္ကသိုလ် တက် ရောက်နေတဲ့ ကျောင်းသူ/သားတွေအပြင် ကိုဗစ်ရောဂါနဲ့ အခြားကိစ္စရပ်တွေကြောင့် အခြေခံပညာစာသင် ကျောင်းတွေမှာ တက်ရောက်ဆဲဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်သွားတဲ့ ကျောင်းသူ/သားတွေကို ကြိုတင်မဲ ပေးဖို့အတွက် ဖိအားပေးခံဝန်ထိုးခိုင်းခဲ့တယ်လို့ CJ Platform က ရေးသားထားပါတယ်။

☑️နေပြည်တော် Non-CDM ဝန်ထမ်းတွေနေရပ်ပြန်ပြီး မဲပေးရမယ်လို့ ဖိအားပေးခဲ့

စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း ၂ မှာ နေပြည်တော်နဲ့ ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေက Non CDM ဝန်ထမ်းတွေဟာ တာဝန်ကျရာဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်နေပေမဲ့ သန်းခေါင်းစာရင်းရှိရာ ဇာတိနေရပ် ကိုပြန်မဲပေးရမယ်ဆိုပြီး ဖိအားပေးမှုတွေရှိခဲ့လို့ တာဝန်ကျရာနေရာမှာ ကြိုတင်မဲပေးခဲ့ကြတဲ့ ဝန်ထမ်း အချို့ဟာ ဇာတိနေရပ်ကို ပြန်ပြီး မဖြစ်မနေ မဲသွားပေးခဲ့ရလို့ မဲ ၂ ကြိမ်ပေးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနိုင် တယ်ဆိုကာ ပြောဆိုသူတွေရှိနေတယ်လို့  ဧရာဝတီတိုင်းမ် ကရေးသားထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဧည့်စာရင်းနဲ့နေသူတွေက မဲထည့်စရာမလိုဘဲ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေ မဲစာရင်းကောက်ယူချိန် သန်းခေါင်စာရင်းနဲ့လူကိုသာ ကောက်ပြီး ဧည့်စာရင်းနဲ့ နေထိုင်သူတွေက မဲထည့်စရာမလိုဘူး စာရင်းရှိပြီးသားကို သူတို့ဘာသာဖြည့်လိုက်မယ် ပြောတယ်”လို့ DVB ကရေးသားထား ပါတယ်။

☑️ရွေးကောက်ပွဲမှာ လူငယ်တွေ မဲမပေးရင် ပြည်ပထွက်ခွင့်မပေးဘူးစတဲ့ ဖိအားပေးခြိမ်းခြောက်ခဲ့

မော်လမြိုင်မှာ‌ ရွေးကောက်ပွဲမှာ မဲမပေးရင် ပြည်ပထွက်ခွင့် မပေးဘူး၊ နောက်ဆက်တွဲပြဿနာတွေ ရှိလာ နိုင်မယ်စတဲ့ ခြိမ်းခြောက်ခံရတာကြောင့် လူငယ်တွေအကြောက်တရားနဲ့ မဲပေးခဲ့ရတယ်ဆိုတဲ့  DVB သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။

မဲလာပေးတဲ့သူ နည်းပါးလို့ ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ မုံရွာနဲ့ မြဝတီမြို့တို့မှာ စစ်ကော်မရှင်လက် အောက်ခံအုပ်ချုပ်ရေးမှူးတွေကနေ တဆင့်ပြည်သူတွေကို မဲပေးဖို့အတွက် ဖိအားပေးပြောဆိုတာတွေ ခြိမ်းခြောက်တာတွေရှိနေတယ်ဆိုတဲ့ Myanmar Now ရုပ်သံကိုကြည့်ရှုနိုင်ပါတယ်။ 

ဒီဖြစ်စဉ်တွေအရ လူငယ်တွေအနေနဲ့ စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတာ၊ ပြည်ပနိုင်ငံ တွေကိုသွားရောက် တိမ်းရှောင်နေတာ၊ ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှုကို တရားဝင်စေဖို့ပြုလုပ်တာ ဖြစ်လို့ နိုင်ငံရေးအရ ပါဝင်လိုစိတ်မရှိတာ၊ ပြည်ပမှာ ကျောင်းသွားရောက်တက်နေတာ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေတာစတဲ့အကြောင်းတွေကြောင့် လူငယ်တွေ သန်းပေါင်းများစွာ စစ်ကော်မရှင်ပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်မဲမပေးခဲ့ဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ 

စစ်ကော်မရှင်အနေနဲ့ လူငယ်တွေကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ မဲမပေးရင် စစ်မှုထမ်းဥပဒေနဲ့ ဖမ်း ဆီးမယ်လို့ ခြိမ်းခြောက်မှု၊ မဲမပေးရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာမလုပ်ပေးဘူးဆိုတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှု၊ မဲမပေးရင် မြို့ပြင်ထွက်ခွင့်မပြုဘူး၊ အလုပ်သွားခွင့်မပြုဘူးဆိုတဲ့ တရားမဝင် ခြိမ်းခြောက်မှု၊ မဲမပေးရင် ကျောင်းတက်ခွင့်၊ ကျောင်းအပ်ခွင့်၊ ဘွဲ့ယူခွင့်မပေးဘူးဆိုတဲ့ ခြိမ်းခြောက်မှု၊ မဲမပေးရင် ပြည်ပထွက်ခွင့်မပြုဘူး ဆိုတဲ့ခြိမ်းခြောက်မှု၊ ဝန်ထမ်းတွေ မဲပေးပြီးကြောင်း တင်ပြရမယ်၊ ဇာတိရပ်ရွာပြန်ပြီး မဲပေးရမယ်ဆိုတဲ့ ဖိအားပေးမှု စတဲ့တရားမဝင်နည်းလမ်းတွေနဲ့လုပ်ဆောင်မှုတွေရှိခဲ့လို့ မဖြစ်မနေ လွန်ဆန်လို့မရတဲ့ လူငယ်အနဲငယ်ပမာဏအနေနဲ့သာ အကြောက်တရားအောက်မှာ မဲပေးခဲ့ကြ တာကို တွေ့ရပါတယ်။ 

စစ်ကော်မရှင်က အခုလို လူငယ်တွေ နိုင်ငံရေးကိုစိတ်ပါဝင်စားပြီး ရွေးကောက်ပွဲကို ထောက်ခံကာ မဲပေးခဲ့တယ်လို့ ဝါဒဖြန့်ခဲ့တာဟာ တော်လှန်ရေးကာလအတွင်း လူငယ်တွေဟာစစ်အုပ်စုရဲ့ ယန္တရားများအ တွင်းက လုပ်ဆောင်ချက်ကို လက်ခံတယ်ဆိုတဲ့အကြောင်းကို အသိပေးလိုလို့ ဝါဒဖြန့်တာသာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လူငယ်တွေ ပါဝင်ကာ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး စစ်တပ်ကလည်း အပြင်းအထန်ဖြိုခွင်းသတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပေမဲ့ တော်လှန်ရေးထဲမှာ လူထုဆန္ဒပြလှုပ်ရှားမှုတွေမှာ လူငယ်တွေအများဆုံးပါဝင်နေပြီး ပါဝင် နေဆဲကာလဖြစ်လို့ စစ်ကော်မရှင်ကလဲ သူတို့လုပ်ရပ်ကို ထောက်ခံတဲ့လူငယ်တွေ အများအပြား ရှိတယ် ဆိုပြီး မုသာဝါဒ ဖြန့်ဝေခြင်းဖြစ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေဟာ ပြည်သူကိုအခြေခံရပြီး တည်ဆောက်ဆောင်ရွက်ပါမှ  ရေရှည်ရပ်တည်နိုင်ပြီး ထာဝ စဉ် တည်တံ့ခိုင်မြဲနေမှာဖြစ်ပါတယ်။ စစ်တပ်ကို အခြေခံရင် မအောင်မြင်နိုင် မခိုင်မြဲနိုင် ရေရှည် မတည်တံ့ နိုင်ပါဘူး။ ဒါအပြင် တိုင်းပြည်တခုကို ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာမှာလည်း လူငယ်တွေကို မျိုးဆက်အလိုက် အခြေခံပြီး လေ့ကျင့် ပြုစုပျိုးထောင်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ 

စစ်ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲဟာ သမိုင်းမှာ ပထမဆုံးအပိုင်း ၃ ပိုင်းခွဲပြီး ပြုလုပ်တဲ့ လျှပ်စစ်မီးမမှန်ဘဲ အီလက်ထရောနစ် မဲပေးစက်နဲ့ပထမဆုံး မဲပေးရတဲ့ လူထုစိတ်ဝင်စားမှု အနဲ ဆုံးဖြစ်တဲ့ ရွေးကောက်ပွဲတခုဖြစ်ပြီးတော့ မြန်မာ့နိုင်ငံရေးစင်မြင့်မှာ  မင်းသားလုပ်ချင်လို့ ကိုယ့်ဟာကို ရွေးကောက်ပွဲ ဆိုတဲ့ဇာတ်ထောင်ပြီး ကတဲ့ပွဲအဖြစ်သာ သမိုင်း မှတ်တမ်းဝင်ခဲ့ပေမဲ့ လူငယ်တွေစိတ် ပါဝင်စားစွာ ပါဝင်မဲပေးခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲတခုမဟုတ်တာတော့ အသေအချာပါပဲ။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .