အတုအယောင် ရွေးကောက်ပွဲမို့ ပြည်သူတွေကို ခြိမ်းခြောက် နှုတ်ပိတ်ထားပါတယ်
Share:FacebookX

အတုအယောင် ရွေးကောက်ပွဲမို့ ပြည်သူတွေကို ခြိမ်းခြောက် နှုတ်ပိတ်ထားပါတယ်

ပုံစာ - စစ်ကော်မရှင် ရွေးကောက်ပွဲ ဗဟိုလုံခြုံရေးကော်မတီ သတ္တမအကြိမ်အစည်းအဝေး။ Photo - MOI.

ပြည်သူလူထု လွတ်လပ်စွာ ထုတ်ဖော်ပြောဆို မဝေဖန်ရဲအောင် ခြိမ်းခြောက်ဖမ်းဆီးအရေးယူပြီး စစ်အုပ်စုက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းခွဲ ကျင်းပခဲ့ပြီး ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်မှာတော့ နောက်ဆုံးအပိုင်းကို ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားမှုအားနည်းသလို ဝေဖန်ပြောဆိုကြဖို့ တွန့်ဆုတ်ခဲ့ကြတာ တွေ့ရပါတယ်။ ပြည်သူတွေကို တင်မကပဲ ဝေဖန်ပြစ်တင်မှုတွေကြားက ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ ကိုတောင် လွတ်လပ်စွာ မဲဆွယ်ခွင့်မပြုဘဲ စကားအထအနကောက်ပြီး အရေးယူခဲ့တာတွေ ရှိပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့်တွေ အလွန်တရာ ချိုးဖောက်ထားတဲ့ ရွေးကောက်ပွဲလို့ ကင်ပွန်းတပ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အဓိကပါတီကြီး NLD နဲ့ အင်အားကြီး တိုင်းရင်းသားပါတီတွေလည်း မပါဝင်တဲ့ ပါတီမစုံ ရွေးကောက်ပွဲ၊ စစ်အုပ်စုက ရွေးကောက်ပွဲ စည်းမျဉ်းတွေကို စိတ်ကြိုက် ပြင်ဆင်ပြီး မမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့တာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေတာတွေ မလုပ်နိုင်အောင် ဖမ်းဆီးပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ပြီးတော့လည်း ပိတ်ပင်တားဆီးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ ပါတီလည်းမစုံ၊ မျှလည်းမမျှတ၊ လွတ်လည်း မလွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းပြီး ပြည်သူကို နှုတ်ပိတ်

စစ်အုပ်စုဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ မဝေဖန်နိုင်အောင် ရွေးကောက်ပွဲကျင်းပဖို့ ၅လအလို ၂ဝ၂၅ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်သည့် ဥပဒေ” လို့ အဲဒီ ဥပဒေကို အမည်တပ်ထားပါတယ်။ ရွေးကောက်ပွဲကို ဆန္ဒမပြရ၊ ဆန့်ကျင် မဟောပြောရ၊ မလှုံ့ဆော်ရ၊ မစည်းရုံးရ၊ စာရေးပြီး မဖြန့်ဝေရ တားမြစ်ထားပါတယ်။

ဒါ့အပြင် မဲဆန္ဒရှင်၊ မဲရုံဝန်ထမ်း၊ ကိုယ်စားလှယ်လောင်း၊ ကော်မရှင်အဖွဲ့ဝင်တွေကို နှောင့်ယှက်ဟန့်တားတာ မလုပ်ရ၊ ထိခိုက်အောင် မလုပ်ရ၊ မဲဆွယ်မှုကို မဟန့်တားရ၊ မဲပုံး၊ မဲပေးစက်တွေကိုလည်း မဖျက်ဆီးရဆိုပြီး တားမြစ်ထားပါတယ်။

ပြစ်ဒဏ်တွေဆိုရင်လည်း ထောက်တစ်သက်၊ သေဒဏ်အထိပါ ချနိုင်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ပြည်သူတွေ လွတ်လပ်စွာပြောဆိုခွင့်တွေကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု ပြဋ္ဌာန်းတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

လင့်ခ် – https://archive.ph/PyOwy

ကျော်ကြားသူတွေကို အရေးယူပြီး အကြောက်တရားရိုက်သွင်း

ဥပဒေပြဋ္ဌာန်းပြီး တစ်လအကြာမှာပဲ ပြည်သူလူထုကို စတင်ဖမ်းဆီးထောင်ချပါတော့တယ်။

၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ရက်မှာ စစ်ကော်မရှင်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ရောက်နေတဲ့ လားရှိုးမြို့က စစ်ဘေးရှောင် အမျိုးသားတစ်ဦးကို အဲဒီဥပဒေနဲ့ ပထမဆုံး ဖမ်းဆီးပြီး ထောင်ခုနစ်နှစ် ချလိုက်ပါတယ်။

စစ်အာဏာရှင်တပ် ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ သေနတ်ပစ်ခတ်ပြီး ကားလုယူတဲ့ဖြစ်စဉ်မှာ Lashio Baegyi အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်က မျှဝေရာမှာ ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်၍ ဝေဖန်ရေးသားလိုက်လို့ ဖမ်းဆီးတာပါ။

အဲဒီအကြောင်းအရာကို​ Myanmar Fact Checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် (Shan News) က သတင်း ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/jFsrU

နောက်တစ်ဆင့်အနေနဲ့ စစ်ကော်မရှင်ဟာ နာမည်ကျော်ကြားတဲ့သူတွေနဲ့ အနုပညာရှင်တွေကို ထပ်မံအရေးယူပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တစ်ဆင့်တိုး ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မိုက်တီး ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် နဲ့ ဟာသလူရွှင်တော် အုန်းဒိုင်းတို့ကို ဖမ်းဆီးပြီး ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခဲ့တာပါ။ အဲဒီအရေးယူမှုနဲ့ ပတ်သက်လို့ စစ်အုပ်စု ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/62WWY

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စီစဥ်ရိုက်ကူးတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

အလားတူ ဒါရိုက်တာအောင်ချမ်းလူနဲ့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်တို့ကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အဲဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/WDtvO

သူတို့နှစ်ဦးကိုတော့ အထက်ဖော်ပြပါ ဝါဒဖြန့်ဇာတ်လမ်းတိုကို ဝေဖန်တဲ့ ပိုစ့်တစ်ခုနဲ့ ခေတ်သစ်သတင်းဌာနရဲ့ ပိုစ့်တစ်ခုမှာ love Reaction ပြုလုပ်ထားတယ်ဆိုပြီး ဖမ်းဆီးတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဝေဖန်ဖို့ မဆိုလင့် Facebook ပို့စ်မှာ Reaction ပြုလုပ်ရင်နဲ့ကို ဖမ်းဆီးအရေးယူပြပြီး အကြောက်တရား ရိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေဟာ သတင်းဌာနတွေက တင်ဆက်တဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းတွေကို စောင့်ကြည့် ဖတ်ရှူနေပေမယ့် Reaction ပင် မဝေးဝံ့တော့ဘူးလို့ ရင်ဖွင့်ကြပါတယ်။

“သတင်းတွေတော့ ဖတ်နေပါတယ်။ ဒါပေမဲ့ like တောင် မပေးရဲဘူး။ ကိုယ်တိုင်မြို့ပေါ်မှာနေရတော့ မြို့ထဲသွားလာနေရင် စစ်သားတွေနဲ့ တွေ့နေရတော့ ဖုန်းစစ်ရင် ကိုယ် like လုပ်ထားတာ ပြန်တွေ့သွားတာမျိုး စိတ်ပူတယ်” ဟု Dawei Watch ရဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်ဝန်းကျင် ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြည်သူတွေကို ထောင်ထဲထည့်

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ခုနစ်လအတွင်း ပြည်သူ လေးရာကျော်ကို အမှုဖွင့်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ထောင်ဒဏ် နှစ် ၅၀ နီးပါးအထိ ပြစ်ဒဏ်ချတာတွေလည်း တွေ့ရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်အထိ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရတော့ အမှုဖွင့်အရေးယူမှု ၃၃၁ မှာ အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦးရှိတယ်လို့ တွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အဲဒီအကြောင်းအရာပါဝင်တဲ့ စစ်ကော်မရှင် ထုတ်ပြန်ချက်ဖော်ပြချက်လင့်ခ် – https://archive.ph/jqlEH

ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြခဲ့တဲ့ လူငယ်သုံးဦးကို နှစ် ၅၀ နီးပါး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျော်ကြားသူတွေ ဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ အုန်းဒိုင်းတို့ဟာလည်း ထောင် ခုနစ်နှစ် ချမှတ်ခံရပါတယ်။

အဲဒီအကြောင်းအရာကို ဖော်ပြထားတဲ့ RFA သတင်းဌာနရဲ့ သတင်းလင့်ခ် https://shorturl.at/NPdSX

ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာ အောင်ချမ်းလူတို့ကို ထောင် ၇ နှစ်စီချခံခဲ့ပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ BBC မြန်မာပိုင်းက ဖော်ပြတဲ့သတင်းလင့်ခ် – https://shorturl.at/dFxKQ

အဲဒီလိုနာမည်ကျော်ကြားသူတွေ အရေးယူခံရပြီးတဲ့နောက် လူမှုကွန်ရက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆို တာ မတွေ့ရတော့ဘူးလို့ အရင်က လူမှုကွန်ရက်မှာဝေဖန်ထောက်ပြမှုတွေလုပ်လေ့ရှိတဲ့ စာရေးသူတစ်ဦးက ပြောပါတယ်။

“ဒါရိုက်တာ မိုက်တီးတို့ကို ဖမ်းပြီးတဲ့နောက်မှာ လိုင်းပေါ်မှာ ရွေးကောက်ပွဲအကြောင်း (ဝေဖန်) ပြောတာမျိုး လုံးဝ မတွေ့ရတော့ဘူး” လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ဦးရေ ၉၀ နီးပါးရှိတယ်လို့ Data for Myanmar က စုစည်းဖော်ပြထားပါတယ်။ အခုဆိုလျှင် ဖမ်းဆီးခံထားရသူဟာ အဲဒီပမာဏထက် ပိုများနေနိုင်ပါတယ်။

Data for Myanmar ရဲ့ ဖော်ပြချက်လင့်ခ် – https://shorturl.at/U8VPM

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ၊ အာရက္ခတပ်တော် (AA) ၊ PDF တွေနဲ့ သတင်းသမားတွေ ကိုလည်း ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်တာမျိုး ရှိပါတယ်။

တနင်္သာရီတိုင်းမှာဆိုရင်လည်း အမှုဖွင့်ခံထားရသူ ငါးဆယ်ကျော်ရှိပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watch သတင်းလင့်ခ် – https://shorturl.at/xSWxg

အမတ်လောင်းတွေလည်း လွတ်လပ်စွာ မဲဆွယ်ခွင့်မရ

စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကို ပြောင်ပြောင် တင်းတင်း မဲဆွယ်ပေးသလို ကျန်ပြိုင်ဘက်ပါတီရဲ့ ကိုယ်စားလှယ်တွေလည်း စောင့်ကြည့်ပြီး လက်ထောက်ချ ဖမ်းခိုင်း အရေးယူခိုင်းတာမျိုးတွေလုပ်ခဲ့ကြတာကို စိစစ်တွေ့ရှိရပါတယ်။

သာဓကအနေနဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) က ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာ Titkok ပေါ် ဖော်ပြတဲ့ ရုပ်သံတစ်ခုမှာ “လူထုအရေးတော်ပုံ” ဆိုတဲ့ စကားလုံးကို သုံးမိလို့ဆိုပြီး အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ Myanmar Now က သတင်းဖော်ပြထားတဲ့လင့်ခ် – https://shorturl.at/H47wn

ဦးလွင်မြင့် ဖမ်းဆီးအရေးယူဖို့ စတင်လှုံ့ဆော်တာကတော့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေပဲ ဖြစ်ပါတယ်။ဦးလွင်မြင့် ပြောဆိုချက်နဲ့ပတ်သက်ပြီး အရေးယူဖို့ စတင်ဖြန့်ဝေခဲ့တာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/1FmJD

လွှတ်တော်ကိုယ်စားလှယ်လောင်း​တွေ ပယ်ဖျက်ခံရတာလည်း ရှိပါတယ်။ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာမှာ တစ်သီးပုဂ္ဂလဝင်ပြိုင်တဲ့ ဦးတင်ထူးအောင်၊ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် (၁) ကနေ လေဘာပါတီ ကိုယ်စားဝင်ပြိုင်တဲ့ ဦးကျော်သူရ (ခ) မာမတ်အာနီဆူရာမန် တို့ဖြစ်ပါတယ်။ ဦးတင်ထူးအောင်က AA နဲ့ ဆက်နွှယ်လို့၊ ဦးကျော်သူရက CDM လှုပ်ရှားမှုကို အားပေးလို့ ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြပါတယ်။

၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ CDM လှုပ်ရှားမှုကိုထောက်ခံကြောင်း လူမှုကွန်ရက်မှာရေးသားခဲ့ တာကို ပြန်လည်ရှာဖွေပြီး ဦးကျော်သူရကိုအရေးယူဖို့ စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်ပြီးနောက်မှာ အခုလို ပယ်ဖျက်ခံရတာပါ။ ဟန်ငြိမ်းဦး အမည်နဲ့ ဝါဒဖြန့်ချန်တယ်က လှုံ့ဆော်ခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ်- https://archive.ph/XbD4E

ဒါ့အပြင် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ထားတဲ့အထဲမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်နေပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြထားတဲ့ ရုပ်သံလင့်ခ် – https://shorturl.at/iC7LE

စစ်ကော်မရှင်ဟာ လူမှုကွန်ရက်ကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့ပြီး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် တွေရဲ့ စောင့်ကြည့်လှုံ့ဆော်တာတွေကို လိုက်ပါ အရေးယူတာတွေနဲ့ ပတ်သက်လို့ DVB Factcheck team က စုစည်းဖော်ပြထားတဲ့ ရုပ်သံကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

DVB ရုပ်သံလင့်ခ် – https://shorturl.at/nexkB

မဝေဖန်ရဲအောင် နည်းပေါင်းစုံနဲ့ ခြိမ်းခြောက်

စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဝေဖန်ရဲအောင် ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေကအပြင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကပါ ဇာတ်လမ်း၊ စာတို ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်လမ်းဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ကနေ ရွေးကောက်ပွဲကို ပြည်သူတွေ မဝေဖန်ရဲအောင် တည့်တိုး ခြိမ်းခြောက်ခဲ့တာကို အထင်အရှားတွေ့ရပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တင်လာတဲ့ ပိုစ်တွေကို မင်းတို့ ပေါက်ကရတွေ လျှောက်မရေးနဲ့နော်။ ဥပဒေ ထုတ်ထား ပြီးသား၊ အကုန် နားကားသွားမယ်” လို့ သရုပ်ဆောင် အောင်ခိုင်က အဲဒီဇာတ်လမ်းတိုမှာ ပြောဆိုခဲ့တာပါ။

အဲဒီရုပ်သံဇာတ်လမ်းတိုမှာ ပါတဲ့အကြောင်းအရာတွေကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက “ရွေးကောက်ပွဲကို မဝေဖန်ရဲအောင် စစ်တပ်ခြိမ်းခြောက်” ဆိုပြီး ရုပ်သံသတင်း ဖော်ပြခဲ့ပါတယ်။ ရုပ်သံလင့်ခ် – https://shorturl.at/hFPWJ

ဒါ့အပြင်သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကလည်း ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်လောက်ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုကို ကိုးကားဖော်ပြနေပါတယ်။ ရွေးကောက်ပွဲ ဖျက်ဆီးမယ့်သူတွေကို သတိပေးပြောဆိုထားတဲ့ အကြောင်းအရာကို ကိုးကား ဖော်ပြတာလည်း ဖြစ်ပါတယ်။

အဲဒီမိန့်ခွန်းကို စစ်ကော်မရှင် လက်အောက်ခံ MRTV ဝက်ဘ်ဆိုက် ရဲ့ ဖော်ပြချက် – https://archive.ph/C44CE

မြန်မာ့အလင်း ဖြတ်ပိုင်း

 

အဲဒီလို ဗိုလ်ချုပ်မိန့်ခွန်းကို လိုရာဆွဲယူ အသုံးချပြီး ခြိမ်းခြောက်တာက ခေတ်ကာလအနေအထား မတူညီတာကြောင့် မသင့်လျော်ဘူးလို့လည်း ထောက်ပြဝေဖန်မှုတွေရှိပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာနက “ဗိုလ်ချုပ်အောင်ဆန်း၏ ရွေးကောက်ပွဲမိန့်ခွန်းသုံး၍ ပြည်သူကို ခြိမ်းခြောက်” ခေါင်းစဉ်နဲ့ ဖော်ပြတဲ့ သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ သတင်းလင့်ခ် – https://shorturl.at/LRLdb

စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကလည်း ပြည်သူတွေကို သတိပေးခြိမ်းခြောက်တာတွေကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့အကြောင်း ဖြန့်ဝေတာမျိုးကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ “မှိုင်းဝေ” နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖော်ပြတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/f1su0

ရွေးကောက်ပွဲကို ဝေဖန်ဖို့ ပြည်သူတွေ စိုးရိမ်

စစ်ကော်မရှင်ဟာ အွန်လိုင်းစောင့်ကြည့်မှုအပြင် ပါတီမဲဆွယ်ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ရင်လည်း ဆတ်ဆတ်ထိမခံ အရေးယူခဲ့ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကာလမှာ မဲဆွယ်ဆိုင်းဘုတ်ရှေ့ကပင် မဖြတ်ရဲကြောင်း ရန်ကုန်မြို့နေသူတစ်ဦးက ဆိုပါတယ်။

“သတင်းတွေမှာ ဖတ်ရတယ်။ မတော်တဆ ထိခိုက်မိတာလည်း အရေးယူခံရတယ်ဆိုတော့ ကိုယ်က မဲဆွယ်ဆိုင်းဘုတ် ရှေ့က ဖြတ်လျှောက်နေတုန်း သူ့အလိုလို ပြိုကျလာရင် အရေးယူခံရမှာကြောက်လို့ ဖြတ်တောင် မလျှောက်ရဲဘူး” လို့ သူက ပြောပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသတင်းစုံတဲ့ ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင် စကားဝိုင်းတွေမှာလည်း ရွေးကောက်ပွဲ အကြောင်း မပြောရဲကြဘူးလို့ အသက် ၅၀ ဝန်းကျင် ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ကိုယ့်အသိမိတ်ဆွေအချင်းချင်း ထိုင်နေရင်တော့ နည်းနည်းပြောရဲတယ်။ နံဘေးမှာ သူစိမ်းတွေများလာပြီဆိုရင်တော့ အဲဒီ (ရွေးကောက်ပွဲ) အကြောင်းတွေကို ထိန်းလိုက်ရတာပေါ့ ” လို့ သူက ပြောပါတယ်။

စစ်တပ်အုပ်ချုပ်နေတဲ့ကာလမှာ လွတ်လပ်စွာ​ပြောဆိုခွင့်တွေ လူ့အခွင့်အရေးတွေဆိုတာ အိပ်မက်တောင်မက်လို့မရတဲ့အရာတွေ ဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

ဒါ့အပြင် အရင်က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖူးသူတွေလည်း ရွေးကောက်ပွဲကို မဝေဖန်ရဲဘူးလို့ ထားဝယ်ခရိုင်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းတစ်ခုမှာ ထဲထဲဝင်ဝင်လုပ်ဖူးသူ တစ်ဦးက ပြောပါတယ်။

” အမှန်တိုင်းပြောရမယ်ဆို မဲထည့်မယ့်နေရာတောင် မရောက်ဖူးသေးဘူး။ အခုလုပ်နေတဲ့ရွေးကောက်ပွဲက ဘယ်လို လုပ်နေသလဲတောင် မသိဘူး။ ပတ်ဝန်းကျင်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြတာ မတွေ့ရဘူး။ ကိုယ်တိုင်လည်းမလုပ်ဘူး” လို့ သူက ဆိုပါတယ်။

သတင်း သိပိုင်ခွင့်တွေဆုံးရှုံး

စစ်ကော်မရှင် ရွေးကောက်ပွဲ ကျင်းပတဲ့ကာလထဲမှာ မြန်မာပြည်တွင်း အင်တာနက် ကောင်းစွာရရှိမနေပါဘူး။ အချို့ဒေသတွေမှာဆိုရင် လုံးဝဖြတ်တောက်ခံထားရတာမျိုးတောင် ရှိပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မကျင်းပခင်ကဆိုရင် ရန်ကုန် အပါအဝင် နိုင်ငံတဝန်း အင်တာနက် ဆိုးဆိုးဝါးဝါး နှေးကွေး ပြတ်တောက်ခဲ့ တာကြောင့် ပါတီတွေဘက်က မဲဆွယ်ရအခက်အခဲရှိတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်း မြို့နယ်ပေါင်း ၁၃၂ မြို့နယ်မှာ အင်တာနက်ဖြတ်တော်ခံထားရတယ်လို့ အသံအဖွဲ့က ဖော်ပြချက်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနက သတင်းဖော်ပြထားပါတယ်။ အဲဒီပမာဏဟာ မြန်မာနိုင်ငံ မှာရှိတဲ့ မြို့နယ်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်း အင်တာနက်ပြတ်တောက်ပြီး သတင်းသိပိုင်ခွင့် ဆုံးရှူံးနေတာတွေ့ရပါတယ်။

ဧရာဝတီသတင်းဌာန သတင်းလင့်ခ် – https://shorturl.at/BkAzh

Data for Myanmar ကလည်း အင်တာနက်တွေပြတ်တောက်နေတဲ့ ကချင် ၊ ကရင်နီ (ကယား)၊ ရခိုင် ၊ ရှမ်းမြောက် ၊ စစ်ကိုင်း စတဲ့ဒေသတွေက ပါတီတွေ ၊ ကိုယ်စားလှယ်တွေက အင်တာနက်ကနေ မဲဆွယ်ရဖို့ အခက်အခဲရှိခဲ့သလို မဲဆန္ဒရှင်တွေ ကလည်း အင်တာနက်မရခဲ့တာကြောင့် ကြည့်ရှူခွင့်မရတဲ့အကြောင်း သူတို့ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြပါတယ်။

Data for Myanmar ရဲ့ အစီရင်ခံစာ – https://wMJfJG.short.gy/d4m-report-22-mya

အခု စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ပြည်သူကို နှုတ်ဆိတ်သွားအောင် ခြိမ်းခြောက်အရေးယူခဲ့တာကြောင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု မဟုတ်ဘူးလို့ ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ပြန်ကြားရေး တာဝန်ခံက အခုလိုပြောပါတယ် ။

“ဒီမိုကရေစီစနစ် ရွေးကောက်ပွဲတစ်ခုရဲ့ အခြေခံက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိရမယ်။ နိုင်ငံရေးတွေ ဘာတွေ ထားဦး အခုက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တောင်မရှိတော့ ဒီရွေးကောက်ပွဲက လုံးဝမလွတ်လပ်ဘူးပေါ့”

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .