တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ
Share:FacebookX

တောင်ကြီးတွင် အမျိုးသမီးများ ပေါ်တာဆွဲသည့်သတင်းကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များက သတင်းအမှားဖြစ်သည်ဟု ပုံဖျက်နေ

 

၂၀၂၆ မတ်လ ၇ ရက်

(Fact- check / သျှမ်းသံတော်ဆင့်, The Red Flag )

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း ၁၀,၀၀၀ ကျော်ရှိခဲ့သည်။

“Ko Thet” တယ်လီဂရမ်ချန်နယ်သည် ယခင်ကလည်း မြေပြင်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို “သတင်းမှား” ဟု တံဆိပ်ကပ်ကာ ပုံဖျက်လေ့ရှိကြောင်း သတင်းစစ်ဆေးသည့် အဖွဲ့များက မှတ်တမ်းတင်ထားသည်။

သတင်းမှားလင့်ခ် – https://archive.ph/BSjt1

သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြသော အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်မှ အချက်အလက် စိစစ်ခဲ့သည်။

“Ko Thet” တယ်လီဂရမ်ချန်နယ်က “ ဒေသခံတွေ ကောင်းကောင်း ဆုံးမနေပြီ” ဟု ရေးသားထားသော်လည်း မည်သည့် ဒေသခံ၊ မည်သည့် အဖွဲ့အစည်းက တုံ့ပြန်သည်ဆိုသည့် ခိုင်လုံသော အထောက်အထား ဖော်ပြနိုင်ခြင်း မရှိပါ။

ထို့အပြင် သျှမ်းသံတော်ဆင့်မှ မတ်လ ၄ ရက်နေ့က ဖော်ပြခဲ့သော “တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်း အမျိုးသမီးများကိုပါ ပေါ်တာဆွဲဖမ်းဆီးနေ” ဆိုသည့် သတင်းတွင် ဝင်ရောက်မှတ်ချက်ပေးသူများကို စစ်ဆေးကြည့်ရာ၌ အများစုမှာ အကောင့်တုများ (သို့မဟုတ်) စနစ်တကျ ဖွဲ့စည်းထားသော ဝါဒဖြန့်အဖွဲ့များက သတင်းဌာနများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည်ကို တွေ့ရသည်။

သျှမ်းသံတော်ဆင့်မှ ဖော်ပြသော သတင်းလင့်ခ် – https://shorturl.at/1mcvr

လွတ်လပ်သော သတင်းမီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနကလည်း တောင်ကြီးမြို့တွင် စစ်မှုထမ်းစာရင်း ပါဝင်သူများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း ဖြစ်စဉ်များ မြင့်တက်လာနေသည့်အတွက် ဂရုပြုနေထိုင်ကြရန် ဒေသခံများက တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။

DVB သတင်းဌာနမှ ဖော်ပြသော သတင်းလင့်ခ် – https://bur.mizzima.com/2026/03/05/83942

လက်ရှိ တောင်ကြီးမြို့အခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက “မြို့စွန်ရပ်ကွက်တွေတော့ ယောက်ျားလေးတွေ အဆွဲခံရတာ ကြားတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားတွင် အမျိုးသားများသာမက အမျိုးသမီးများကိုပါ နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများ ရှိနေကြောင်း BBC သတင်းဌာနကလည်း ဖော်ပြထားသည်။

BBC သတင်းဌာနမှ ဖော်ပြသော သတင်းလင့်ခ် – https://www.bbc.com/burmese/articles/cx2qn0e32y4o

သုံးသပ်ချက်

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက တောင်ကြီးမြို့တွင် အမျိုးသမီးများ ပေါ်တာဆွဲခံရသည့် သတင်းကို “မှားယွင်းသည်” ဟု ပြောဆိုနေခြင်းမှာ မြေပြင်ဖြစ်ရပ်များကို ဖုံးကွယ်ရန်နှင့် သတင်းဌာနများအပေါ် လူထုအမြင် လွဲမှားစေရန် ရည်ရွယ်သည့် သတင်းအမှားသာ ဖြစ်သည်။

စာဖတ်သူတွေအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် လည်းကောင်း၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည် လည်းကောင်း၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းတွေ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .