ထိုင်းမှာ အမေရိကန်နိုင်ငံသားကို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး ပုံဖျက်သတင်းအမှားဖြန့်
Share:FacebookX

ထိုင်းမှာ အမေရိကန်နိုင်ငံသားကို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး ပုံဖျက်သတင်းအမှားဖြန့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်တဲ့ မေမြန်မာမျိုးချစ် အမည်နဲ့ Facebook အကောင့်က PDF တွေဟာ အမေရိကန်နိုင်ငံသားတစ်ဦးကို ပြန်ပေးဆွဲပြီး သတ်တယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှာ စတင်ဖြန့်ချိပါတယ်။ အဲဒီဖြန့်ချိမှုကို အောက်ဖော်ပြပါScreenshot မှာ ကြည့်နိုင်ပါတယ်။

အထက်ပါဖြန့်ချိမှုနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာ တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့ သတင်းအမှားဖြန့်ချိထားတာအဖြစ် တွေ့ရှိရပါတယ်။

အမေရိကန်နိုင်ငံသား အသတ်ခံရမှုကြောင့် မြန်မာလေးဦး အဖမ်းခံရ

ဘန်ကောက်မြို့၊ စူစဝပ် ၂၆ လမ်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်က အသက် ၅၅ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦး ဓားဒဏ်ရာ ငါးချက်၊ခြေထောက်နှစ်ဖက်စလုံး ကျိုးနေတဲ့ အနေအထားနဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အဆိုပါ အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားလေးဦးကို ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။

သေဆုံးသူဟာ သူ့ရဲ့ ချစ်သူဟောင်း မြန်မာအမျိုးသမီးနဲ့ ပြန်တွဲနိုင်ဖို့ ကြိုးစားရင်း အမျိုးသမီးရဲ့အစ်ကိုဖြစ်သူအပါအဝင် မြန်မာအမျိုးသား လေးဦးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အသတ်ခံရတာလို့ ဖမ်းဆီးခံရတဲ့ မြန်မာတွေရဲ့ ထိုင်းရဲတပ်ဖွဲ့ဆီ ထွက်ဆိုချက်တွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။

မြန်မာအမျိုးသမီးဟာ အစ်ကိုဖြစ်သူတွေဆီ လာရောက်နေထိုင်နေချိန် အမေရိကန်နိုင်ငံသားဟာ မြန်မာအမျိုးသမီးနဲ့ ပြန်တွဲဖို့ အကြိမ်ကြိမ် လာရောက်နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်မှာတော့ အမေရိကန်နိုင်ငံသားဟာ ဓားကိုင်ဆောင်ပြီး မြန်မာအမျိုးသမီးရဲ့ အစ်ကိုဖြစ်သူ အပါအဝင် မြန်မာအမျိုးသား လေးဦး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်ရုံကို ရောက်ရှိလာခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း ထိပ်တိုက်တွေ့ရာကနေ လူသတ်မှုဖြစ်တာလို့ မြန်မာတွေက ထွက်ဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Dawei Watch နဲ့ BBC မြန်မာပိုင်းတို့က သတင်းတွေ ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/gtluj

BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/ncrsD

Bangkok Post သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ သတင်းလင့်ခ် – https://shorturl.at/0oj4L

စိစစ်တွေ့ရှိချက်

ဘန်ကောက်မှာ အမေရိကန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားလေးဦး အဖမ်းခံရတာ မှန်ကန်ပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်ဝါဒဖြန့်အကောင့်က ဖြန့်ချိသလို PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်ခံရတာမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အဖြစ်ပဲ တွေ့ရှိရပါတယ်။

အဲဒီဖြစ်စဉ်အပေါ် PDF တွေက ပြန်ပေးဆွဲ သတ်ဖြတ်တယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့ အချိန်ကိုက် သတင်းအမှား ဖြန့်ချိခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

စစ်ကော်မရှင် ဝါဒဖြန့်လော်ဘီချန်နယ်တွေဟာ ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်တိုင်း PDF ဆိုပြီး ပုံဖော်ဝါဒဖြန့်လေ့ ရှိပါတယ်။

ပြီးခဲ့နှစ်က ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလ ၂၀၂၅ ခုနှစ် ဧပြီလ ၁၄ရက်ကလည်း ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်အပေါ်မှာလည်း စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေ အချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်ခဲ့ပါတယ် ။

အဲဒီဖြစ်စဉ်အပေါ် Dawei Watch က အချက်အလက်စိစစ်ထားကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/21/04/2025/110497/

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .