အတုယောင်ရွေးကောက်ပွဲမှာ မဲမသမာမှုမရှိဘူးလို့ စစ်ခေါင်းဆောင် ဝါဒဖြန့်
၂၀၂၆ ဖေဖော်ဝါရီ ၁၆
(FactCheck_DNA)
အာဏာသိမ်းစစ်တပ်ကြီးမှူးကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ မဲမသမာမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၃ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို အမှာစကားပြောတဲ့အချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ https://archive.ph/huWo4
MEVM စက်တွေနဲ့နည်းပညာအသုံးပြုပြီး မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ကိုအသုံးပြုပြီး ရွေးကောက်ပွဲကျင်းပဆောင်ရွက်ခဲ့တာကြောင့် မဲမသမာမှုမလုပ်နိုင်ဘူးလို့ စစ်ခေါင်းဆောင်က ပြောဆိုထားပေမဲ့လည်း လွတ်လပ်တဲ့ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည်သူတွေကို စစ်ဆေးခွင့်မပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
မဲပေးစက်တွေရဲ့ Software ကို ဘယ်သူက ရေးဆွဲတာလဲ၊ ဘယ်လိုစနစ်နဲ့ အလုပ်လုပ်တာလဲဆိုတာကို လွတ်လပ်တဲ့ နည်းပညာရှင်တွေကို စစ်ဆေးခွင့် မပေးခဲ့ပါဘူး။
စက်အတွင်းမှာ မဲရလဒ်တွေကို ကြိုတင်သတ်မှတ်ထားတာမျိုး ဒါမှမဟုတ် ခလုတ်နှိပ်လိုက်တဲ့အခါ မဲက တခြားပါတီဆီ ရောက်သွားတာမျိုး ဖြစ်မဖြစ် ဘယ်သူကမှ အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်တပ်အနေနဲ့ အပိုင်းလိုက်ခွဲကျင်းပခဲ့တဲ့အတုအယောင်ရွေးကောက်ပွဲမှာ စောင့်ကြည့်ခွင့် လုံးဝမပေးခဲ့တာကိုလည်းတွေ့ရပါတယ်။
ပုံမှန်အားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲတွေမှာ ANFREL (အာရှရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်) ဒါမဟုတ် ပြည်တွင်းမှာရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့ကွန်ရက် (PACE) တို့လို အဖွဲ့အစည်းတွေကို မဲရုံအခြေအနေနဲ့ မဲပေးစက်တွေရဲ့ စိတ်ချရမှုတွေ၊ မဲရေတွက်ပုံတွေကို အဆင့်ဆင့် လေ့လာစောင့်ကြည့်ခွင့်ပေးသင့်ပေမဲ့လည်း အတုအယောင်ရွေးကောက်ပွဲမှာတော့ စစ်တပ်ကအလိုကျရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်အနည်းငယ်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့မဟာမိတ်နိုင်ငံတချို့က ကိုယ်စားလှယ်တွေကိုသာ ဟန်ပြဖိတ်ကြားခဲ့တာပါ။
ဒါကြောင့် မဲမသမာမှုမရှိဘူးလို့ စစ်ခေါင်းဆောင်က ပြောဆိုနေပေမဲ့လည်း မြေပြင်မှာ မဲပေးသူတွေကို ခြိမ်းခြောက်တာမျိုးရှိ၊မရှိ၊ မဲပေးစက်တွေမှာ မဲစာရင်းလိမ်လည်မှုရှိမရှိကို အတည်ပြုပေးနိုင်မယ့် ခိုင်လုံတဲ့ သီးခြားလွတ်လပ်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာနိုင်တာမျိုးမရှိတာကြောင့် စစ်တပ်ကပြောနေတဲ့ တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဆိုတာက တဖတ်သက်ပြောစကားတွေသာဖြစ်တာကို တွေ့ရပါတယ်။
MFCN FactCheck အဖွဲ့ဝင်တွေ အချက်လက်စစ်ဆေးချက်အရ ရွေးကောက်ပွဲ ပါတီရွေးချယ်ရာမှာ အသုံးပြုတဲ့ မဲပေးစက် (MEVM) တွေက ရွေးကောက်ပွဲကျင်းပနေတဲ့အချိန်မှာ မကြာခဏ စက်ချို့ယွင်းတာမျိုးနေတာကိုလည်းတွေ့ရပါတယ်၊
အာဏာသိမ်းစစ်တပ်ကသာ စီမံခန့်ခွဲတဲ့ Software နဲ့ Hardware နည်းပညာတွေဖြစ်တာကြောင့် မဲရလဒ်တွေကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်တဲ့ အန္တရာယ် ရှိနေသလို၊ နည်းပညာကို အသုံးပြီး မဲလိမ်တာကို ဖုံးကွယ်ဖို့ကြိုးစားနေတာလားဆိုတာကိုတော့ အခုချိန်ထိ MFCNအချက်အလက်စစ်ဆေးသူတွေအနေနဲ့ အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
ဒါ့အပြင် အဲ့ဒီမဲပေးစက်တွေက အတုအယောင်ရွေးကောက်ပွဲကျင်းပနေတဲ့အချိန်မှာပဲ မဲပေးစက်တွေမကြာခဏပျက်လို့အသစ်ပြန်လဲလှယ်ရတယ်ဆိုတဲ့အကြောင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
အတုအယောင်ရွေးကောက်ပွဲမှာ မဲပေးသူ ၅၄ရာခိုင်နှုန်းကျော်ရှိတယ်လို့ အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်ထားပေမယ့်လည်း စစ်တပ်က သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို အသုံးပြုပြီး ဝန်ထမ်းတွေ၊ စစ်တပ်မိသားစုဝင်တွေနဲ့ ဖိအားပေးခံရတဲ့ ဒေသခံတွေဆီကနေရရှိတဲ့ မဲစရင်းတွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို လိုသလိုဖန်တီးထားတာဖြစ်ပါတယ်။
နိုင်ငံတဝန်း စစ်မီးတောက်နေပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေတဲ့ ကြားမှာ ကျင်းပတဲ့ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲက နိုင်ငံတကာ အသိအမှတ်ပြုမှုကိုရဖို့အတွက်သာ ဦးတည်ပြီး ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲတခုသာဖြစ်ပါတယ်။
#DNAFactCheck #DNA #MFCN #FactCheck #Sham_Election #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ်







