ပုလောမြို့နယ်၊ ဆားခဲရွာမှာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဖြစ်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းတို့ဟာ နေအိမ်မှာ ဒီဇင်ဘာလ ၁၆ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU (မြိတ်-ထားဝယ်ခရိုင်) ဘက်ကတော့ တရားခံလို့ဆိုသူ ၄ ဦးကို ဖမ်းဆီးထားပြီး အရေးယူမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ထားတဲ့အပေါ် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ KNU ဘက်က ဖမ်းဆီးထားတဲ့သူ ၄ ဦးဟာ KNDOအချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ PDF တွေဖြစ်ပြီး လူသတ်မှုနဲ့ပတ်သက်လို့ အဲဒီ PDF တွေကို လွှဲချဖို့ KNDO က ကြိုးပမ်းနေတယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။
Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ်တွေရဲ့ ရေးသား ဖြန့်ချိမှုကို အချက်အလက် စိစစ်ကြည့်ရာမှာတော့ အချက်အလက်တွေ မှားယွင်းနေတာ စိစစ်တွေ့ရှိရပါတယ်။
Subscriber ပြုလုပ်သူ ခုနစ်ထောင်ကျော်ရှိတဲ့ နေပြည်တော်အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၂၁ ရက်မှာ စတင်ဖြန့်ချိခဲ့ပြီး မြင်တွေ့ပြီးသူ သုံးသောင်းခွဲကျော်ရှိနေပါတယ်။ အဲဒီဖော်ပြချက်ကို Truth Media နဲ့ Kyaw Swar ချန်နယ်တွေက ထပ်ဆင့် ဖြန့်ချိထားပြီး အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
နေပြည်တော် ချန်နယ်ကဖော်ပြချက်လင့်ခ် – https://archive.ph/Dhnyj
Truth Media ချန်နယ်ကဖော်ပြချက်လင့်ခ် – https://archive.ph/Qz7dh
Kyaw Swar ချန်နယ်ကဖော်ပြချက်လင့်ခ် – https://archive.ph/IYK34
ပုလောပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် ခင်ပွန်းတို့အသတ်ခံရ
ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ အသက် ၄၉ နှစ်အရွယ် ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူဟာ ဆားခဲရွာက နေအိမ်မှာ ဒီဇင်ဘာလ ၁၆ ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/EcAyM
CDM ဆရာမ ဇနီးမောင်နှံအသတ်ခံရတာနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အမှုမှန်ပေါ်ဖို့ စုံစမ်းစစ်ဆေးအရေးယူမယ်လို့ ဒီဇင်ဘာ ၁၇ ရက်က ကြေညာခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
မြိတ်ခရိုင် တပ်ရင်း ၁ ရဲ့ ထုတ်ပြန်ချက် – https://shorturl.at/yVwB0
သတ်ဖြတ်သူလို့ဆိုသူ ၄ ဦးကို ဖမ်းမိထားတယ်လို့ KNU ထုတ်ပြန်
ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်သူတွေလို့ ဆိုသူ အမျိုးသားလေးဦးကို ဖမ်းမိထားပြီး အရေးယူဖို့ လုပ်နေတယ်လို့ KNU (မြိတ်-ထားဝယ်ခရိုင်) က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသားလေးဦးဟာ KNDO အချုပ်ခန်းမှာ ချုပ်ထားတဲ့ အချုပ်သားတွေဖြစ်ပြီး ဒီဇင်ဘာလ ၁၃ ရက်မှာ အချုပ်ခန်း ဖောက်ပြေးသွားကြသူတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဇင်ဘာလ ၁၅ရက်ညနေပိုင်းမှာ အဲဒီ ၄ဦး ဟာ ဆရာမဒေါ်အေသီအောင် အိမ်မှာ ထမင်းသွားတောင်းစားချိန် မပေးတာကြောင့် ဓားနဲ့ ခုတ်သတ်ခဲ့ပြီးရွှေငွေပစ္စည်းတွေ ခိုးယူ ထွက်ပြေးသွားကြတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီထဲက ၃ ဦးကို ဒီဇင်ဘာလ ၁၇ ရက်မှာ ပြန်ဖမ်းမိပြီး ဒီဇင်ဘာလ ၁၈ ရက်မှာတော့ နောက် ၁ ဦး ထပ်ဖမ်းမိတယ်လို့ ဆိုပါတယ်။
KNU (မြိတ်-ထားဝယ်ခရိုင်) ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/TbJw8
KNU ဖမ်းထားသူ ၄ဦး ဟာ PDF မဟုတ်
KNU ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက ရေးသားဖြန့်ချိရာမှာ CDM ဆရာမ ဇနီးမောင်နှံကို သတ်ဖြတ်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၄ ဦး ဟာ PDF တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
KNU ဘက်က မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောဆိုထားရာမှာတော့ အဲဒီအချက်ကွဲလွဲနေတာကို တွေ့ရပါတယ်။ လက်ရှိဖမ်းဆီးထားတဲ့ အမျိုးသား ၄ ဦးဟာ စစ်အာဏာရှင်တပ်ရဲ့ အဓမ္မစစ်မှုထမ်း စုဆောင်းရာကနေ ထွက်ပြေး လွတ်မြောက်လာသူတွေဖြစ်တယ်လို့ KNU (မြိတ်- ထားဝယ်ခရိုင်) အတွင်းရေးမှူး ပဒိုစောအယ်နား က Dawei Watch အပါအဝင် သတင်းမီဒီယာတွေမှာ ပြောဆိုထားပါတယ်။
အဲဒီလေးဦးဟာ ပလောက်မြို့မှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ အမှတ် (၁၂) တန်းမြင့် လေ့ကျင်ရေးသင်တန်းကျောင်းကနေ ထွက်ပြေးပြီး KNU ဆီ ခိုလှုံလာသူတွေလို့ ဆိုပါတယ်။
“ထွက်ပြေးပြီးနောက်မှ ကျွန်တော်တို့ဆီ ရောက်လာတယ်။ လက်ခံထားတဲ့အချိန်မှာ သူတို့က အကျင့်မကောင်းဘူး။ ဆေးသုံးတယ်၊ ပြီးရင်ခိုးတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က အချုပ်ခန်းထဲမှာ ထည့်တယ်၊ ထည့်ထားတဲ့အချိန်မှာ ထွက်ပြေးသွားတာပေါ့နော်” လို့ ပဒိုစောအယ်နား က Dawei Watch ကို ဖြေကြားထားပါတယ်။
အခုပြောဆိုချက်ကို Dawei Watch သတင်းရဲ့ စာပိုဒ် ၆နဲ့ ၇တို့မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/3e75W
အဲဒီသူလေးဦးဟာ KNDO (ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့) တပ်ဖွဲ့ဝင်တွေ မဟုတ်သလို သာမန်အရပ်သားတွေလည်း မဟုတ်ဘဲ စစ်အာဏာရှင်တပ် စစ်မှုထမ်းစုဆောင်းရာကနေ ထွက်ပြေးပြီး လာရောက်ခိုလှုံစဥ် ကျူးလွန်ထားတဲ့ ပြစ်မှုတွေ ကြောင့် အချုပ်ချထားတဲ့ အချုပ်သားတွေဖြစ်တယ်လို့ ပဒိုစောအယ်နား က BBC မြန်မာပိုင်းသတင်းဌာနကိုလည်း ပြောဆိုထားတာ တွေ့ရပါတယ်။
“အဲဒီပြစ်မှုကျူးလွန်တဲ့သူ လေးယောက်ဟာ အရပ်သား ရိုးရိုးလည်းမဟုတ်ဘူး။ ကျွန်တော်တို့တပ်ဖွဲ့ ဝင်လည်း မဟုတ်ဘူး။ စစ်တပ်စုဆောင်းတဲ့ စစ်သားထဲမှာပါတယ်။ သူတို့ထွက်ပြေးလာတော့ KNDO တပ်ခွဲက လက်ခံတယ်။ တပ်ခွဲထဲနေချိန်မှာ သူတို့က ခိုးမှု၊ ဆေးသုံးစွဲမှုဖြစ်လို့ အချုပ်ခန်းမှာ ချုပ်ထားတာဖြစ်တယ်” လို့ ပဒိုစောအယ်နားက ဖြေကြားထားပါတယ်။
အထက်ပါ ပြောဆိုချက်ကို BBC မြန်မာပိုင်းရဲ့ သတင်းရဲ့ စာပိုဒ် ၈နဲ့ ၉တို့မှာ ကြည့်နိုင်ပါတယ်။
BBC မြန်မာပိုင်းရဲ့ သတင်းဖော်ပြချက်လင့်ခ် – https://tinyurl.com/54h6ubsj
CDM ဆရာမတို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ကျူးလွန်သူလို့ ဆိုသူ လေးဦးကိုဖမ်းမိထားတယ်ဆိုပြီး KNU က သတင်းထုတ်ပြန်ရာမှာလည်း ဒီလိုတွေကို PDF လို့ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ KNDO တပ်ရင်း (၇) ၊ တပ်ခွဲ (၅) မှာ ချုပ်နှောင်ခံထားရသူတွေလို့ပဲ ဖော်ပြပါတယ်။
ဒါ့ကြောင့် ကျူးလွန်သူဆိုပြီး KNU က ဖမ်းဆီးစစ်ဆေးနေရသူလေးဦးဟာ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်တွေက ရေးသားဖြန့်ချိသလို PDF တွေ မဟုတ်ဘူးဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
အမှုဟာ ရှုပ်ထွေးနေဆဲ
CDM ဆရာမတို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်တွေဟာ မြေပြင် အခြေအနေနဲ့ ကွဲလွဲမှုရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် KNU က ဖမ်းဆီးထားသူ လေးဦးကို KNU အပါအဝင် မြေပြင်တော်လှန်ရေးအဖွဲ့တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခွင့်မရသေးဘဲ KNU တစ်ခုတည်း ကပဲ စစ်ဆေးနေသေးတာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
အမှုနဲ့ပတ်သက်လို့ KNU ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာ၊ အမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ တောင်းဆိုတာတွေနဲ့ပတ်သက်လို့ Dawei Watch နဲ့ Myanmar Now တို့က ဖော်ပြထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://shorturl.at/3e75W
Myanmar Now သတင်းလင့်ခ် – https://shorturl.at/l9ss3
အမှုစစ်ဆေးရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပူးပေါင်းပါဝင်ခွင့်ပြုဖို့ ပညာရေးအစုအဖွဲ့တွေက တောင်းဆိုတဲ့အကြောင်း သတင်းဖော်ပြချက်ကိုလည်းအောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://tinyurl.com/r587bc2c
သုံးသပ်ချက်
CDM ဆရာမတို့ ဇနီးမောင်နှံသတ်ဖြတ်ခံရတဲ့အမှုဟာ မြေပြင်မှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ရှင်းရှင်းလင်းလင်း မသိရသေး ပေမယ့် ကျူးလွန်သူဆိုပြီးKNU က ဖမ်းဆီးထားသူ ၄ ဦးဟာ PDF တပ်ဖွဲ့ဝင်တွေ မဟုတ်မမှန်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရှိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက PDF ၄ ဦးကို KNDO က အပြစ်လွှဲချဖို့ ဖမ်းဆီးထားတယ်ဆိုပြီး ရေးသားဖြန့်ချိဝါဒဖြန့်တာဟာ နှစ်ဖက်တပ်တွေကြား နားလည်မှုလွဲမှားအောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်သလို ပြည်သူလူထုက PDF အပေါ် နားလည်မှု လွဲမှား သွားအောင် အချိန်ကိုက် ပုံဖော်သတင်းမှားဖြန့်တာအဖြစ်လည်း တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







