စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပပါတယ်။
အဲဒီ ရွေးကောက်ပွဲ အပိုင်း ၁ မှာ နယ်စွန်နယ်ဖျားပါမကျန် ပြည်သူတွေ မဲပေးနေကြတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ချိနေပါတယ်။
Subscriber ပြုလုပ်သူ တစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ မှိုင်းဝေ ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး မြင်တွေ့ ပြီးသူ ခုနစ်ထောင်ကျော် ရှိပါတယ်။ အဲဒီဖြန့်ချိချက်ကိုပဲ MDY image ချန်နယ်က ထပ်ဆင့်ဖြန့်ချိထားတာကိုလည်း တွေ့ရပါတယ်။
မှိုင်းဝေချန်နယ်က ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/tlCiz
MDY image ချယ်နယ် ဖြန့်ချိတဲ့လင့်ခ် – https://archive.ph/7RRyB
အဲဒီလို ဖြန့်ချိမှုတွေနဲ့ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေသလို စစ်ကော်မရှင်ဘက်က ထုတ်ပြန်ပြောဆိုချက် တွေနဲ့လည်း ကွဲလွဲနေတာကို စိစစ်တွေ့ ရှိရပါတယ်။
မြို့နယ် ၆၀ကျော် ရွေးကောက်ပွဲမကျင်းပနိုင်
အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ မြို့နယ် ၆၅ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်က တရားဝင် ထုတ်ပြန် ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတာကြောင့် မြို့နယ်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။
ကနဦးမှာ မြို့နယ် ၅၆ ခုမှာ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ဘူးလို့ ကြေညာထားရာကနေ ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပဖို့ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်မှာလည်း နောက်ထပ် မြို့နယ် ၉မြို့နယ်ကို ထပ်တိုးကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်ထောင်ကျော်မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါထားပါသေးတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၉ ခု ထပ်တိုးတာနဲ့ပတ်သက်လို့ စစ်ကော်မရှင် ရဲ့ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/5RRPm
ပုံ ၁ တွင်ကြည့်ပါ ။

ဒါ့ကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ ခုအပြင် တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်တဲ့ ရပ်ကွက်ကျေးရွာ အုပ်စု စုစုပေါင်း ၄,၀၀၀ နီးပါးရှိလာတယ်လို့ BBC မြန်မာပိုင်းသတင်းဌာနက စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကားဖော်ပြထားပါတယ်။
ဒီပမာဏဟာ ခေတ်ဆက်ဆက် ရွေးကောက်ပွဲတွေထဲ မကျင်းပနိုင်မှုနေရာ စံချိန်တင် ပမာဏဖြစ်တယ်လို့ BBC မြန်မာပိုင်းရဲ့ သတင်းမှာ ဖော်ပြပါတယ်။
BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/yRYWU
ပုံ ၂ တွင်ကြည့်ပါ ။

နယ်စပ်ဒေသနဲ့ တော်လှန်ရေး အားကောင်းတဲ့ဒေသတွေမှာလည်း မကျင်းပနိုင်
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ် ၂၆၅ မြို့မှာတောင် မြို့နယ်လုံးပြည့် ကျင်းပနိုင်တဲ့ အခြေအနေ မရှိတာကြောင့် ကျေးရွာအုပ်စုအလိုက် မလုပ်နိုင်တဲ့ ကျေးရွာ၊ ရပ်ကွက် စာရင်းတွေ ကြေညာထားတာလည်း ရှိပါတယ်။
မြို့ပေါ်မှာကွက်ပြီး ကျင်းပမယ့်မြို့ ၁၆ မြို့ ၊ လုံးဝ မကျင်းပမယ့် မြို့ ၆၅ မြို့ နဲ့ မကျင်းပနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာ ၃၉၉၅ ခု ရှိတယ်လို့ စစ်ကော်မရှင် ထုတ်ပြန်ချက်တွေနဲ့ မြေပြင်အချက်အလက်တွေကို ကိုးကားပြီး DVB သတင်းဌာနက Infograph ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။
DVB Infograph လင့်ခ် – https://shorturl.at/ZdQ8t
ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ထဲက မြို့နယ် ၁၀၁ ခုမှာ ရွေးကောက်ပွဲကို အပြည့်မကျင်းပနိုင်ဘဲ တစ်စိတ်တစ်ဒေသပဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး CJ Platform သတင်းဌာနက ရုပ်သံသတင်းနဲ့ ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
CJ Platform ရဲ့ ရုပ်သံသတင်းလင့်ခ် – https://shorturl.at/2ApIN
တနင်္သာရီတိုင်းမှာဆိုရင်လည်း ရွေးကောက်ပွဲ အပိုင်း ၁ မှာ မြိတ်မြို့နယ်တစ်ခုပဲ မြို့နယ်လုံးကျွတ် ကျင်းပနိုင်ပြီး ထားဝယ်၊ ဘုတ်ပြင်းနဲ့ ကော့သောင်း မြို့နယ်သုံးခုကတော့ ကျေးရွာအုပ်စုလေးဆယ်နီးပါး ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။
တနင်္သာရီတိုင်းက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု အများစုကတော့ ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်ကြသလို တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေလည်း ပါပါတယ်။ အဲဒီအကြောင်းအရာတွေကို Dawei Watch က ဒီဇင်ဘာလ ၈ ရက်က သတင်းဖော်ပြထားပါတယ် ။
Dawei Watch သတင်းလင့်ခ် – https://tinyurl.com/y4ncdv6u
ဝေးလံခေါင်ဖျား ဒေသတွေမှာ မဲပေးနိုင်အောင် မစီစဥ်နိုင်ဘူးလို့ ဝန်ခံ
ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ၆၅ မြို့နယ်မှာ မြို့နယ်စုစုပေါင်း ၃၃၀ ရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်ပေမယ့် လူဦးရေသိပ်သည်းဆ နည်းပါးတဲ့ ဝေးလံခေါင်ဖျားဒေသတွေဖြစ်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ရေးသား ဖော်ပြထားပါတယ်။
စစ်ရေး ပဋိပက္ခကြောင့် အဲဒီဒေသခံတွေဟာ တခြားဒေသနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းသွားကြသူများ ရှိနေတာ ကြောင့် လက်တွေ့မြေပြင်တွင် နေထိုင်သူမှာ သန်းခေါင်စာရင်း မှန်းဆချက်ထက် များစွာလျော့နည်းနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအကြောင်းအရာတွေပါဝင်တဲ့ စစ်ကော်မရှင် ပြန်ကြားရေးဌာန ကဖော်ပြခဲ့တဲ့ ” မြန်မာ့စာမျက်နှာသစ် – ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ဆိုတဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://tinyurl.com/urtw2588
သုံးသပ်ချက်
စစ်ကော်မရှင်ဟာ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ မြို့နယ် ၁၀၂ ခုမှာ ကျင်းပနေပါတယ်။ ဒါပေမဲ့ အဲဒီ ၁၀၂ မြို့နယ် စလုံးမှာ လည်း မြို့ပြ၊ ကျေးလက် နေရာအစုံက မဲပေးခွင့်ရကြတာမဟုတ်ဘဲ ကွက်ကြား တစ်စိတ် တစ်ဒေသစီ ကျင်းပရတာမျိုး ဖြစ်ပါတယ်။
မြို့ပေါ်မှာပဲ အများစုကျင်းပနိုင်ပြီး နယ်စပ်ဒေသနဲ့ တော်လှန်ရေး အားကောင်းတဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်တာကြောင့် နယ်စွန်နယ်ဖျားက ပြည်သူတွေပါမကျန် မဲပေးနေကြတယ်ဆိုတဲ့ စစ်ကော်မရှင် ဝါဒဖြန့်သူတွေရဲ့ ရေးသားဖြန့်ချိမှုဟာ မြေပြင်နဲ့ရော စစ်ကော်မရှင်ရဲ့ ကြေညာချက်တွေနဲ့ပါ ကွဲလွဲမှုများရှိနေတာကို တွေ့ရပါတယ်။
စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု အားလုံးပါဝင်သယောင် အချိန်ကိုက် ဝါဒဖြန့်ချိမှု အဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







