တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ ၊ အမှတ် (၄) ရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်မှာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီ ဖြစ်စဥ်အပေါ် စစ်ကော်မရှင်ဝါဒဖြန့် လူမှုကွန်ရက်အကောင့်တစ်ခုမှာ PDF တွေက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဖြန့်ချိနေပါတယ်။ Follower တစ်သိန်းရှိတဲ့ ‘ငြိမ်းချမ်းပါစေ’ အမည်နဲ့ Facebook အကောင့်က အဲဒီဖော်ပြချက်ကို ဇန်နဝါရီလ ၂၉ ရက်မှာ ဖြန့်ချိခဲ့တာပါ။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/5oHqI
အထက်ပါ ဖြန့်ချိမှုကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch သတင်းဌာနက အချက်အလက် စိစစ်ကြည့်ရာတော့မှားယွင်းပုံဖော်ထားတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
ပလမြို့ပေါ်မှာ နေအိမ်တွေကို စစ်အာဏာရှပ်တပ် မီးရှို့
ပလမြို့ အမှတ် (၄) ရပ်ကွက်လို့ခေါ်တဲ့ ဆားဖိုဆိပ်ရပ်ကွက်မှာ နေအိမ် ၇၀ ကျော်ကို စစ်အာဏာရှင်တပ်က ဇန်နဝါရီလ ၂၇ ရက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ပလမြို့ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်က လာရောက်ပြီး နေရာကွက်ကြား မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီလို မီးရှို့တာကြောင့် နေအိမ် ၇၀ ကျော် မီးလောင်သွားတယ်လို့ ပြောဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာနဲ့ စစ်ကြောင်းထိုးနေတာတွေ မရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ရုတ်တရက် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့သွားတယ်လို့ ပြောဆိုပါတယ်။
မီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/Gnfwh
ဒါ့အပြင် ဇန်နဝါရီလ ၂၈ ရက်မှာလည်း ပလမြို့ အမှတ် (၁) ရပ်ကွက် နဲ့ (၂) ရပ်ကွက်တွေလို့ သတ်မှတ်ထားတဲ့ တိုရွာမှာ စစ်အာဏာရှင်တပ်သားတွေက ညဘက် ဝင်လာချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး အဲဒီနောက် နေအိမ်တွေကို စစ်အာဏာရှင် တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာ အောက်ဖော်ပြပါလင်ခ့်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/sEN7d
မွန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Than Lwin Times သတင်းဌာနကလည်း ပလမြို့က ရပ်ကွက်အချို့မှာ စစ်အာဏာရှင်တပ်က နေအိမ်တွေမီးရှို့ခဲ့တာနဲ့ ပတ်သက်လို့ သတင်းဖော်ပြထားပါတယ်။
Than Lwin Times သတင်းလင့်ခ် – https://shorturl.at/Amtwn
နောက်ထပ် မွန်သတင်းဌာနတစ်ခုဖြစ်တဲ့ လွတ်လပ်သော မွန်သတင်းအေဂျင်စီကလည်း ပလမြို့ ရပ်ကွက်အချို့က နေအိမ်တွေကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့တဲ့အကြောင်း သတင်းဖော်ပြထားပါတယ် ။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်းလင့်ခ် – https://shorturl.at/uSgVj
ပလမြို့ အမှတ် (၄) ရပ်ကွက် အခြေအနေ
ပလမြို့ အမှတ် (၄) ရပ်ကွက်မှာ မီးရှို့မခံရမီနဲ့ မီးစတင်ရှို့ခံရချိန် PDF တွေ ရှိမနေဘဲ မီးလောင်နေချိန်မှ မီးလမ်းဖြတ်တောက် တာနဲ့ မီးငြှိမ်းတာတွေကို PDF တွေက လာလုပ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အစက မီးရှို့ခံရတဲ့ ရပ်ကွက်မှာ စစ်သားလည်းမရှိဘူး၊ PDF လည်း ရှိမနေဘူး။ ပြီးမှ စစ်တပ်က ဝင်လာပြီး မီးရှို့ပြီး ပြန်ထွက်သွားတယ်။ မီးလောင်ပြီးမှ PDF တွေက မီးလာငြှိမ်းပေးတာ။ ရွာကတော့ လူတွေ အရင်ကတည်းက အများကြီး မရှိနေဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကလည်း မီးလမ်းဖြတ်တောက်တာနဲ့ မီးငြှိမ်းသတ်ပေးနေတဲ့ ရုပ်သံဖိုင်တွေကို ဖော်ပြထားပါတယ်။
ပုလော ပကဖ က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်း လင့်ခ် (၁) – https://tinyurl.com/967wxbff
ရုပ်သံမှတ်တမ်း လင့်ခ် (၂) – https://tinyurl.com/3t4k36z7
ပလမြို့မှာ စစ်အာဏာရှင်တပ်က ရဲစခန်းနဲ့ တိုတောင်မှာ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်ကုန်ပိုင်းကစပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်သားတွေ တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စစ်အာဏာရှင် တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ဒဏ်ရာရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် အစပိုင်းမှစကာ ရွာကနေ ပြောင်းရွှေ့သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စိစစ်တွေ့ရှိချက်
စစ်ကော်မရှင် ဝါဒဖြန့် အကောင့်က ဖော်ပြချက်မှာတော့ ပလမြို့ အမှတ် (၄) ရပ်ကွက်မှာ စစ်အာဏာရှင်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDFတွေက ဆုတ်ခွာချိန် မီးရှို့ခဲ့တယ်လို့ ဖြန့်ချိထားပါတယ်။
မြေပြင်ဒေသခံတွေကို မေးမြန်းအတည်ပြုရာမှာတော့ အမှတ် (၄) ရပ်ကွက် မီးရှို့ခံရချိန်နဲ့ အရှို့ မခံရမီမှာ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာ မရှိသလို ရွာထဲမှာလည်း PDF တွေ မရှိဘူးလို့ ပြောဆိုကြပါတယ်။
ပလမြို့ အမှတ် (၄) ရပ်ကွက်မှာ နေအိမ် ၇၀ ကျော် မီးရှို့ခံရတဲ့ဖြစ်စဉ်မှာ စစ်အာဏာရှင်တပ်က ဝင်ရောက်ပြီးမှ ဖြစ်ပွားခဲ့တယ်ဆိုတာကို ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက အတည်ပြုပြောဆိုကြသလို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကလည်း ဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်တပ်က အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တဲ့ဖြစ်စဉ်ကို ဖုံးကွယ်ဖို့လိုတဲ့အပြင် PDF တွေကို အပြစ်ပုံချလိုတာကြောင့် အချိန်ကိုက်သတင်းအမှား ဖြန့်ချိတာလို့ သုံးသပ်ရပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာမှာလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စစ်အာဏာရှင်တပ်က နေအိမ်တွေ မီးရှို့တာကို တော်လှန်ရေးအဖွဲ့တွေလက်ချက်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်တွေက သတင်းအမှား ဖြန့်ချိခဲ့တာရှိပါတယ်။ အဲဒီဖြစ်စဉ်အပေါ် Dawei Watch က အချက်စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://www.daweiwatch.com/27/11/2025/122346/
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







