ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့ စစ်ရှောင်တွေကို PDFတွေလို့ စစ်ကော်မရှင်ဝါဒဖြန့်
ဇန်နဝါရီလ၊ ၂ရက်။
(Fact Check_DNA)
အနှစ်ချုပ်
“မိုးကုတ်မှ ထွက်ပြေးသည့်အကြမ်ဖက်များခိုအောင်းနေသည့် ဒီပဲယင်း၊ မူးကမ်းကြီးရွာကို လေကြောင်းကတိုက်ခိုက်ရာ အနည်းဆုံး ၁၀ ဦးခန့် ထိခိုက်သေဆုံး” (မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့အကြောင်းအရာက လိမ်ညာလှည့်ဖြားရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားသာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာမှာ မိုးကုတ်က တိမ်းရှောင်လာတဲ့ PDFတွေရှိတာကြောင့် စစ်ကော်မရှင်တပ်တွေကနေ လေကြောင်းကတဆင့် မနေ့ကဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းအရာကို စစ်တပ်လော်ဘီချန်နယ်တခုဖြစ်တဲ့ မဏ္ဍိုင်မီဒီယာဆိုတဲ့ တယ်လီဂရန်ချန်နယ်က “မိုးကုတ်မှ ထွက်ပြေးသည့်အကြမ်ဖက်များခိုအောင်းနေသည့် ဒီပဲယင်း၊ မူးကမ်းကြီးရွာကို လေကြောင်းကတိုက်ခိုက်ရာ အနည်းဆုံး ၁၀ ဦးခန့် ထိခိုက်သေဆုံး”လို့ (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့်ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့် https://archive.ph/65tPa
အဲ့ဒီပျံ့နှံ့လာတဲ့အကြောင်းရာနဲ့ပါတ်သတ်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ အာဏာသိမ်းစစ်ကော်မရှင်တပ်ကနေ စစ်ရှောင်တွေနေထိုင်တဲ့ မူးကမ်းကြီးကျေးရွာက စာသင်ကြောင်းကို လေကြောင်းကတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းကို ဇန်နဝါရီ ၁ ရက် ည ၇ နာရီခွဲမှာ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ခုနှစ်ဦးထိိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ အကြောင်းကို The Irrawaddy မှာ သတင်းဖော်ပြထားပါတယ်။
The Irrawaddy မှာဖော်ပြထားတဲ့ သတင်းလင့် >>> https://shorturl.at/wxhJa
အဲ့ဒီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဂျက်လေယာဥ်ဟာ မူးကမ်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ဖို့ တံတားဦးလေတပ်ကနေ တက်လာတာဖြစ်ပြီး စစ်ဘေးရှောင်တွေ၊ စစ်ရှောင်နေတဲ့ စာသင်ကြောင်းပေါ်တည့်တည့်ကို ဗုံးနှစ်လုံးကြဲချပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ DVB-TV News ကနေလည်း သတင်းဖော်ပြထားပါတယ်။
DVB-TV News မှာဖော်ပြထားတဲ့ သတင်းလင့်>>>https://shorturl.at/prRpO
မိုးကုတ်မှာ စစ်ရေးပြင်းထန်နေတာကြောင့် မိုးကုတ်နေပြည်သူတွေက ဒီပဲယင်းကို စစ်ဘေးရှောင်လာတာဖြစ်ပြီး ဒီပဲယင်းရဲ့၊ မူးကမ်းကြီးကျေးရွာမှာရှိတဲ့ စာသင်ကျောင်းမှာ စစ်ဘေးခိုလှုံနေတဲ့အချိန်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ BBC Burmese သတင်းဌာနက သတင်းရေးသားထားပါတယ်။
BBC Burmese သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် >>> https://shorturl.at/ignWq
သတင်းသုံးသပ်ချက်
ဒီပဲယင်း၊ မူးကမ်းကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်ကလေကြောင်းကတဆင့် ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
စစ်တပ်လော်ဘီချန်နယ်တွေမှာ ထိခိုက်ခဲ့တဲ့ ပြည်သူတွေကို PDFတွေလို့ ရေးသားဖြန့်ဝေနေပြီး အရပ်သားထိခိုက်သေဆုံးမှုကို ဖုံးကွယ်ဖို့ကြိုးစားနေကြတာပါ။
ဒါကြောင့် ဒီပဲယင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေက စစ်ဘေးရှောင်ပြည်သူတွေသာဖြစ်ပြီး မိုးကုတ်က တိမ်းရှောင်လာတဲ့ PDFတွေဆိုတဲ့အကြောင်းအရာမှာ လိမ်ညာလှည့်ဖြားရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှားသာဖြစ်ပါတယ်။
စစ်လော်ဘီတွေဟာ အရင်ကလည်း အရပ်သားတွေအပေါ်ကို လေကြောင်းတိုက်ခိုက်မှုအပေါ်ကို ဖုံးကွယ်ဖို့ အတွက် သတင်းအမှားတွေနဲ့ ဝါဒဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်းအရာတွေထဲက တချို့ကို MFCN အဖွဲ့ဝင်တွေက အချက်အလက်စိစစ်ထားတာတွေကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။
စစ်ဘေးရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် ပြည်သူများသေဆုံးမှုအား PDF များဟု စစ်လော်ဘီများ သတင်းအမှားဖြန့် >>> https://bit.ly/4q8qsY8
နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးသူတွေဟာ TNLAနဲ့ PDFတွေသာ ဖြစ်တယ်ဆိုတဲ့သတင်းမှား >>> https://bit.ly/49nItL3
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #မူးကမ်းကြီးကျေးရွာ #လေကြောင်းတိုက်ခိုက် #အရပ်သားပစ်မှတ် #လိမ်လည်လှည့်ဖြား #သတင်းမှားဝါဒဖြန့်







