16 Mar 2025
MFCN/ Akyab Post
Fact-check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ ကစ္ဆပနဒီတံတားက အာရက္ခတပ်တော် အေအေရဲ့စခန်းကို လေကြောင်းကနေတိုက်ခိုက်ဆိုကာ ရေးသားထားတဲ့ ပို့စ်တွေ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “Western 24 News” ချန်နယ်ကနေ မေလ ၁၃ ရက်နေ့မှာ “ဒေသခံရခိုင်ပြည်သူများ၏ သတင်းပေးပို့ချက်အရ နိုင်ငံတော်မှ တည်ဆောက် ထားသောကစ္ဆပနဒီတံတားပေါ်တွင် ဂိတ်ဖွင့်၍ ဆပ်ကြေးကောက်နေသော AA အကြမ်းဖက် အဖွဲ့ဗုံးကြဲခံရ။” (မူရင်းအရေးအသား) ဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။
သတင်းမှားလင့်ခ် – https://archive.ph/rKMaK
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၁၅ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃၃၀၀ ထိရှိပြီးတော့ reaction ပေးသူ ၂၉ ဦးနဲ့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှား – https://archive.ph/3P2A6
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့တာဟာ အရပ်သားပြည်သူတွေ အသုံးပြုနေကြတဲ့ တံတားသာဖြစ်ပြီးတော့ အေအေစခန်းကို လေကြောင်းတိုက်ခိုက်တယ်ဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ အကြောင်းအရာကို Akyab Post ဖက်နေ reversed image search tools နဲ့ google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “ကစ္ဆပနဒီတံတား” ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG ကနေ မတ်လ မတ်လ ၁၃ ရက်နေ့မှာ “ကျောက်တော် ကစ္ဆပနဒီတံတားကို စစ်ကောင်စီ ဗုံးကြဲ” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ မတ်လ ၁၂ ရက်နေ့ ည ၁၀ နာရီမှာ စစ်ကောင်စီမှနေ လေကြောင်းမှ ဗုံးကြဲတာကြောင့် ကျောက်တော်မြို့မှာရှိတဲ့ ကစ္ဆပနဒီတံတားမှာ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ဓာတ်ပုံနဲ့ တကွ ရေးသားဖော်ပြထားပါတယ်။
DMG သတင်းအပြည့်အစုံ – https://m.facebook.com/story.php?story_fbid=pfbid0awhaeU5AetWG5ZQgy2AtWaDwU1CgG1ETSpA8w93in5uCgR4PUjgkJCsBkPRCwpJ8l&id=100064908151155&mibextid=CDWPTG
မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ကနေလည်း မတ်လ ၁၃ ရက်နေ့မှာ “ကျောက်တော်မြို့အဝင် ကစ္ဆပနဒီတံတားကို စစ်ကော်မရှင် လေကြောင်းက ဗုံးကြဲ” လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း ကျောက်တော်နှင့် မြောက်ဦးမြို့နယ်ကို ဆက်သွယ်ထားသည့် အများပြည်သူအသုံးပြုနေတဲ့ ကစ္ဆပနဒီတံတားကို ပေါင် ၅၀၀ ဗုံးကြဲခဲ့တာကြောင့် တံတားမှာ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းအပြည့်အစုံ – https://bur.mizzima.com/2026/03/13/84796
ဒီသတင်းကိုပဲ DVB ကနေလည်း မတ်လ ၁၃ ရက်နေ့မှာ “ကျောက်တော်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကစ္ဆပနဒီတံတား ပျက်စီး” လို့ ရေးသားဖော်ပြထားပါတယ်။
DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/750209
သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်တော်မြို့မှာရှိတဲ့ အများပြည်သူ အသုံးပြုနေတဲ့ ကစ္ဆပနဒီတံတားကို စစ်တပ်ဖက်မှနေ လေကြောင်းမှနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တံတားမှာ ပျက်စီးခဲ့တာသာ တွေ့ရပြီး လေကြောင်းတိုက်ခိုက်မှုဟာ အေအေစခန်း ထိခိုက်ပျက်စီးခဲ့တယ်ဆိုတာကို မတွေ့ရှိရပါဘူး။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး အေအေ ဂိတ်ဖွင့်ပြီး ငွေကြေးကောက်ခံတဲ့ အထောက်အထားမရှိပါဘူး။
ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးခဲ့တာဟာ အများပြည်သူ အသုံးပြုနေတဲ့ ကစ္ဆပနဒီတံတားသာဖြစ်ပြီးတော့ အေအေစခန်းကို ဗုံးကြဲခဲ့တယ်ဆိုတာဟာ လုပ်ကြံဖန်တီး ပုံဖော်ထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2
(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA







