၂၀၂၆ မတ်လ ၁၂ ရက်
(Fact-check, သျှမ်းသံတော်ဆင့်၊ The Red Flag)
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။
အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင် မတ်လ ၉ ရက်နေ့က စတင်ဖြန့်ချိခဲ့ပြီး အခြားလူမှုကွန်ရက်စာမျက်နှာအချို့ကပါ ထပ်ဆင့်ဖြန့်ဝေထားသည်ကို တွေ့ရသည်။
သတင်းအမှား ဖြန့်ချိသော လင့်ခ် – https://bit.ly/47DpVWM
ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက် စစ်ဆေးသူများက စိစစ်ကြည့်သည့်အခါ သရော်လှောင်ပြောင်ထားသော သတင်းအမှားအကြာင်းအရာ ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။
သတင်းစစ်ဆေးချက်
စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတကာ လျှပ်စစ်ဖြန့်ဖြူးရေး စံနှုန်းများအရ အိမ်နံပါတ် တစ်အိမ်ကျော်စီကို မီးဖြတ်တောက်ရန် (သို့မဟုတ်) ပေးဝေရန်အတွက် Smart Grid (စမတ်ဂရစ်) နှင့် တစ်အိမ်ချင်းစီကို ဗဟိုမှ ထိန်းချုပ်နိုင်သည့် စမတ်မီတာစနစ်များ ရှိရပါမည်။
သျှမ်းပြည် တောင်ကြီးမြို့ရှိ လျှပ်စစ်ပေးဝေရေးစနစ်မှာ မီးလိုင်းခွဲအလိုက် (သို့မဟုတ်) ထရန်စဖော်မာ အလိုက်သာ အပိတ်၊ အဖွင့် ပြုလုပ်နိုင်သော စနစ်ဖြစ်သည်။
ထို့ကြောင့် လမ်းတစ်ခုတည်းတွင်ရှိသော အိမ်များကို အိမ်နံပါတ်အလိုက် တစ်အိမ်စီ ခွဲခြား၍ မီးဖြတ်ရန်မှာ လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စနစ်၏ အခြေခံအဆောက်အအုံများအရ လုံးဝ မဖြစ်နိုင်ပါ။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန (MOEP) နှင့် တောင်ကြီးခရိုင် လျှပ်စစ်ရုံးတို့၏ တရားဝင် ထုတ်ပြန်ချက်များကို စစ်ဆေးခဲ့ရာတွင် အဆိုပါစနစ်သစ်ကို ကျင့်သုံးမည့် အစီအစဉ်မျိုး တစ်စုံတစ်ရာ မတွေ့ရှိရပေ။
လက်ရှိတွင် ဝန်အားလျှော့ချခြင်း အစီအစဉ်အရ အုပ်စုများခွဲ၍ အလှည့်ကျ မီးပေးဝေခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
အမည်မဖော်လိုသည့် တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက “မကြားသေးပါဘူး၊ ပေါက်တတ်ကရ သတင်းတွေပါ။ တောင်ကြီးမှာ အဲ့လိုပေးဝေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သတင်းအမှား ဖြစ်ဖို့များတယ်” ဟု ပြောသည်။
သုံးသပ်ချက်
တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ၊ မ စနစ်ဖြင့် မီးပေးမည်ဆိုသည့် အကြောင်းအရာသည် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီအကျပ်အတည်းကာလတွင် မော်တော်ကားများ ဆိုင်ကယ်များကို စုံ/မ စနစ်ဖြင့် လမ်းမပေါ်ထွက်ရန် ညွှန်ကြားထားသည့် ဖြစ်စဉ်အပေါ် အခြေခံပြီး သရော်လှောင်ပြောင်ထား သည့် သတင်းအမှားဖြစ်ကြောင်းစိစစ်တွေ့ရှိရသည်။
လျှပ်စစ်မီး ပေးဝေမှုမှာ ပုံမှန်အတိုင်း အုပ်စုအလိုက် အလှည့်ကျစနစ်ကိုသာ ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း အတည်ပြုနိုင်သည်။
အဆိုပါသတင်းကို စတင်ဖြန့်ဝေသည့် လူမှုကွန်ရက်စာမျက်နှာများမှာ ခိုင်လုံသော သတင်းဌာနများ မဟုတ်ဘဲ အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန် (သို့မဟုတ်) လူကြည့်များစေရန် ရည်ရွယ်သည့် သတင်းများသာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
အများပြည်သူများအနေဖြင့် ထိတ်လန့်စိုးရိမ်ဖွယ် သတင်းများကို တွေ့ရှိပါက ခိုင်လုံသော သတင်းဌာနများတွင် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ယုံကြည်ကြရန်နှင့် ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းအပ်ပါသည်။
စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် လည်းကောင်း၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည် လည်းကောင်း၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/







