Akyab Post/ MFCN
Fact-check
13 May 2026
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော်အေအေဖက်မှနေ ဖမ်းဆီးထားတဲ့ စစ်သုံပန်းတွေကို အေအေမှ မီးရှို့သတ်ဖြတ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ View Of Sue ချန်နယ်ကနေ မတ်လ ၁၂ ရက်နေ့မှာ “အမ်းမှာ အေအေ စစ်သုံးပန်း ၁၁၆ ယောက်ကို အစုအလိုက်အပုံလိုက် မီးရှို့သတ်ဖြတ် ဗုံးကြဲတာလို့ လိမ်ထားသော်လည်း အကျည်းထောင်မှာ ဗုံးကျထားတဲ့ ထိချက်မရှိပါ။ အလောင်းတွေကလည်း အထပ်လိုက်အပုံလိုက်ဖြစ်နေပါတယ်။ အကျည်းစခန်းထဲက ပုံစံမျိုးမဟုတ်ပါ။” (မူရင်းအရေးအသား) ဆိုပြီးတော့ ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။
View Of Sue – https://archive.ph/Ipoj8
ဒီပို့စ်ကို ဖြန့်ချိထားတဲ့ မတ်လ ၁၁ ရက်နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ မတ်လ ၁၂ ရက်နေ့ အထိ ဝင်ရောက်ဖတ်ရှုသူ ၅၁၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၉၆ ဦးနဲ့ အခြား စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဆက်စပ်သတင်းမှားများ – https://archive.ph/bVH5i
ဆက်စပ်သတင်းမှားများ – https://archive.ph/zS9R9
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေ မှ ဖမ်းဆီးထားတဲ့ စစ်သုံးပန်းတွေ သေဆုံးသွားတာ ဖြစ်ပြီးတော့ အေအေဖက်မှနေ မီးရှိူ့သတ်ဖြတ်တယ်ဆိုတာဟာ သက်သေမရှိပဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှား ဖြစ်နေတာကို တွေ့ရပါတယ်။
▪️ သတင်းစီစစ်ချက်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို reverse image search နဲ့ advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးကြည့်ခဲ့ပါတယ်။
Google မှာ “အမ်းမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ keywords နဲ့ ရိုက်ပြီးရှာကြည့်တဲ့ အခါမှာ မြန်မာပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေ မတ်လ ၁၁ ရက်နေ့မှာ “အမ်းမြို့နယ်ဗုံးကြဲမှု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သုံ့ပန်းအများစု သေဆုံး” ဆိုပြီး ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။
Myanmar Now ရဲ့ ရေးသားဖော်ပြချက်တွေအရ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ အကျဉ်းစခန်းတစ်ခုအား မတ်လ ၈ ရက်နေ့က စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/73267/
ဒါ့အပြင် ဒီသတင်းကို သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima က ကနေလည်း မတ်လ ၁၁ ရက်နေ့မှာ “အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA)၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းမှ ဗုံကြဲတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရသွားကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေမှနေ စစ်သုံ့ပန်းအဖြစ်ထားရှိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ဝင် အများဆုံးသေဆုံးခဲ့ပြီး စစ်ဘက်အရာရှိကြီးများလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြကြောင်း သိရသည်” လို့ ရေးသားဖော်ပြထားပါတယ်။
Mizzima – https://bur.mizzima.com/2026/03/11/84588
အခြား သတင်းဌာနဖြစ်တဲ့ DVB ကလည်း “အမ်းမြို့နယ်က စစ်သုံ့ပန်းအကျဉ်းစခန်း ဗုံးကြဲခံရပြီး ၁၂၀ နီးပါးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/749879
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်မှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသက အကျဉ်းစခန်းကို စစ်ကောင်စီဖက်မှနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စစ်သုံးပန်း ၁၀၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေနဲ့ စိစစ်ကြည့်လိုက်ရင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အေအေ က ဖမ်းဆီးထားတဲ့ စစ်သုံးပန်းအများအပြားသေဆုံးခဲ့တာကို တွေ့ရပြီးတော့ အေအေမှ မီးရှို့သတ်ဖြတ်ခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး အထောက်အထားသက်သေမရှိပါဘူး။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ရေးသားဖြန့်ဝေနေတဲ့ အေအေက စစ်သုံးပန်းတွေကို မီးရှို့သတ်ဖြတ်တယ်ဆိုတာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် သတင်းတုသတင်းမှားတွေ အမုန်းစကားတွေကို ဖြန့်ခဲ့ကြပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







