အတုအယောင်ရွေးကောက်ပွဲနဲ့ ဝါဒဖြန့်မှုတွေရဲ့ နောက်ကွယ်က မြန်မာနိုင်ငံရဲ့ ပကတိအရှိတရား
၃၁ ဇန်နဝါရီ ၂၀၂၆
(Fact-Check_DNA)
အာဏာသိမ်းစစ်တပ်ဦးဆောင်ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃)ပိုင်း ကာလ တွေအတွင်းမှာ ရော အပြီးမှာပါ စစ်လော်ဘီတွေနဲ့ စစ်တပ်အားပေးထောက်ခံသူတွေဟာ ကြံ့ခိုင်ရေးပါတီ (USDP) ကပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးမယ့် အစိုးရအသစ်တခုဖြစ်လာမယ့် ပါတီအဖြစ် ပုံဖော်ခဲ့ကြပါတယ်။
သူတို့ဖြန့်ဝေခဲ့တဲ့ ဇာတ်ကြောင်းတွေရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး ကျပ်တည်းမှုတွေ၊ အခြေခံစားသောက်ကုန်ကြီးမြင့်မှုတွေ စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရာတာတွေကို အဆုံးသတ်ဖို့အတွက် ရွေးကောက်ပွဲက ပဲ ထွက်ပေါက်တခုဖြစ်ပြီး အထူးသဖြင့် ဒါတွေကိုဖြေရှင်းပေးနိုင်မယ့် အစိုးရဖွဲ့နိုင်မယ့် နိုင်ငံရေးပါတီကလည်း USDP တခုပဲရှိတယ်ဆိုတဲ့ ပုံဖော်ဖန်တီးဖို့ပဲဖြစ် ပါတယ်။
ဒီလို ဇာတ်ကြောင်းတွေနဲ့ ပြည်သူတွေရဲ့အတွေးအမြင်ကို လွဲမှားအောင်ရည်ရွယ်ပြီး အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြု USDP ကပဲလက်ရှိဖြစ် နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်မယ့် ပါတီအဖြစ်ပုံဖော်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေကရွေးချယ်တဲ့လမ်းအဖြစ်ပုံဖော်ဖို့ ကြိုးစားနေပေမဲ့လည်း ဒီရွေးကောက်ပွဲက အာဏာကိုလက်လွှတ်ဖို့ဆန္ဒမရှိတဲ့ အာဏာရှင်တစုရဲ့ နိုင်ငံရေးထွက်ပေါက်ရှာမှုတခုသာဖြစ်တာပါ။
အတုအယောင်ရွေးကောက်ပွဲ ရလဒ်ကို”ပြည်သူ့ဆန္ဒ” လို့ ကြွေးကြော်ခြင်း
အာဏာသိမ်း စစ်ခေါင်းဆောင်က ”ကျနော်က နဂိုကတည်းကကို ပြည်သူကရွေးချယ်တဲ့ပါတီစုံဒီမိုကရေစီကိုသွားဖို့ကို ရည်ရွယ်ပြီးလုပ်ခဲ့တာ ဒီတိုင်းပဲသွားရမှာ၊ ပြည်သူကရွေးချယ်တဲ့လမ်းပဲ၊ ကျနော်ကရွေးတာမဟုတ်ဘူး။ ပြည်သူကရွေးတဲ့လမ်း။” လို့ အပိုင်း၃ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ VOM မီဒီယာမှာ ဖြေထားတာပါ။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူသန်းပေါင်းများစွာက ရွေးချယ်ဆန္ဒပြုထားတဲ့ ရလဒ်ကို မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အတင်းအဓမ္မပယ်ဖျက်ခဲ့ပြီး မတရားသဖြင့်အာဏာသိမ်းယူခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကအာဏာသိမ်း ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဘယ်လိုရလာဒ်ထွက်လာလာပြည်သူ့ဆန္ဒကိုလက်ခံရမယ်ဆိုပြီး ပြောဆိုခဲ့ဖူးပါတယ်။ “ကျနော်ကတော့ပြည်သူ့ဆန္ဒနဲ့ထွက်ပေါ်လာတဲ့ရလာဒ်ကိုလက်ခံရမှာပဲ ဒါကတော့ဘယ်လိုမှငြင်းပယ်လို့မရဘူးလက်ခံမယ်” ဆိုပြီး မီဒီယာတွေမှာပြောဆိုခဲ့ဖူးပါတယ်။
The Irrawaddy News ကဖော်ပြခဲ့တဲ့ သတင်း>>> https://bit.ly/3OaHQ05
တကယ်လို့ စစ်တပ်ကသာ ပြည်သူ့ဆန္ဒကို အမှန်တကယ်အသိအမှတ်ပြုတယ်ဆိုရင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုသာ လက်ခံပေးရမှာဖြစ်ပေမယ့် အခုလက်ရှိ စစ်တပ်က ကြိုးကိုင်ခြယ်လှယ်ထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒလို့ အမည်တပ်တာဟာ သူတို့စိတ်ကြိုက်ခြယ်လှယ်ထားတဲ့ ရလဒ်ထွက်ပေါ်လာမှသာ ပြည်သူ့ဆန္ဒလို့ သတ်မှတ်ချင်တဲ့ သဘောဖြစ်နေတာကိုတွေ့ရပါတယ်။
Myanmar Now သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့် >>>ပြည်ပနိုင်ငံများက အသိအမှတ်ပြုခြင်း မပြုခြင်းကို နားမလည်ဟု စစ်ခေါင်းဆောင်ပြော https://bit.ly/4q8cZ1w
အတိုက်အခံပါတီကင်းမဲ့တဲ့ အတုအယောင်ပါတီစုံရွေးကောက်ပွဲ
အာဏာသိမ်းစစ်ခေါင်းဆောင်က ပါတီပေါင်း ၅၀ကျော်ဝင်ရောက်ယှဥ်ပြိုင်တယ်လို့ ပြောဆိုနေပေမယ့်လည်း အဓိကအတိုက်ခံပါတီဖြစ်ပြီး ပြည်သူ့ထောက်ခံမှုအများဆုံးရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ဖျက်သိမ်းထားသလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို မတရားဖမ်းဆီးထောင်ချထားတာက ဒီရွေးကောက်ပွဲရဲ့တရားမျှတမှုကို အစကတည်းက ပျက်ပြားစေခဲ့တာပါ။
အတိုက်အခံ ပြိုင်ဘက်ပါတီကို ဖယ်ထုတ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမနေတာကို တွေ့ရပါတယ်။
စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲမှာ ဒီမိုကရေစီပါတီနဲ့ တိုင်းရင်းသားပါတီတွေလည်းပါတယ်ဆိုတာ ပြနိုင်ဖို့အတွက် အဖြည့်ခံအဖြစ်ထည့်သွင်းထားတဲ့ပါတီတွေသာ ပါဝင်တယ်လို့လည်း The Irrawaddy သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။
The Irrawaddy သတင်းဌာနက ဖော်ပြထားတဲ့သတင်းလင့်>>> https://bit.ly/3Z9RTFg
တိုင်းရင်းသားဒေသက ရှုံးနိမ့်မှုတွေကို ဖက်ဒရယ်အရွေ့လို့ ဝါဒဖြန့်ခြင်း
စစ်ကော်မရှင်တပ် လက်အောက်ခံ ဝါဒဖြန့်လော်ဘီတွေက တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီအနိုင်ရရှိမှုကို ဖက်ဒရယ်ပုံစံလို့ အမွှမ်းတင်နေကြပေမယ့် အချက်အလက်တွေအရ ကျားဖြူပါတီ (SNDP)လို ပါတီကြီးကတောင် ပထမပိုင်းနဲ့ ဒုတိယပိုင်း ရွေးကောက်ပွဲ အပြီးမှာ ၈နေရာမှာသာ အနိုင်ရရှိခဲ့တာပါ။
စစ်တပ်က ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတာကိုလည်း ၂၀၂၄နှစ်လယ်အချိန်မှာသာ သိခဲ့ရတာဖြစ်ပြီး ဝင်ပြိုင်မယ့် ပါတီတွေကို ပါတီဝင်အရေအတွက်တသိန်းစုခိုင်းပြီး နောက်မှ ငါးသောင်းအထိပြန်လည်လျှော့ချတာ၊ နိုင်ငံတဝန်းပြိုင်မယ့်ပါတီတွေဆိုရင် ရုံးခန်းကို မြို့နယ် ၁၆၅မြို့နယ်မှာ ဖွင့်ရမယ်လို့သတ်မှတ်တာတွေကြောင့် အခက်အခဲဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင်တိုင်းရင်းသားဒေသတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမဲရုံတွေကိုလည်း ကြံ့ခိုင်ရေးအားကောင်းတဲ့နေရာတွေမှာသာဖွင့်လှစ်ထားသလို ဒေသခံအများအပြားက ဒီရွေးကောက်ပွဲမှာ မဲပေးတဲ့အရေအတွက်နည်းပါးသလို စစ်တပ်အတွင်းကပေးထားတဲ့ ကြိုတင်မဲတွေနဲ့ကြောင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိနေတာပါ။
ဒီသဘောတရားက တိုင်းရင်းသားဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေက ဒီအတုအယောင်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိမနေတာကို ပြသနေတာကိုတွေ့ရှိရပါတယ်။
ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာတိုင်ရင်းသားပါတီတွေအားကောင်းလာပြီး ဖက်ဒရယ်အရွေ့ကိုမြင်လာရပြီလို့ ရေးသားထားတဲ့ပို့စ် >>> https://archive.ph/nmusC
အပိုင်းလိုက်ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲ သုံးပိုင်းလုံးမှာ စစ်တပ်ရဲ့ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုအဆင့်လွှတ်တော်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော်(၁၀၈) နေရာကို အနိုင်ရရှိထားသလို ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်သွင်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ၁၆၆နေရာကိုလည်း စစ်တပ်ကရရှိမှာဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေနဲ့ ဒီမိုကရက်တွေအားကောင်းခဲ့တဲ့နေရာတွေမှာ စစ်တပ်က ဘာကြောင့် အနိုင် ရရှိနေတာလဲ ဆိုတာနဲ့ပတ်သက်ပြီး BBC သတင်းဌာနက ဖော်ပြထားတဲ့သတင်း – https://bit.ly/4q7OzFm
အနုပညာရှင်တွေနဲ့ ပြည်သူတွေအပေါ် ဝါဒဖြန့်ဖိအားပေးမှုများ
စစ်တပ်လော်ဘီတွေက ပြည်တွင်းမှာရှိတဲ့ အနုပညာရှင်တွေကို ဒီအတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရပ်တွေပေါ်မှာ ဖြန့်ဝေဖို့၊ ရေးသားဖို့ ဖိအားပေးတာ၊ ရှုတ်ချပြောဆိုနေတာက ထူးခြားတဲ့ အချက်တခုဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။
ဒါက စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် လူထုက စိတ်ဝင်စားမှုလုံးဝမရှိတဲ့အချက်ကို ဖုံးကွယ်ဖို့အတွက် အနုပညာရှင်တွေကို ဝါဒဖြန့်ကိရိယာအဖြစ် အတင်းအဓမ္မအသုံးချဖို့ ကြိုးပမ်းနေတာသာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးအချိန်မှာ ပြည်သူတွေနဲ့အတူ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့သူတွေကို “ပြည်သူကို ဒုက္ခတွင်းထဲ ဆွဲထည့်သည်”လို့ ပြောဆိုရေးသားနေကာ အနုပညာရှင်တွေကို စစ်တပ်ရဲ့ရွေးကောက်ပွဲအပေါ် လူထုအမြင်ပြောင်းလဲရေးအတွက် လှုံ့ဆော်ပြောဆိုပေးဖို့ အပြင်အထန်ဖိအားပေးနေတာကိုတွေ့ရပါတယ်။
စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဖော်ကောင်ဘညွန့်ဆိုတဲ့ လူမှုမီဒီယာအကောင့်က လှုံ့ဆော်ပြောဆိုထားတဲ့ပို့စ်>>> https://www.facebook.com/share/p/1ak1GVbgtn/
စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ USDP ရဲ့ အခန်းကဏ္ဍ
“စစ်တပ်အုပ်ချုပ်တာ မကြိုက်ရင် လက်နက်မကိုင်နဲ့” နဲ့လို့ ပြောဆိုဝါဒဖြန့်မှုက အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ရဲ့ အရင်းအမြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ လိမ်လည်ရေးသားမှုတခုသာဖြစ်ပါတယ်။
တိုင်းရင်းသားဒေသအသီးသီးမှာ ပြည်သူတွေ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်းရဲ့ အဓိက အရင်းအမြစ်က စစ်တပ်က တိုင်းပြည်ရဲ့အာဏာကို မတရားသိမ်းယူပြီး ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာကနေ အစပြုခဲ့တာဖြစ်ပါတယ်။
စစ်ယူနီဖောင်းချွတ်ပြီး USDP ပါတီထဲဝင်လာတဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ်သူတို့ အရပ်သားအစိုးရလို့ အမည်တပ်ဖို့ကြိုးစားနေပေမဲ့ အနှစ်သာရအရ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေမယ့် စစ်တပ်လက်ကိုင်တုတ် အစိုးရတရပ်ကိုသာတည်ဆောက်ထားတာသာဖြစ်ပါတယ်။
သုံးသပ်ချက်
စစ်တပ်ရဲ့ ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားတာမဟုတ်လဲ ၂၀၂၁ခုနှစ်မှာ မတရားအာဏာသိမ်းယူခဲ့တဲ့ လုပ်ရပ်ကို တရားဝင်ဖြစ်အောင်ဖုံးကွယ်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံရေးမျက်လှည့်ပွဲ တခုသာဖြစ်တာကိုတွေ့ရပါတယ်။
နိုင်ငံတကာနဲ့ ပြည်သူလူထုက ဒီအတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတာက ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ တရားမျှတမှုမရှိတာတွေကို အရှိအတိုင်းမြင်တွေ့နေရတာကြောင့် သာဖြစ်ပါတယ်။
ရွေးကောက်ပွဲ သုံးပိုင်းလုံးမှာ ကြံ့ခိုင်ရေးက ပြည်ထောင်စုလွှတ်တော်အစည်းဝေးခေါ်ယူနိုင်တဲ့အထိ လွှတ်တော်အမတ်နေရာ ၇၆ရာခိုင်နှုန်းအထိရရှိထားတာကြောင့် သမ္မတရွှေးချယ်ပြီးအစိုးရဖွဲ့နိုင်တဲ့ ပမာဏရရှိထားသလို အဲ့ဒီလို အစိုးရဖွဲ့ လွှတ်တော်အစည်းဝေးလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့နယ်ပေါင်း ၆၃မြို့နယ်ကို ရက် ၉၀ စစ်အုပ်ချုပ်ရေးသက်တမ်းဆက်တိုးထားပါတယ်။
DVB သတင်းဌာနက စစ်အုပ်ချုပ်ရေးသက်တမ်းတိုးတဲ့အကြောင်း ဖော်ပြားထားတဲ့ သတင်း >>> https://bit.ly/46ba80K
ဒီသဘောက စစ်တပ်က အသွင်ပြောင်းအစိုးရသစ်ဖွဲ့ပြီးချိန်အထိ စစ်အုပ်ချုပ်ရေးက ဆက်ရှိနေမယ်လို့ဆိုလိုတာပါ။
ဒါကြောင့် စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲက နိုင်ငံရေးအရ အရောင်အသွေးပြောင်းလဲဖို့ ကြိုးပမ်းတဲ့လုပ်ဆောင်ချက်တခုသာဖြစ်ပြီး၊ လက်တွေ့မှာ စစ်အုပ်ချုပ်ရေးယန္တရားကို သက်တမ်းတိုးအာဏာဆုပ်ကိုင်ထားဖို့ ဖန်တီးထားတဲ့ လုပ်ငန်းစဥ်တခုသာဖြစ်တာကို တွေ့ရှိရပါတယ်။
#DNAFactCheck #DNA #MFCN #FactCheck #Sham_Election #အတုအယောင်ရွေးကောက်ပွဲ #အာဏာသိမ်းစစ်တပ် #သတင်းမှားဝါဒဖြန့်







