MFCN/ The Akyab Post
27 Dec 2025
Fact-check
စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲထည့်ကြဖို့အတွက် လှုံ့ဆော်ထားကြတဲ့ အနုပညာရှင်တွေရဲ့ ဗီီဒီယိုဖိုင်အချို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
TikTok ပလက်ဖောင်းမှာ followers 20.1 K ရှိတဲ့ ‘truthwaves7” ဆိုတဲ့ အကောက်ကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ၂၀၂၅ ဒီဇင်ဘာရက်စွဲ တပ်ပြီးတော့ ဖြန့်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ “ဦးကျော်သူရဲ့ မဲပေးရေး ခံယူချက်” ဆိုတဲ့ စာသားနဲ့အတူ ၄၇ စက္ကန့်စာ ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ခဲ့တာပါ။
ဗီဒီယိုဖိုင်ထဲမှာတော့ သရုပ်ဆောင် ဦးကျော်သူက “ တိုင်းပြည်အတွက် အနစ်နာခံမဲ့ ဘယ်သူကိုမဆို မဲပေးရမယ်” ဆိုတယ် ပြောဆိုချက်ကို ပြောဆိုထားတာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယို>>> https://bit.ly/4aAJIJ4
အဲ့ဒီဗီဒီယိုဖိုင်ကို အခြား tik tok အကောင့်တွေဖြစ်တဲ့ “shwemm13” “နဂျီ” ဆိုတဲ့ အကောင့်တွေမှာလည်း ၂၀၂၅ ဒီဇင်ဘာ ရက်စွဲတပ်ပြီးတော့ ဆက်လက်ပြီး ဖြန့်ထားကြပါတယ်။ ဒါ့အပြင် facebook နဲ့ youtube ချန်နယ်တွေမှာလည်း ဒီဗီဒီယိုဖိုင်ဟာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
“Shwemm13” မှဖြန့်ဝေထားတဲ့အကြောင်းအရာ >>> https://bit.ly/4b3XgNe
နဂျီ မှဖြန့်ဝေထားတဲ့အကြောင်းအရာ >>> https://bit.ly/45jCdCB
နောက်ထပ် TikTok နဲ့ Youtube အကောင့် တစ်ခုဖြစ်တဲ့ “shwemm143” မှာလည်း တော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ “ဖြူဖြူကျော်သိန်း” “ခါရာ” တို့ရဲ့ ရုပ်ပုံတွေနဲ့ အတူ ၂၀၂၅ ဒီဇင်ဘာလ ရက်စွဲတပ်ပြီး “ခါရာနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ရွေးကောက်ပွဲပေါ်အမြင်” ဆိုပြီး ဗိီဒီယိုဖိုင်ကိုပါ ထပ်ဖြန့်ထားပါသေးတယ်။
TikTok မှာ ဖြန့်ဝေထားတဲ့အကြောင်းအရာ>>> https://bit.ly/4phaOIG
Youtube မှာ ဖြန့်ဝေထားတဲ့အကြောင်းအရာ>>> https://bit.ly/4pXJ1OI
TikTok ပလက်ဖောင်းမှာ ပျံ့နှံ့နေတဲ့ ၂၀၂၅ ဒီဇင်ဘာရက်စွဲတပ်ထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲထည့်ကြဖို့ လှုံ့ဆော်ထားကြသလို ဖြန့်ထားတဲ့ အနုပညာရှင်တွေရဲ့ ဗီီဒီယိုဖိုင်အချို့ကို MFCN အဖွဲ့ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဗီဒီယိုဖိုင်အဟောင်းတွေကို ဖြတ်ညပ်ကတ်လုပ်ပြီး စစ်အုပ်စုကနေ ဦးဆောင်ပြီး ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ် အနုပညာရှင်တွေက ထောက်ခံထားသယောင် ဖြန့်ချိထားတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
Youtube နဲ့ TikTok ပလက်ဖောင်း တွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ reverse image search tools နဲ့ google advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
‘Truthwaves7” အကောင့်ကနေ ဖြန့်ဝေထားတဲ့ ဦးကျော်သူရဲ့ ဗီဒီယိုဖိုင်ကို reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က VOA သတင်းဌာနက အင်တာဗျူးမေးမြန်းထားတဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို တွေ့ရပါတယ်။
VOA သတင်းဌာနရဲ့ သတင်း >>> https://bit.ly/3NiFFHq
သရုပ်ဆောင် ဦးကျော်သူရဲ့ ပြောဆိုချက်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပေါ်မှာ ပြောဆိုထားတာဖြစ်ပြီးတော့ ဒီဗီဒီယိုဖိုင်ကို ဖြတ်ညပ်ကတ်လုပ်ပြီးတော့ ၂၀၂၅ ဒီဇင်ဘာလမှာ စစ်အုပ်စုကကျင်းပမဲ့ ရွေးကောက်ပွဲကို ဦးကျော်သူက မဲပေးခိုင်းတယ်ဆိုပြီး ပုံစံမျိုးနဲ့ ဗီဒီယိုအဟောင်းကို သုံးပြီးတော့ ဖြန့်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် “shwemm143” ဆိုတဲ့ Tik Tok အကောင့်ကနေ ဖြန့်ဝေ ထားတဲ့ “ဖြူဖြူကျော်သိန်း” နဲ့ “ခါရာ” တို့ရဲ့ ဗီဒီယိုဖိုင်ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာလည်း ယခင်ရွေးကောက်ပွဲ ကာလတုန်းက ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တွေကို ဖြတ်ညပ်ကတ်လုပ်ထားပြီး လိုရာဆွဲဝါဒဖြန့်ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာလည်း ဖြူဖြူကျော်သိန်းနဲ့ ခါရာတို့ရဲ့ ဆိုရှယ်မီဒီယာကနေ စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထောက်ခံပြောဆိုထားတာ မရှိသလို “ဖြူဖြူကျော်သိန်း” “ခါရာ”တို့ ဟာလည်း စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။
“ဖြူဖြူကျော်သိန်း” ဖေ့ဘွတ်ခ်>>> https://bit.ly/49sPVp7 –
“ခါရာ ဖေ့ဘွတ်ခ်>>> – https://bit.ly/3MSFVgh
Mizzima သတင်းဌာနကလည်း “ရုပ်သံဖိုင်ဟောင်းများဖြင့် အနုပညာရှင်များ ရွေးကောက်ပွဲမဲပေးသည့်အမြင်ဟု သတင်းမှားဖြန့်” ဆိုပြီးတော့ အချက်အလက်စစ်ဆေးထားပါတယ်။
Mizzima သတင်းဌာနရဲ့ သတင်း>>> https://bit.ly/44LMoQg
သုံးသပ်ချက်
Youtube နဲ့ TikTok ပလက်ဖောင်းတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေကို စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ စိစစ်ကြည့်တဲ့အခါမှာတော့ ယခင်က ရွေးကောက်ပွဲကာလတုန်းက ဗီဒီယိုအဟောင်းတွေကို သုံးပြီးတော့ အနုပညာရှင်တွေက စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲကို ထောက်ခံသယောင် ဝါဒဖြန့်နေတာဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
လက်ရှိ စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ သတင်းတု သတင်းမှားတွေ ဝါဒဖြန့်ချိမှုတွေ ပျံ့နှံ့နေတာကြောင့် စာဖတ်သူတွေအနေနဲ့ သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







