သံတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ပြည်သူများကို အေအေတပ်သားများဆိုကာ သတင်းမှားဖြန့် 
Share:FacebookX

သံတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ပြည်သူများကို အေအေတပ်သားများဆိုကာ သတင်းမှားဖြန့် 

3 Jan 2026

Fact check

MFCN/ The Akyab Post

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်က အေအေစခန်းကို စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့၊ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အေအေတပ်သားဆယ်နဲ့ချီတွေ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိတယ်ဆိုပြီး ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ချန်နယ် ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ  “သံတွဲက ရခိုင်စခန်းချနေရာကို ဗုံးကြဲ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီးရွာ AA စုဖွဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်လို့ အကြမ်းဖက်ရခိုင်သူပုန်  ၉ ဦး သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ငပလီမြို့ လင်းသာရပ်ကွက်နဲ့  ကျင်းကန်ကြီးရွာကို မနေ့ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီမှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “AA  ၉ ယောက်လောက်က သေတယ်။ ၁၆ ယောက် သေလုမျောပါဖြစ်နေတယ်။ အကုန်လုံးက AA တွေချည်းပဲ လို့ သံတွဲဒေသခံတစ်ဦးက UNION  သို့ ပြောပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဖြန့်ချိထားပါတယ်။ 

ဖြန့်ဝေထားတဲ့ ပို့စ် >>> – https://archive.md/R8Gur 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေစပြီး Akyab Post ကနေ စစ်ဆေးထားတဲ့ ဇန်နဝါရီလ ၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၆၅၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၉၁၂ ဦးနဲ့ comment ပေးသူ ၁၀၉ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံံ့နှံ့လျက်ရှိပါတယ်။​

https://archive.md/E0i3u 

https://archive.md/TSwOs 

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သံတွဲမြို့ လေကြောင်း တိုက်ခိုက်မှုအတွင်းမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ  အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေဖြစ်နေတာကို တွေ့ရပါတယ်။ 

သတင်းစိစစ်ချက်

ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Kyaw Swar ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ “သံတွဲလေကြောင်းတိုက်ခိုက်မှု” ဆိုတဲ့ keywords နဲ့ google မှာ ရိုက်ပြီး ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now ကနေ “ငပလီကမ်းခြေ လေကြောင်းတိုက်ခိုက်မှု ၉ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ” လို့ ၂၀၂၅  ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။ 

Myanmar Now ရဲ့ ရေးသားဖော်ပြချက်တွေအရ  သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်က ကျင်းကန်ကြီးရွာကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီခန့်က စစ်တပ်မှနေ လေယာဉ်ဖြင့် ဗုံးကြဲတာကြောင့် လေးနှစ်သမီး အပါအဝင် ဒေသခံ ကိုးဦးသေဆုံးသည့်အပြင် ၁၄ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးသွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

Myanmar Now ရဲ့ သတင်း>>> https://bit.ly/4bdlmFh 

ဒါ့အပြင် ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Irrawaddy ကနေလည်း “သံတွဲ ဗုံးကြဲခံရမှု ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ဦးသေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။ 

The Irrawaddy သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း သံတွဲမြို့ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့  ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၉ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ တယ်လို့  ရေးသားဖော်ပြထားပါတယ်။

 The Irrawaddy ရဲ့ သတင်း>>>> https://bit.ly/49gkrRR 

ဒီသတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းမီဒီယာဖြစ်တဲ့ DMG နဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း သံတွဲမြို့ကို စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံတွေ သေဆုံးမှုရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

BBC Burmese ရဲ့ သတင်း>>> https://bit.ly/45fyl5R  – 

DMG ကဖော်ပြထားတဲ့သတင်း>>> https://bit.ly/49gkFbF  – 

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ စစ်ကောင်စီမှနေ သံတွဲမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  သေဆုံးတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်နေပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေဟာလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖြန့်ထားသလို အေအေတပ်သားတွေမဟုတ်ကြဘဲ အရပ်သားပြည်သူတွေသာ ဖြစ်ပါတယ်။ 

သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး သံတွဲမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သေဆုံးတဲ့သူတွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်ပြီးတော့ သေဆုံးတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်နေတာတွေ့ရပြီးတော့ ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ သေဆုံးတဲ့သူတွေဟာ အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ရေးသားထားတာကို မတွေ့ရှိရပါဘူး။ 

ဒီအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေကနေ အရပ်သားတွေ သေဆုံးတာကို အေအေတပ်သားတွေပါဆိုပြီး မှန်ကန်တိကျမှုမရှိတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။​ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်ခဲ့ကြပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

(၁) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားသော နေအိမ်များမှာ အေအေနိုင်ငံရေးမှုးများ၏ နေအိမ်ဆိုကာ သတင်းအမှားဖြန့် >>> https://bitly.cx/ahf2  

(၂) မြောက်ဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်သားများသေဆုံးဆိုကာ စစ်ကောင်စီချန်နယ်များ သတင်းမှားဖြန့်>>> https://bitly.cx/tdwxm 

လက်ရှိရခိုင်ဒေသတွင်းမှာလည်း ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork   

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .