လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ
Share:FacebookX

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

၂၀၂၆ ဇန်နဝါရီလ ၂၉ ရက်

(သျှမ်းသံတော်ဆင့်, The Red Flag)

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း” ဟု ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါပိုစ့်ကို ကြည့်ရှုသူ ၃,၈၅၀ ကျော် ရှိခဲ့ပြီး အခြားဝါဒဖြန့်ချန်နယ်များကလည်း ထပ်ဆင့်ဖြန့်ဝေခဲ့ကြသည်။

မူရင်းလင်ခ့် – https://archive.ph/kBqo7#selection-141.0-140.2

အချက်အလက်စစ်ဆေးချက်

MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူများက ဒေသခံများနှင့် မြေပြင်သတင်း ဌာနများ၏ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ရာ အောက်ပါ အချက်များကို တွေ့ရှိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ဇန်နဝါရီလ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက ဝင်ရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ရွှေဖီမြေသတင်းဌာနမှဖော်ပြထားသောသတင်း – https://shorturl.at/BdguR

သျှမ်းသံတော်ဆင့်သတင်းဌာနမှဖော်ပြထားသောသတင်း – https://bit.ly/4q1FNZB

အဆိုပါသတ်ဖြတ်ခံရသည့် ဆရာတော်သည် ဝမ်းဗိုက်တွင် ဓားဒဏ်ရာ (၁၂) ချက် ထိုးနှက်ထားသည့်အပြင် ဦးခေါင်းကိုလည်း တူဖြင့် ထုရိုက်ကာ သွားများကိုပါ ရိုက်ချိုးထားသည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ သျှမ်းသံတော်ဆင့်နှင့် ရွှေဖီမြေသတင်းဌာနတို့က ဖော်ပြထားသည်။

သို့သော် သတင်းဌာန၏ ဖော်ပြချက်တွင် “အမည်မသိလူတစ်စု” ဟုသာ ဖော်ပြထားပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ လုပ်ကြံမှုနှင့် ပတ်သက်၍ လက်ရှိ လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် စစ်ကော်မရှင်ဘက်က
တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသလို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

သုံးသပ်ချက်

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ခိုင်လုံသော သက်သေအထောက်အထား မထွက်ပေါ်လာ သေးမီမှာပင် ဘာသာရေးနှင့် နိုင်ငံရေး အမြင်မတူမှုများကို အသုံးချကာ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လိုရာဆွဲ ရေးသားနေခြင်း ဖြစ်သည်။

ထိုကြောင့် “လားရှိုးမြို့ ဆရာတော်လုပ်ကြံခံရမူမှာ တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်” ဆိုသည့် အကြောင်းအရာသည် “အထောက်အထားမရှိသည့် သတင်းအမှား”သာ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စားဖတ်ပရိတ်များအနေဖြင့်လည်း သတင်းများကို ဖတ်ရှုရာတွင် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်များကို ဖတ်ရှုကြပါရန် တိုက်တွန်းအပ်သည်။

တယ်လီဂရမ်ရှိ စစ်တပ်ဝါဒဖြန့်ချန်နယ်များမှ ရေးသားချက်များကို အလွယ်တကူ မယုံကြည်ကြပါရန်နှင့် ထပ်ဆင့်မဖြန့်ဝေကြပါရန် တိုက်တွန်းအပ်ပါသည်။

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .