MFCN/The Akyab Post/ The Red Flag
Dec 22, 2025
Fact check
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာကို အာရက္ခတပ်တော် အေအေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လိုက်တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ခ် လက်ဖောင်းမှာပါ ပျံံ့နှံ့လျက် ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Ka Ka Han ချန်နယ်ကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ Maungdaw Daily News အရံ ဆိုတဲ့ Facebook Page မှာ Screenshot နဲ့အတူ “ဘင်္ဂါလီတွေ နေထိုင်နေကြတဲ့ စစ်တွေမြို့ပြင်ရှိ သက္ကေပြင်ကျေးရွာကို AA အကြမ်းဖက်အဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဘင်္ဂါလီ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးက ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့တယ်တဲ့…ကဲ..ပြောကြစမ်းပါဦး အော်ကြစမ်းပါဦး အနောက်အုပ်စုက လူ့အခွင့်အရေးဆိုတဲ့ဟာတွေ…အရပ်သားတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ AA အကြမ်းဖက်အဖွဲ့ကို မချေမှုန်းရင် ဒီလိုမျိုးတွေဖြစ်နေဦးမှာဖြစ်လို့ ဘယ်သူဘာအော်အော် AA ရှိတဲ့နေရာတိုင်းကို ဗုံးကြဲချေမှုန်းနေဦးမှာပဲ…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
Ka Ka Han – https://archive.ph/wip/MyBQr
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၈၆၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၆၃ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
Ka Ka Han ချန်နယ်နဲ့ Maungdaw Daily News အရံချန်နယ်တွေကနေ ဖြန့်ထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
◾️ သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ကနေ Google Advanced Search Tools နဲ့ reversed image search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “စစ်တွေမြို့တိုက်ပွဲ”ဆိုတဲ့ Keywords နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara ကနေ ဒီဇင်ဘာလ ၅ ရက်နေ့မှာ “
AA ပစ်ခတ်တဲ့လက်နက်ကြီးကျည် စစ်တွေကတပ်ရင်းတွေအတွင်း ကျရောက်ပေါက်ကွဲလို့ စစ်ကောင်မရှင်တပ်သားတွေ သေဆုံး” ဆိုတဲ့ သတင်းကို တွေ့ရပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “ အေအေထိန်းချုပ်ထားတဲ့ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တွေကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အေအေဖက်ကနေလည်း စစ်တွေမြို့မှ ဒကစတပ်နဲ့ စစ်တပ်ဝင်းထဲကို အပြန်အလှန်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးမှုရှိတယ်လို့ “ ဖော်ပြထားပါတယ်။
Narinjara သတင်းအပြည့်အစုံ – https://www.youtube.com/watch?v=U2lflPE2aeE
ဒါ့အပြင် အခြား သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB ကနေလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ “အာရက္ခတပ်တော် AA က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဒကစ ဌာနချုပ်၊ ခုတင် ၁၀၀ စစ်ဆေးရုံနဲ့ တပ်ရင်းဌာနချုပ်တွေမှာ ကျရောက်ပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရာနဲ့ချီရှိတယ် လို့ ရေးသားဖော်ပြထားပါတယ်။
DVB သတင်းအပြည့်အစုံ – https://burmese.dvb.no/post/738210
ဒီသတင်းကိုပဲ ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Ayeyarwaddy Times ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ “စစ်တွေမြို့ရှိ စစ်ကော်မရှင်ရဲ့ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ်ကို AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲတဲ့အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုများတယ်လို့ သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။
Ayeyarwaddy Times သတင်းအပြည့်အစုံ – https://www.facebook.com/reel/1397784105208586
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ “Maungdaw Daily News အရံ” page ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီးတော့ သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ထားတဲ့ သတင်းဌာနအယောင်အဆောင် page တစ်ခုဖြစ်နေတဲ့အပြင် ယခင်ကလည်း လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့တာကို Akyab Post ဖက်ကနေ စစ်ဆေးနိုင်ခဲ့ပါတယ်။
Akyab Post – https://www.facebook.com/share/v/1DHyZ3vSXT/
အထက်မှာဖော်ပြခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေ ကိုကြည့်မယ်ဆိုရင် အာရက္ခတပ်တော် အေအေမှ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း ဒကစထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့ အချက်ကိုသာ တွေ့ရှိရပြီး အေအေဖက်မှနေ ပစ်ခတ်တာကြောင့် ရိုဟင်ဂျာကလေးငယ်တစ်ဦး သေဆုံးဆိုပြီးတော့ ရေးသားဖော်ပြထားတာကို မတွေ့ရှိရပါဘူး။
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ ပစ်ခတ်လိုက်တာကြောင့် ရိုဟင်ဂျာကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်ဆိုတဲ့ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ Maungdaw Daily News အရံ ဆိုတဲ့ Page ဟာ လိုအပ်သလို ပုံဖော်ရေးသားပြီး လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာတွေနဲ့ အဆူ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။







