ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလထဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ ထိခိုက်ဒဏ်ရာတာတွေ ရှိခဲ့ပါတယ်။
အရပ်သားထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေထဲ ဖြစ်စဥ်နှစ်ခုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိပြီး အပြစ်လွှဲချဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။
ဖေဖော်ဝါရီလ ၂၂နဲ့ ၂၃ရက်တွေမှာ သရက်ချောင်းမြို့အထက်ပိုင်းနဲ့ မြို့ဝန်းကျင်ကျေးရွာတွေမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ကားသမားတစ်ဦးသေဆုံးပြီး တခြား အရပ်သား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေကို တော်လှန်ရေးတပ်တွေက ပြုလုပ်တယ်ဆိုပြီး Subscriber ပြုလုပ်သူ တစ်ထောင်ကျော်ကနေ တစ်သိန်းကျော်အကြားရှိတဲ့ စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Ko thet channel ဖော်ပြချက် လင့်ခ် – https://archive.ph/aKP5T
Snow Queen SQ2 channel ဖော်ပြချက် လင့်ခ် – https://archive.ph/KY1SU
ပုလဲမြေချန်နယ် ဖော်ပြချက် လင့်ခ် – https://archive.ph/FDe1O
MT News ချန်နယ် ဖော်ပြချက် လင့်ခ် – https://archive.ph/AKqvN
ဖေဖော်ဝါရီလ ၂၇ရက်မှာလည်း သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာအနီး ရော်ဘာတောထဲ မှာ အရပ်သားခရီးသည် ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။အဲဒီဖြစ်စဥ်အပေါ်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိခဲ့ကြပါတယ်။
Subscriber လုပ်ထားသူ ကိုးသောင်းကျော်ရှိတဲ့ ဟန်ငြိမ်းဦးချန်နယ်နဲ့ Subscriber လုပ်ထားသူ ခြောက်ထောင်ကျော်ရှိတဲ့ 24 Hours News ချန်နယ်တွေ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ဖြန့်ချိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
ဟန်ငြိမ်းဦး ချန်နယ် လင့်ခ် – https://archive.ph/Vwejf
24 Hour News – https://archive.ph/5cUtQ
ဝါဒဖြန့်ချန်နယ်တွေက ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်ကြည့်ရာမှာတော့ တော်လှန်ရေးအဖွဲ့တွေ အပြစ်လွှဲချဖို့ သတင်းဖြန့်ချိမှုအဖြစ် စိစစ်တွေ့ရှိရပါတယ်။
သရက်ချောင်းမြို့ဝန်းကျင်မှာ အရပ်သားတွေ ပစ်ခတ်ခံရမှု
သရက်ချောင်းမြို့ အထက်ပိုင်းနဲ့ မြို့ဝင်းကျင်ကျေးရွာတွေဖြစ်တဲ့ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ရက် တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှာ သရက်နှစ်ခွရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာ ကြောင့် နေအိမ်အမိုးအကာအချို့ ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၅၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါးကို လက်နက်ကြီးကျည်စ ရှပ်ထိကာ ဒဏ်ရာအနည်းငယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၃ရက် မနက်မှာတော့ ပိန်းတောရွာ မှန်ကျောင်းဘုန်းကြီးကျောင်းကို ရောက်ရှိနေတဲ့ စစ်အာဏာရှင်တပ်ဖွဲ့က ကြက်စာတင်ဆောင်လာတဲ့ ၆ဘီးတပ်ကားတစ်စီးကို ပစ်ခတ်ခဲ့တာကြောင့် ယာဉ်မောင်းနေရာမှာတင် သေဆုံးပြီး ယာဉ်နောက်လိုက်နှစ်ဦး ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“အဲဒီနေ့က ကားသုံးစီးဆင်းလာတယ်။ စစ်သားတွေက မှန်ကျောင်းရှေ့ကနေ ထွက်တားတယ်။ ရှေ့ကားက ရပ်မပေးဘဲ မောင်းထွက်သွားတာကို ဒေါသထွက်ပြီး နောက်ကားကို ပစ်တာ” လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် အသက် ၂၀ကျော်အရွယ် ညောင်ဇင်ရွာက အမျိုးသားတစ်ဦးလည်း ရန်တောင်ရွာဘက်မှ ညောင်ဇင်ရွာသို့ ဆိုင်ကယ်နဲ့ ပြန်လာချိန်ဖေဖော်ဝါရီလ ၂၃ရက် မနက်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရလို့ ဒဏ်ရာရတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
အဲဒီဖြစ်စဥ် သုံးခုစလုံးကို Dawei Watch က ဖေဖော်ဝါရီလ ၂၅ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
သတင်း လင့်ခ် – https://shorturl.at/XZN1r
စစ်အာဏာရှင်တပ် စစ်ကြောင်းပဲ ရှိခဲ့တယ်
အထက်ပါဖြစ်စဥ်တွေဖြစ်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်တွေမှာ အဲဒီကျေးရွာတွေမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းကပဲ နေရာယူထားပြီး လမ်းပိုင်းလည်း ပိတ်ချထားခဲ့တယ်လို့ ပြောဆိုကြပါတယ်။
“၂၂ရက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ပြီး ၂၃ ရက်မှာ ရွာကိုရောက်လာတယ်။ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီးတော့ ရွာသားခုနစ်ယောက်လောက်လည်း ဖမ်းစစ်သေးတယ်။ ပြီးတော့ သူတို့ (စစ်အာဏာရှင်တပ်သားတွေ) ရှိနေချိန် လမ်းလည်း ပိတ်ထားပြီး ရွာသားတွေကိုလည်း ထွက်ပြေးရင် ရွာကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သေးတယ်” လို့ ပိန်းတောရွာသားတစ်ဦးက ပြောပြပါတယ်။
သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် တပ်ဖွဲ့အချို့ကို စုစည်းထားတဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံဆီ ဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ သရက်ချောင်းမြို့တစ်ဝိုက် ကျေးရွာတွေဘက်ကို တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာ မရှိဘူးလို့ ဆိုပါတယ်။
“ဒါပေမဲ့ စကမတပ်ကတော့ အင်အား ၂၀၀ လောက်သုံးပြီး စစ်ကြောင်းထိုးခဲ့တာရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်တာရှိတယ်။ တော်လှန်ရေးတပ်ဘက်ကတော့ အဲဒီနှစ်ရက်ထဲမှာ ရွှေဂူတံတားဂိတ်နဲ့ သရက်နှစ်ခွရွာဂိတ်ကို ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာပဲရှိတယ်။ ဒါကြောင့် ကားသမားအပါအဝင် အရပ်သားတချို့ ထိခိုက်သေဆုံးတာဟာ စကမ စစ်ကြောင်းရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖြစ်ပါတယ်” လို့ သူက ပြောဆိုပါတယ်။
ရွှေဂူ တံတားဂိတ်ဟာ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်အစပ်မှာရှိပြီး ထားဝယ်မြို့နယ်ထဲ ပါဝင်တဲ့ နေရာဖြစ်ပါတယ်။
အထက်ပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မျက်မြင်တွေ့သူ၊ ဒေသခံတွေရဲ့ ပြောဆိုချက်၊ တော်လှန်ရေးတပ် တာဝန်ရှိသူတွေရဲ့ မြေပြင်အနေအထားနဲ့ စစ်ရေးအခြေအနေ ပြောဆိုချက်တွေအရ ကားသမားတစ်ဦး သေဆုံးတာနဲ့ အရပ်သား လေးဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေဟာ စစ်အာဏာရှင်တပ် စစ်ကြောင်း ကြောင့်ဆိုတာကို တွေ့ရှိရပါတယ်။
စုံစင်ရွာအနီး အရပ်သားခုနစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဥ်
နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ သရက်ချောင်းမြို့နယ်ထဲက စုံစင်ဖျားရွာအနီး ရော်ဘာတောထဲမှာ အရပ်သားခုနစ်ဦး နားထင်ကို သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
ဒေသခံတွေသေဆုံးခဲ့တဲ့ နေရာဟာ ကလိန်အောင်အခြေစိုက် ခမရ (၄၀၉) ခြေမြန်တပ်ရင်းက စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးခဲ့တဲ့ နေရာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တချို့နှင့် ဒေသခံတွေက ပြောပါတယ်။
သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းဘက်သို့ ဦးတည် စစ်ကြောင်း ထိုးလာချိန် စုံစင်ဖျားရွာမီးသတ်ရုံးအနီးရှိ ရော်ဘာတောထဲမှာတွေ့ရှိတဲ့ အရပ်သားခုနစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေ ကို ဖေဖော်ဝါရီလ ၂၇ရက်က တွေ့ရှိခြင်းဖြစ်ပြီး အသတ်ခံရသူတွေမှာ အမျိုးသမီးငါးဦး၊ အမျိုးသားနှစ်ဦးပါဝင်ပါတယ်။
စုံစင်ဖျားရွာအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ရှိနေပေမယ့် အခု အရပ်သားတွေ ပစ်သတ်ခံထားရတဲ့နေရာမှာ နှစ်ဖက် တိုက်ပွဲဖြစ်တာ မရှိဘူးလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီနေရာမှာ စစ်အာဏာတပ်ကပဲ စစ်ကြောင်း ထိုးခဲ့တာလို့ သူက ဆိုပါတယ်။
အလောင်းတွေကို တွေ့ရှိရတဲ့ နားထင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တာကြောင့် ဖမ်းဆီးပြီးမှ ပစ်သတ်ခဲ့တာဖြစ်နိုင်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။
အဲဒီအကြောင်းအရာကို Dawei Watch က ဖေဖော်ဝါရီလ ၂၈ ရက်မှာ သတင်းဖော်ပြခဲ့တာရှိပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/VYJx2
Myanmar Now သတင်းဌာနကလည်း မတ်လ ၂ ရက်မှာ “တနင်္သာရီတိုင်း၊ သရက်ချောင်းတွင် စစ်တပ်နှင့်တိုးသော ဒေသခံ ၇ ဦး သတ်ဖြတ်ခံရ” ခေါင်းစဥ် နဲ့ သတင်းဖော်ပြထားတာရှိပါတယ်။
Myanmar Now သတင်းလင့်ခ် – https://shorturl.at/WSwkX
DVB သတင်းဌာနကလည်း “သရက်ချောင်းမြို့နယ်၌ စစ်တပ်က အရပ်သား ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်” ဆိုတဲ့ခေါင်းစဥ်နဲ့ မတ်လ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
DVB သတင်းလင့်ခ် – https://shorturl.at/Cy9Ea
သေဆုံးသူတွေထဲက ဇနီးမောင်နှံနှစ်ဦးရဲ့ မိတ်ဆွေတစ်ဦးကလည်း သေဆုံးသူတွေဟာ ထားဝယ်မြို့ပေါ်မှာ စစ်ဘေးရှောင် နေသူတွေဖြစ်ပြီး ရပ်ရွာအခြေအနေကို သွားကြည့်ချိန်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့တိုးပြီး အသတ်ခံရတာ ဖြစ်တယ်လို့ ပြောပြပါတယ်။
“လင်မယားနှစ်ယောက်က နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်တယ်။ အရှေ့မှာက သုံးဘီးနဲ့ အမျိုးသမီးလေးယောက်ပါတယ်။ သုံးဘီးဆရာကောင်လေးက ထားဝယ်မြို့ပေါ်ကပဲ။ သူတို့ခုနစ်ယောက်စလုံးကို စစ်ကြောင်းနဲ့တွေ့ပြီးမှ ဖမ်းပြီး အသတ် ခံရတာ။ သုံးဘီးရော ဆိုင်ကယ်ရောပြန်မရဘူး။ အလောင်းတွေပဲ ရော်ဘာတောထဲ ပြန်ရတယ်” လို့ သူက ပြောပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ပြန်ကြားရေးဌာနကလည်း အရပ်သားခုနစ်ဦးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက သတ်ဖြတ် ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
KNU ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/eyy4g
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကလည်း အထက်ပါ ဖြစ်စဥ်ဟာ စစ်အာဏာရှင် တပ်က အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
DDMSC ထုတ်ပြန်ချက် လင့်ခ် – https://h1.nu/1q9PI
စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိသလို တော်လှန်ရေးဘက်က အရပ်သားခုနစ်ဦးကို သတ်ခဲ့တယ် ဆိုတာမျိုး မတွေ့ရဘဲ စစ်အာဏာရှင်တပ်စစ်ကြောင်းကပဲ ကျူးလွန်ခဲ့တယ်ဆိုတွေကို ဒေသခံတွေနဲ့ စစ်ရေးသတင်း အမြစ်တွေ၊ ဒေသခံတွေရဲ့ ပြောဆိုချက်၊ ဒေသတွင်းနဲ့ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေ၊ သေဆုံးတွေရဲ့ မိတ်ဆွေ တွေရဲ့ ပြောပြချက်နဲ့ ဒေသတွင်းတော်လှန်ရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်တွေအရ သိရှိရပါတယ်။
သုံးသပ်ချက်
စစ်အာဏာရှင်တပ် စစ်ကြောင်းက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်တွေကို ဖုံးကွယ်ဖို့၊ တော်လှန်ရေးအဖွဲ့ တွေကို ကျူးလွန်တယ်ဆိုပြီး ပုံဖျက်ဖို့အတွက် စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက အချိန်ကိုက် သတင်းအမှားဖြန့်ချိပြီး အပြစ်လွှဲချဖို့ ကြိုးပမ်းတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







