ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Pii Videos ဆိုတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာက “ နေပြည်တော်ရှိ စစ်တပ်ဝန်ထမ်းအိမ်ရာတွေကို AAပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်တယ်” ဆိုပြီးတော့ ဗီဒီယိုတစ်ခုဖန်တီးပြီး သတင်းအမှားဖြန့်ဝေနေပါတယ်။
အဲ့ဒီ ဗီဒီယိုတစ်ခုကို ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Pii Videos ဆိုတဲ့ စာမျက်နှာက စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး Likeပြုလုပ်သူ – ၃၁၀၀၀နဲ့ ပြန်လည်မျှဝေသူ ၁၀၀၀ကျော်ရှိနေပြီး ပျံ့နှံ့မှုများနေပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှူနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့အကြောင်းအရာ >>>>https://bit.ly/4qfQecF
အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMက အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တွေနဲ့ကြည့်ရှုသူကိုဆွဲဆောင်ပြီး ငွေရှာနေတဲ့ Clickbait သတင်းဖြစ်နေတယ်ဆိုတာကိုစိစစ်တွေ့ရှိခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်
အဲ့ဒီ သတင်းဗီဒီယိုမှာ “ဒေသခံမျက်မြင်များက ဆိုပါတယ်” ဆိုပြီးဖော်ပြထားပြီးတော့ “ သတင်းအရင်းအမြစ်ရဲ့ စကားသံတွေကို အတိအကျဖော်ပြထားခြင်း မရှိတဲ့ အခြေအနေဖြစ်နေပြီး အချက်အလက်အတည်ပြုနိုင်တဲ့ အထောက်အထားတွေ မရှိပါဘူး။
ဖြန့်ဝေထားတဲ့ဗီဒီယိုထဲမှာပါဝင်တဲ့ အေအေနဲ့ပူးပေါင်းတပ်တွေက နေပြည်တော်စစ်တပ်ဝန်ထမ်းအိမ်ယာ ကို တိုက်ခိုက်ခဲ့တယ်ဆိုတာကို ရက္ခိုင့်တပ်တော်အေအေကလည်း သတင်းထုတ်ပြန်ထားတာမျိုးလုံးဝ မတွေ့ရပါဘူး။
အေအေရဲ့သတင်းထုတ်ပြန်တဲ့တယ်လီဂရမ်ချန်နယ်>>> https://bit.ly/48RDtiN
ဒါ့အပြင်အဲ့ဒီ Pii Videos ဆိုတဲ့ ဖေ့ဘွတ်မျက်နှာက ဖော်ပြထားတဲ့ သတင်းအကြောင်းအရာနဲ့ပတ် သက်ပြီး ယုံကြည်စိတ်ချရတဲ့ လွတ်လပ်တဲ့ မီဒီယာသတင်းဌာနတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်းသတင်း ဖော်ပြထားခြင်း မရှိတာကိုစိစစ်တွေ့ရှိရပါတယ်။
သတင်းခေါင်းစဉ်မှာ အသုံးပြုထားတဲ့ စကားလုံးတွေဟာ ဖတ်ရှု့သူ၊ နားထောင်သူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ပြီးဖန်တီးထားတဲ့ Clickbait ပုံစံဖြစ်ကြောင်း တွေ့ရပါတယ်။
အဲ့ဒီ ဗီဒီယိုမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google Reverse Image Search နဲ့ အင်တာနက်ပေါ်မှာ ပြန်ပြီးရှာဖွေကြည့်တဲ့အခါမှာ ဓာတ်ပုံအဟောင်းတွေကို ပြန်လည်အသုံးပြု ထားတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
သုံးသပ်ချက်
အဲ့ဒီ Pii Videos ဆိုတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာဟာ ပြည်သူတွေရဲ့ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ဖို့ Clickbait ဆန်တဲ့ သတင်းခေါင်းစဉ်တွေနဲ့ မီဒီယာအယောင်ဆောင်ပြီး သတင်းတွေ တင်ဆက်နေတာကို တွေ့ရှိရပါတယ်။ သတင်းခေါင်းစဉ်တွေကိုလည်း ကြည့်ရှူသူတွေကိုဆွဲဆောင်နိုင်ဖို့ အတွက် ချဲ့ကားထားတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
ဒါအပြင် Pii Videos ဆိုတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာဟာ သတင်းအတုသတင်းအမှားတွေကို ဖန်တီးပြီး ငွေရှာနေတဲ့ သတင်းမီဒီယာအယောင်ဆောင်ဖြစ်ပါတယ်။
ဒါကြောင့် Pii Videos ဆိုတဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာက ဖော်ပြထားတဲ့ “ နေပြည်တော်ရှိ စစ်တပ်ဝန်ထမ်းအိမ်ရာကို AA ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်” ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ အခုလို ဒီဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်တာတွေ သိလိုရင်ဖြစ်ဖြစ် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက် တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲ ဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ်FMရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork







